ပီအက်စ်ဗွီတောင်ပံကစားသမား ဒီပေးကို ပေါင် ၃၁ သန်းဖြင့် မန်ယူတရားဝင်ခေါ်ယူ

ပီအက်စ်ဗွီတောင်ပံကစားသမား ဒီပေးကို ပေါင် ၃၁ သန်းဖြင့် မန်ယူတရားဝင်ခေါ်ယူ

ဇွန် ၁၃၊ မန်ချက်စတာ။ မန်ယူအသင်းသည် ပီအက်စ်ဗွီအသင်းမှ နယ်သာလန်တောင်ပံကစားသမား ဒီပေးကို ပြောင်းရွှေ့ကြေးပေါင် ၃၁ သန်းဖြင့် တရားဝင်ခေါ်ယူ လိုက်ပြီဖြစ်သည်။ ဒီပေး၏ပြောင်းရွှေ့ကြေးကို ဘီဘီစီက ပေါင် ၃၁ သန်းဟုဖော်ပြထားသော်လည်း ဒေးလီးမေးလ်သတင်းစာကမူ ၂၅ သန်း ဟု ဖော်ပြခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဒီပေးသည် မန်ယူအသင်းနှင့် နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ "ကျွန်တော့်အတွက် အိပ်မက်တွေအကောင်အထည်ပေါ်လာတာပါ။ ကျွန်တော့်ဘဝရဲ့ စာမျက်နှာသစ်တစ်ခုဖြစ်ပြီး ရှေ့ဆက်တိုးတက်ဖို့ ကြိုးစားသွားမှာပါ"ဟု ဒီပေးကပြောသည်။

မန်ယူအသင်းနည်းပြ လူးဝစ်ဗန်ဟားလ်ကလည်း ယင်းနယ်သာလန်လက်ရွေးစင်ကစားသမားသည် မန်ယူအသင်းအတွင် အကျော်အမော်တစ်ဦးအဖြစ်တိုးတက်လာမည့်သူဟု ရည်ညွှန်းထားသည်။

ဒီပေးသည်ပြီးခဲ့သည့်လကတည်းက မန်ယူအသင်းတွင်ဆေးစစ်မှုခံယူ အောင်မြင်ခဲ့ပြီး လက်ရှိအချိန်မှသာ တရားဝင်စာချုပ်လိုက်ခြင်းဖြစ်သည်။ ၎င်းသည်ပြီးခဲ့သည့်ရာသီက ပီအက်စ်ဗွီအသင်းအတွက် ဂိုးပေါင်း ၂၂ ဂိုး သွင်းယူခဲ့ပြီး နယ်သာလန်လိဂ်ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့သလို ပီအက်စ်ဗွီအသင်းသည်လည်း ၂၀၀၈ နောက်ပိုင်း ပထမဆုံးအမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့သည်။

"ကျွန်တော် ၁၂ နှစ်သားကတည်းက ရှိနေခွင့်ပေးခဲ့တဲ့ ပီအက်စ်ဗွီအသင်းကို အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်"ဟု နယ်သာလန် လက်ရွေးစင်အဖြစ် ၁၆ ပွဲကစား ထားသည့် ဒီပေးကဆိုခဲ့ပြီး "လိဂ်ဖလားဗိုလ်စွဲတဲ့ အခိုက်ဟာ သိပ်ပျော်ရတဲ့အချိန်ဖြစ်ပြီး ဖလားရအသင်းမှာ ပါခွင့်ရခဲ့လို့လည်း ပျော်ပါတယ်"ဟု ဖြည့်စွက်ပြောသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly