ပီအက်စ်ဂျီမှစိတ်ဝင်စားနေသော်လည်း မန်ယူတွင်သာဆက်နေမည်ဟု ဒီမာရီယာအတည်ပြု

ပီအက်စ်ဂျီမှစိတ်ဝင်စားနေသော်လည်း မန်ယူတွင်သာဆက်နေမည်ဟု ဒီမာရီယာအတည်ပြု

ဇွန် ၆၊ မန်ချက်စတာ။ ။ ပြင်သစ်ချန်ပီယံပီအက်စ်ဂျီအသင်းမှစိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်တွင်ရုန်းကန်ခဲ့ရသော်လည်း လာမည့်ရာသီတွင်မန်ယူအသင်း၌သာ ဆက်ကစားသွားမည်ဟု ဒီမာရီယာကပြောဆိုလိုက်သည်။

အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာသည်ပြီးခဲ့သည့်ရာသီက မန်ယူအသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သော ပေါင်သန်း ၆၀ ဖြင့်ရီးယဲလ်မက်ဒရစ်မှပြောင်းလာခဲ့သော်လည်း ရာသီအစပိုင်းတွင်သာခြေစွမ်းပြနိုင်ခဲ့ပြီး တစ်ရာသီလုံးရုန်းကန်ခဲ့ရသည်။

မန်ယူအသင်းအနေဖြင့် ဆုံးရှုံးမှုများကိုကာမိစေရန် ဒီမာရီယာကိုပီအက်စ်ဂျီအသင်းထံ ပြန်လည်ရောင်းချသွားမည်ဟု ကောလာဟလများ ထွက်ပေါ်လာသော်လည်း ကစားသမားဖြစ်သူက အသင်းတွင်ဆက်နေသွားမည်ဟု အတည်ပြုလာခဲ့ခြင်းဖြစ်သည်။

"မန်ယူအသင်းနဲ့ပထမရာသီ ကစားပြီးသွားပါပြီ။ အခုကိုပါအမေရိကဖလားပွဲကစားမယ်။ ပြီးရင်မန်ယူပြန်လာပြီးနောက်ရာသီမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်"ဟု ဒီမာရီယာကပြောသည်။

ပွဲဦးထွက်ရာသီအစပိုင်းတွင် လေးဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်နိုင်ခဲ့သည့် ဒီမာရီယာသည် ရီးယဲလ်အသင်းတွင်ပြသခဲ့သည့် ခြေစွမ်း မျိုးမရရှိခဲ့သဖြင့် မန်ယူ၌ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။

သို့သော် အသက် ၂၇ နှစ်ရှိ ဒီမာရီယာက ၎င်းသည် သြဂုတ်လတွင် ပိုသန်မာထက်မြက်သည့်ပုံစံဖြင့်ပြန်လာမည်ဟု ပြောသည်။ ဒီမာရီယာက "ကျွန်တော့်အတွက်ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ လာလီဂါနဲ့ ပရီးမီးယားလိဂ်က လုံးဝမတူပါဘူး။ ပရီးမီးယားလိဂ်က ကာယအားပိုပြီး စိုက်ထုတ်ရပါတယ်။ ကျွန်တော့်အတွက်လုံးဝမလွယ်ကူခဲ့ဘူး။ မိနစ်နည်းနည်းလောက်ပဲကစားပြီး အဆုံးသတ်ခဲ့ရတယ်"ဟု ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly