၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း ရှုံးပွဲမရှိစံချိန်တင်ခဲ့သည့် အင်္ဂလန်အသင်း

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း ရှုံးပွဲမရှိစံချိန်တင်ခဲ့သည့် အင်္ဂလန်အသင်း

အင်္ဂလန်၊ ဇွန် ၁၅။ ။ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွင် ဆလိုဗေးနီးယားအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်အသင်းသည် ၂၀၁၄-၁၅ တစ်ရာသီလုံး ရှုံးပွဲမရှိခဲ့သည့်အတွက် ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲမရှိသည့်ရာသီအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

အင်္ဂလန်အသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ယခု ဆလိုဗေးနီးယားနှင့် ပွဲမတိုင်မီအထိ ပွဲပေါင်း ကိုးပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၇ ပွဲ အနိုင်ရခဲ့ပြီး ၂ ပွဲ သရေ ကျခဲ့သည်။ နော်ဝေ၊ စကော့တလန်၊ အီတလီ၊ အိုင်ယာလန်တို့ကို ခြေစမ်းပွဲများတွင် လည်းကောင်း၊ ဆွစ်ဇာလန်၊ ဆန်မာရီနို၊ အက်စ်တိုးနီးယား၊ ဆလိုဗေးနီးယားနှင့် လစ်သူယေးနီးယားတို့ကို ယူရိုခြေစစ်ပွဲတွင်လည်းကောင်း မရှုံးအောင် ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။

နည်းပြရွိုင်းဟော့ဒ်ဆန်၏ အင်္ဂလန်အသင်းသည် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွင် ကစားပြီးခဲ့သည့် ခြောက်ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိခဲ့ပြီး လာမည့်နှစ်တွင် ပြင်သစ်မြေသို့ ခြေချရန် သေချာသလောက် ရှိနေပြီဖြစ်သည်။

ဆလိုဗေးနီးယားနှင့်ပွဲတွင် အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးများကို ဝီလ်ရှီးယားကနှစ်ဂိုး၊ ဝိန်းရွန်နီက တစ်ဂိုး သွင်းယူပေးခဲ့ကြသည်။ ဝီလ်ရှီးယားသည် အင်္ဂလန်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခြင်း ဖြစ်ပြီး ဝိန်းရွန်နီမှာ ဂယ်ရီလိုင်နီကာ၏ ၄၈ ဂိုး စံချိန်ကို လိုက်မီသွားပြီ ဖြစ်သည်။ ထို့ကြောင့် ရွန်နီသည် စက်တင်ဘာလတွင် ကစားရမည့် ဆန်မာရီနိုနှင့် ပွဲစဉ်တွင် အင်္ဂလန်အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားသည့် ဆာဘော်ဘီချာလ်တန်၏ ၄၉ ဂိုးစံချိန်ကို လိုက်မီရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။

အင်္ဂလန်အသင်းသည် ရှုံးပွဲမရှိကစားနိုင်ခဲ့သည့် ထိုပွဲစဉ်အားလုံးတွင် ၂၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး ငါးဂိုးသာ ပြန်ပေးခဲ့ရသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly