အင်္ဂလန်နည်းပြဟောင်း မက္ကလာရင်ကို နည်းပြအဖြစ် နယူးကာဆယ် တရားဝင်ခန့်အပ်

အင်္ဂလန်နည်းပြဟောင်း မက္ကလာရင်ကို နည်းပြအဖြစ် နယူးကာဆယ် တရားဝင်ခန့်အပ်

အင်္ဂလန်၊ ဇွန် ၁၁။ ။ နယူးကာဆယ်အသင်းသည် အင်္ဂလန်နည်းပြဟောင်း မက္ကလာရင်ကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သည်။ အသက် ၅၄ နှစ် အရွယ်ရှိ မက္ကလာရင်သည် နယူးကာဆယ်အသင်း၏ ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင် ပယ်ချခဲ့သော်လည်း နောက်ဆုံးတွင် လက်ခံလိုက်ခြင်း ဖြစ်သည်။

နယူးကာဆယ်အသင်းသည် ဂျွန်ကာဗာကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် မက္ကလာရင်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ မက္ကလာရင်ကို သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အောင်မြင်မှု ရရှိပါက ရှစ်နှစ်အထိသက်တမ်းတိုးစာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

စာချုပ်ချုပ်ဆိုပြီးနောက်တွင် မက္ကလာရင်က ဆုဖလားများဆွတ်ခူးရန် နယူးကာဆယ်သို့ လာရောက်ခြင်း ဖြစ်ကြောင်း ပြောသည်။ 'ဒီနေရာမှာ အလုပ်တွေ အများကြီး လုပ်ဖို့ရှိပါတယ်။ ဒါပေမဲ့ ဒီအသင်းရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ သူတို့ဟာ အောင်မြင်မှုကို စောင့်ဆိုင်းနေတာပါ။ ဒီအသင်းမှာ အောင်မြင်မှုမရနိုင်ဘူးလို့ မယုံကြည်ရင် ဒီနေရာကို ကျွန်တော် မလာပါဘူး။ ဒီအသင်းဟာ ဆုဖလားရရှိဖို့ စောင့်နေရတာ အလွန်ကြာမြင့်ခဲ့ပါပြီ။ ဆုဖလားရရှိဖို့က ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်ပါပဲ' ဟု မက္ကလာရင်က ပြောသည်။

နယူးကာဆယ်အသင်းသည် ၁၉၅၅ ခုနှစ်က အက်ဖ်အေဖလားကို နောက်ဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။ 'ကျွန်တော်ဟာ နည်းပြတစ်ဦးအနေနဲ့ ဆုဖလားတွေ ရရှိခဲ့ပြီးပါပြီ။ နယူးကာဆယ်လိုအသင်းအနေနဲ့ ရှုံးထွက်ဖလားတွေကို ရရှိသင့်သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ရှစ်အတွင်း ဝင်နေသင့်ပါတယ်' ဟု မက္ကလာရင်က ဆိုခဲ့သေးသည်။

နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေက မက္ကလာရင်အနေဖြင့် ရာသီသစ်အတွက် ပြင်ဆင်နိုင်ရန် တတ်နိုင်သလောက် အပြောင်းအရွှေ့အသုံးစရိတ် အသုံးပြုခွင့်ပေးမည်ဟု ဆိုသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly