အဖွားဖြစ်သူရဲ့ရှေ့မှာ ဘက်တစ်ကစားသမားသစ်မိတ်ဆက်ပွဲလုပ်ခဲ့တဲ့ ဗန်ဒါဗတ်

အဖွားဖြစ်သူရဲ့ရှေ့မှာ ဘက်တစ်ကစားသမားသစ်မိတ်ဆက်ပွဲလုပ်ခဲ့တဲ့ ဗန်ဒါဗတ်

ဇွန် ၁၇၊ ဆီဗီလာ။ ။ ရီးယဲလ်ဘက်တစ်ကစားသမားသစ်အဖြစ်မိတ်ဆက်ပွဲပြုလုပ်ခဲ့တဲ့ ဗန်ဒါဗတ်ဟာ အထူးပရိသတ်တစ်ဦးရဲ့ အားပေးမှုကိုလည်း ခံခဲ့ရပါတယ်။ ကွင်းထဲကိုဝင်လာတဲ့ ဗန်ဒါဗတ်ကို အဖွားဖြစ်သူက နည်းပြခုံတန်းကနေ အားပေးခဲ့သလို  ဗန်ဒါဗတ်ကလည်း အဖွားဖြစ်သူဆီသွားပြီး အနမ်းနဲ့ နှုတ်ဆက်ခဲ့ပါတယ်။

သူ့အတွက်တော့ မြေးဖြစ်သူရဲ့ မိတ်ဆက်ပွဲကိုကြည့်ရလို့ ပျော်စရာကောင်းတာဖြစ်နိုင်သလို ခက်ခဲတဲ့ရာသီကိုဖြတ်သန်းခဲ့ရတဲ့ ဟမ်းဘတ်အသင်းနဲ့ အဆုံးသတ်နိုင်ခဲ့လို့ စိတ်သက်သာရာရခဲ့တာလည်းဖြစ်နိုင်ပါတယ်။

စပါးကစားသမားဟောင်း ဗန်ဒါဗတ်ဟာ တန်းဆင်းရမယ့်အရေးကကပ်ပြီးရှောင်လွှဲနိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါကလပ် ဟမ်းဘတ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဟမ်းဘတ်အသင်းမှာခြေစွမ်းမပြနိုင်လို့ အဲဒီနယ်သာလန်လက်ရွေးစင်ဟောင်းဟာ ဘွန်ဒက်စ်လီဂါရဲ့ ခြေစွမ်းအညံ့ ဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါသေးတယ်။

နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ ဗန်ဒါဗတ်ဟာ စပိန်လာလီဂါကလပ် ရီးယဲလ်ဘက်တစ်အသင်းထံ သုံးနှစ်စာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ တာဖြစ်ပြီး သူ့ရဲ့မိတ်ဆက်ပွဲကို ပရိသတ်ထောင်ပေါင်းများစွာ လာရောက်အားပေးခဲ့ကြပါတယ်။

"အသင်းကိုရောက်လာရလို့ သိပ်ပျော်ပါတယ်။ ထိပ်သီးအသင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တကယ်ပဲ ကစားပေးချင်ပါတယ်။ ကျွန်တော့် မိသားစုက ဒီမြို့နဲ့နီးတဲ့ ချီကလာနာမှာနေကြတာဖြစ်ပြီး ဘက်တစ်မှာကစားဖို့က ကျွန်တော့်ရဲ့အိပ်မက်ဖြစ်ပါတယ်။ ပြီးတော့ စပိန်ဘောလုံး လောကကိုလည်း နှစ်သက်ပါတယ်"လို့ ဗန်ဒါဗတ်က အသင်းပိုင်ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်မှာလည်းကစားခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားဟောင်းဟာ စပိန်လူမျိုးမိခင်နဲ့ ဒတ်ချ်လူမျိုးဖခင်တို့က မွေးဖွားခဲ့ပြီး လက်ရွေးစင်အဖြစ်ကစားတဲ့အခါမှာတော့ နယ်သာလန်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အဖိုး ဂါစီယာပီချီနဲ့ အဖွား ဒေါ်လိုရက်စ်တို့ဟာ ဆီဗီလာမြို့အနီးက သူ့မိခင်မွေးဖွားရာအရပ်မှာ နေထိုင်ကြတာဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly