တစ်နှစ်အတွင်းကမ္ဘာ့ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် မေဝဲလ်သာရပ်တည်

တစ်နှစ်အတွင်းကမ္ဘာ့ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် မေဝဲလ်သာရပ်တည်

ဇွန် ၁၁၊ လက်ဗီးဂတ်စ်။ ။ တစ်နှစ်တာအတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအားကစားသမားမှာ လက်ဝှေ့အကျော်အမော် မေဝဲလ်သာဖြစ်သည်ဟု စီးပွားရေးမဂ္ဂဇင်း ဖော့ဘ်စ်က ဖော်ပြလိုက်သည်။

ပြီးခဲ့သည့်နှစ်ကလည်း ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သော မေဝဲလ်သာသည် ယခုနှစ်တွင်လည်း ဒေါ်လာသန်း ၃၀၀ ဖြင့်ထိပ်ဆုံးမှ ဆက်လက်ရပ်တည်နိုင်ခြင်းဖြစ်သည်။

မေဝဲလ်သာ၏ဝင်ငွေအများစုမှာ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီယိုနှင့်ထိုးသတ်ရာမှ ရရှိခဲ့ခြင်းဖြစ်ပြီး ပက်ကွီယိုသည်လည်း ဝင်ငွေဒေါ်လာသန်း ၁၆၀ ဖြင့် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ယင်းလက်ဝှေ့ကျော်နှစ်ဦး၏နောက်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘောလုံးအကျော်အမော် စီရော်နယ်ဒိုက ဝင်ငွေဒေါ်လာ ၇၉ ဒသမ ၆ သန်းဖြင့် တတိယနေရာ၌ ရှိနေခဲ့သည်။ စီရော်နယ်၏ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဝင်ငွေဒေါ်လာ ၇၃ ဒသမ ၈ သန်းဖြင့် စတုတ္ထနေရာ၌ ရှိနေသည်။

ဒဏ်ရာများရရှိခဲ့ပြီး လက်စွမ်းလည်းကျဆင်းခဲ့ရသော်လည်း ဂေါက်ဖ်အကျော်အမော်တိုက်ဂါးဝုဒ်သည် ဝင်ငွေ ဒေါ်လာသန်း ၅၀ ဖြင့် ဝင်ငွေအကောင်းဆုံး ကစားသမား ၁၀ ဦးစာရင်းဝင်နေသေးသည်။

ယင်းစာရင်းမှာ အားကစားသမားများတစ်နှစ်အတွင်းရရှိသော လစာ၊ ဆုကြေး၊ ပွဲထွက်ကြေးနှင့် အခြားမှရငွေများကို အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။

ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းတွင် မြောက်အိုင်ယာလန်ဂေါက်ဖ်အကျော်အမော် မက်အီရွိုင်း၊ ဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန်တို့လည်းပါဝင်နေပြီး ဝေးလ်လက်ရွေးစင် ရီးယဲလ်မက်ဒရစ်ဘောလုံးသမား ဂါရတ်ဘေးလ်သည်လည်း ဝင်ငွေအများဆုံး ဗြိတိန်ဘောလုံးသမားအဖြစ် ဒေါ်လာ ၂၅ ဒသမ ၅ သန်းဖြင့် အဆင့် ၁၈ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

တစ်နှစ်အတွင်းဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦး

-------------------------------------------------------------

စဉ်        အမည်               အားကစား          ဒေါ်လာ(သန်း)

၁          မေဝဲလ်သာ          လက်ဝှေ့             ၃၀၀

၂          ပက်ကီယောင်း     လက်ဝှေ့             ၁၆၀

၃          စီရော်နယ်ဒို         ဘောလုံး             ၇၉.၆

၄          မက်ဆီ               ဘောလုံး             ၇၃.၈

၅          ဖက်ဒါရာ             တင်းနစ်              ၆၇

၆          လီဘရွန်ဂျိမ်းစ်      ဘတ်စကတ်ဘော ၆၄.၈

၇          ကီဗင်ဒါရန့်          ဘတ်စကတ်ဘော ၅၄.၁

၈          ဖီးလ်မစ်ကယ်ဆင် ဂေါက်ဖ်              ၅၀.၈

၉          တိုက်ဂါးဝုဒ်          ဂေါက်ဖ်              ၅၀.၆

၁၀        ကိုဘီဘရိုင်ယန်    ဘတ်စကတ်ဘော ၄၉.၅

Ref : BBC, Forbes

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly