စတာလင်းကိုပေါင် ၃၅ ဒသမ ၅ သန်းဖြင့်မန်စီးတီးတိုးမြှင့်ကမ်းလှမ်း

စတာလင်းကိုပေါင် ၃၅ ဒသမ ၅ သန်းဖြင့်မန်စီးတီးတိုးမြှင့်ကမ်းလှမ်း

ဇွန် ၁၈၊ မန်ချက်စတာ။ ။ မန်စီးတီးအသင်းသည် စတာလင်းကို ပေါင် ၃၅ ဒသမ ၅ သန်းကျော်ဖြင့် တိုးမြှင့်ကမ်းလှမ်းထားပြီး ယခုတစ်ကြိမ်တွင်လည်း လီဗာပူးလ်အသင်း၏ ငြင်းဆန်ပယ်ချခြင်းနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

အာဆင်နယ်နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ကလည်း စိတ်ဝင်စားနေသည့် အသက် ၂၀ အရွယ်အင်္ဂလန်ရှေ့တန်းကစားသမား စတာလင်း၏ တန်ဖိုးကို လီဗာပူးလ်အသင်းက ပေါင်သန်း ၅၀ သတ်မှတ်ထားသောကြောင့်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က မန်စီးတီးမှကမ်းလှမ်းလာသည့် ပေါင် ၂၅ သန်း၊ ထပ်ဆောင်းငွေ ၅ သန်းတို့ကို ပယ်ချထားခဲ့သည်။

ကမ်းလှမ်းမှုအသစ်မှာ အခြေခံအားဖြင့် ပေါင် ၃၅ ဒသမ ၅ သန်းဖြစ်ပြီး အပိုထပ်ဆောင်းငွေများဖြင့်ပေါင်းပါက ပေါင်သန်း ၄၀ နီးပါးထိရှိနိုင်သည်ဟု ဘီဘီစီသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

၂၀၁၀ ခုနှစ်တွင်ကျူပီအာမှပြောင်းလာသည့် စတာလင်းသည် လီဗာပူးလ်အသင်းနှင့် ၂၀၁၇ အထိစာချုပ်သက်တမ်းကျန်နေသေးပြီး တစ်ပတ် လုပ်ခ ပေါင်တစ်သိန်းဖြင့် ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို ငြင်းဆန်ထားသည်။

လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက စတာလင်းအနေဖြင့် လက်ကျန်စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အန်ဖီးလ်တွင်သာဆက်ရှိနေမည် ဟု မျှော်လင့်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြောထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly