ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ရန် မန်ယူအသင်း ပေါင်သန်း ၂၀၀ အသုံးပြုလိ့မ်မည်ဟု ဗန်ပါစီ ပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ရန် မန်ယူအသင်း ပေါင်သန်း ၂၀၀ အသုံးပြုလိ့မ်မည်ဟု ဗန်ပါစီ ပြော

အင်္ဂလန်၊ ဇွန် ၈။ ။ မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းထံမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ယခု အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၂၀၀ အသုံးပြုလိမ့်မည်ဟု တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီက ပြောဆိုလိုက်သည်။

မန်ယူနည်းပြ ဗန်ဟားလ်သည် ပြီးခဲ့သည့်ရာသီက ငွေကြေးများစွာအသုံးပြုပြီး ထိပ်သီးကစားသမားများကို ခေါ်ယူခဲ့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာသာ ရရှိခဲ့သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ရာသီက ဒီမာရီယာကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့သလို ဖယ်လ်ကာအိုကိုလည်း လစာငွေများစွာဖြင့် အငှားခေါ်ယူခဲ့သည်။ ထို့အပြင် ရိုဟို၊ လုခ်ရှော၊ ဟာရဲရားနှင့် ဒါလေဘလိုင်းတို့ကိုလည်း ငွေကြေးများစွာအသုံးပြုပြီး ခေါ်ယူခဲ့သည်။

ထိုကဲ့သို့ ငွေကြေးများစွာအသုံးပြုခဲ့သော်လည်း မန်ယူအသင်းမှာ ချန်ပီယံချယ်လ်ဆီးအသင်းနှင့် ရမှတ် ၁၇ မှတ်အထိကွာဟခဲ့သည်။

ဗန်ပါစီက 'ပြီးခဲ့တဲ့ ရာသီက ပေါင်သန်း ၂၀၀ အသုံးပြုခဲ့သလို ဒီရာသီမှာလည်း မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ဖို့  ပေါင်သန်း ၂၀၀ လောက်အသုံးပြုဦးမှာပါ' ဟု နယ်သာလန်တိုက်စစ်မှူးက အမေရိကန်ကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ခြေစမ်းပွဲအပြီးတွင် ပြောဆိုခဲ့သည်။

ထို့အပြင် ဗန်ပါစီက ၎င်း၏ မန်ယူကစားသမားဘဝအနာဂတ်မှာ သေချာမှုမရှိကြောင်းလည်း ပြောသည်။ 'ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က လာမယ့် ရာသီမှာ ပွဲများများကစားခွင့် ရရှိဖို့ပါ။ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးကြံ့ခိုင်မှုကို ရရှိနေပါတယ်။ လာမယ့်ယူရိုပြိုင်ပွဲအတွက် အကူအညီရစေဖို့ ပွဲများများကစားဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ အနာဂတ်ကို ဆုံးဖြတ်ဖို့ အရာရာကို စဉ်းစားချင့်ချိန်သွားမှာပါ။ လက်ရှိအခြေအနေကိုလည်း ကျွန်တော် အပြည့်အဝနားလည်ပါတယ်' ဟု ဗန်ပါစီက ပြောသည်။

မန်ယူအသင်းသည် ရာသီသစ်အတွက် နယ်သာလန်တိုက်စစ်ကစားသမား ဒီပေးကို ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly