ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ဘာစီလိုနာအသင်း၏ စံချိန်များ

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ဘာစီလိုနာအသင်း၏ စံချိန်များ

ဘာလင်၊ ဇွန် ၇။ ။ ဘာလင်မြို့တွင် ကျင်းပခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဂျူဗင်တပ်စ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် ဘာစီလိုနာအသင်းသည် စံချိန်များစွာကို ချိုးနိုင်ခဲ့သည်။

ထိုပွဲတွင် အနိုင်ရခဲ့သောကြောင့် ဘာစီလိုနာအသင်းသည် တစ်ရာသီအတွင်း စံချိန်တင်ဆုဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့သည်။ ချန်ပီယံလိဂ်နှင့် ပြည်တွင်းဖလားနှစ်လုံးကို ဆွတ်ခူးနိုင်သည့် အသင်းပေါင်း ရှစ်သင်း ရှိခဲ့ရာတွင် ဘာစီလိုနာအသင်းမှာ နှစ်ကြိမ်မြောက် ဗိုလ်စွဲနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘာစီလိုနာကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ဝင်ရောက်ကစားခဲ့သော ဇာဗီမှာလည်း ဆုဖလားပိုက်၍ လှပစွာ အဆုံးသတ်နိုင်ခဲ့သည့်အပြင် ချန်ပီယံလိဂ်ပွဲပေါင်း ၁၅၁ ပွဲဖြင့် သမိုင်းတစ်လျှောက်ပွဲအများဆုံး ကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မက်ဆီ၊ ဆွာရက်ဇ်နှင့် နေမာတို့၏ ယခုရာသီ စုစုပေါင်း သွင်းဂိုးမှာ ၁၂၂ ဂိုးအထိရှိခဲ့ပြီး ဥရောပတွင် ဂိုးသွင်းအများဆုံး တိုက်စစ်တွဲ အဖြစ်လည်း မှတ်တမ်းသစ်ရေးနိုင်ခဲ့သည်။ ၎င်းတို့သုံးဦး၏ ယခုရာသီ ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်းမှာ ၂၇ ဂိုးဖြစ်သည်။ မက်ဆီနှင့် နေမာတို့မှာ ၁၀ ဂိုးစီသွင်းယူခဲ့ပြီး ဆွာရက်ဇ်က ၇ ဂိုးသွင်းခဲ့သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသင်းတစ်သင်းတည်းမှ ကစားသမားနှစ်ဦးက ၁၀ ဂိုးသွင်းယူနိုင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ဖလားကို ငါးကြိမ်မြောက်ရရှိခြင်း ဖြစ်ပြီး ၎င်းတို့၏အထက်တွင် ရီးယဲလ်(၁၀ ကြိမ်)နှင့် အေစီမီလန်(၇ ကြိမ်) တို့သာ ကျန်ရှိတော့သည်။ ဘာစီလိုနာအသင်းမှာ နောက်ဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲ လေးကြိမ်စလုံးကို အနိုင်ရခဲ့သည်။ ဂျူဗင်တပ်စ်အသင်းမှာမူ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ လေးပွဲစလုံးကို အရေးနိမ့်ခဲ့ရသည်။

မက်ဆီနှင့် အင်နီယေစတာတို့မှာ ယခုနှစ်ပြိုင်ပွဲတွင် ဖန်တီးမှုအများဆုံးကစားသမားဖြစ်သည်။ မက်ဆီက ခြောက်ကြိမ်၊ အင်နီယေစတာက ငါးကြိမ်ဖန်တီးခဲ့သည်။ အင်နီယေစတာသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲ သုံးပွဲတွင် ဆက်တိုက်ဖန်တီးမှု ပြုလုပ်နိုင်သည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly