မန်ယူကွင်းလယ်လူ ကလီဗာလေးကို ငါးနှစ်စာချုပ်ဖြင့် အဲဗာတန်ခေါ်ယူ

မန်ယူကွင်းလယ်လူ ကလီဗာလေးကို ငါးနှစ်စာချုပ်ဖြင့် အဲဗာတန်ခေါ်ယူ

အင်္ဂလန်၊ ဇွန် ၆။ ။ အဲဗာတန်အသင်းသည် မန်ယူကွင်းလယ်ကစားသမား တွန်ကလီဗာလေးကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ဗီလာအသင်းတွင် အငှားသွားရောက်ကစားခဲ့သော ကလီဗာလေးသည် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဇူလိုင်လ ၁ ရက်နေ့တွင် အဲဗာတန်အသင်းသို့ တရားဝင်ရောက်ရှိမည် ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ကလီဗာလေးကို ဗီလာအသင်းက အပြီးသတ်စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းခဲ့သော်လည်း ကလီဗာလေးက အဲဗာတန်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကလီဗာလေးသည် ၂၀၁၀-၁၁ ခုနှစ်က ဝီဂန်အသင်းတွင် အငှားသွားရောက်ကစားစဉ်က နည်းပြ မာတီနက်ဇ်လက်အောက်တွင် ကစားခဲ့ဖူးသူ ဖြစ်သည်။

အဲဗာတန်နည်းပြ မာတီနက်ဇ်က 'ကလီဗာလေးကို အဲဗာတန်အသင်းက ဝမ်းမြောက်စွာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ သူ့ကို ခေါ်ယူခဲ့တာက အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အဲဗာတန်အသင်းအတွက် ကလီဗာလေး ကစားမှာကို ပရိသတ်တွေ သဘောကျကြပါလိ့မ်မယ်။ အရေးအကြီးဆုံးတစ်ချက်ကတော့ သူဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး ကျွန်တော်တို့ တည်ဆောက်နေတဲ့ ကစားကွက်နဲ့ လုံးဝအံ့ဝင်မယ့်သူ ဖြစ်လို့ပါပဲ။ အရင်က အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ဖြစ်ပေမယ့် လက်ရှိအချိန်အထိ သူ့ရဲ့ အကောင်းဆုံးနှစ်တွေကို ပိုင်ဆိုင်နေဆဲပါပဲ' ဟု ပြောသည်။

စပါးကွင်းလယ်လူ မက်ဆန်ဒဏ်ရာရသွားသည့်အတွက် ကလီဗာလေးသည် အိုင်ယာလန်အသင်းနှင့် ခြေစမ်းပွဲအတွက် အင်္ဂလန်အသင်းတွင် အစားထိုးရွေးချယ်ခံခဲ့ရသည်။ ကလီဗာလေးသည် အင်္ဂလန်အသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားသူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly