ဘာစီလိုနာ၏တောင်းဆိုမှုကြောင့် ဂန္ထဝင်များ၏ဘောလုံးပွဲ ကစားသမားစာရင်းမှ ဖီဂိုကို ယူအီးအက်ဖ်အေ ထုတ်ပယ်

ဘာစီလိုနာ၏တောင်းဆိုမှုကြောင့် ဂန္ထဝင်များ၏ဘောလုံးပွဲ ကစားသမားစာရင်းမှ ဖီဂိုကို ယူအီးအက်ဖ်အေ ထုတ်ပယ်

ဘာလင်၊ ဇွန် ၄။ ။ ဘာစီလိုနာအသင်း၏ တောင်းဆိုမှုကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေသည် ဂန္ထဝင်များ၏ ဘောလုံးပွဲတွင် ဝင်ရောက်ကစားမည့် ကစားသမားစာရင်းမှ ဖီဂိုကို ထုတ်ပယ်ခဲ့သည်။

ယူအီးအက်ဖ်အေ၏ ကြီးမှူးကျင်းပမှုဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီတွင် ဘာစီလိုနာ/ဂျူဗင်တပ်စ် ဂန္ထဝင်များအသင်းနှင့် ကမ္ဘာ့ဂန္ထဝင်ကစားသမားများအသင်းတို့ ဘာလင်အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထို့ကြောင့် ယူအီးအက်ဖ်အေသည် ဘာစီလိုနာကစားသမားဟောင်း ဖီဂိုကို ဘာစီလိုနာ/ဂျူဗင်တပ်စ် ဂန္ထဝင်များအသင်းတွင် ထည့်သွင်းခဲ့သည်။ သို့သော် ဘာစီလိုနာအသင်းက နူးကမ့်ကွင်းတွင် ငါးနှစ်ကြာကစားပြီး မဟာပြိုင်ဘက် ရီးယဲလ်အသင်းသို့ ပြောင်ရွှေ့သွားခဲ့သည့် ဖီဂိုကို အသင်းပရိသတ်များက မုန်းတီးနေသောကြောင့် ထိုစာရင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။

ဖီဂိုသည် ဘာစီလိုနာအသင်းတွင် အောင်မြင်မှုများရယူခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းဖြင့် ရီးယဲလ်သို့ပြောင်းရွှေ့ခဲ့သည်။ ထို့နောက်တွင် ဘာစီလိုနာပရိသတ်များမှာ ဖီဂိုကို အလွန်မုန်းတီးသွားခဲ့ပြီး ပြိုင်ပွဲများတွင် အကြွေစေ့များ အရာဝတ္ထုများနှင့် ပစ်ပေါက်ကြကြီး ဖီဂို၏ ဂျာစီနှင့် ပိုစတာများကို မီးရှို့ကြသည့်အပြင် ဝက်ခေါင်းဖြင့်ပါ ပစ်ပေါက်ခဲ့ကြသည်။

ဖီဂိုကို ကစားမည့်သူစာရင်းမှ ထုတ်ပယ်ပြီးနောက်တွင် ဘာစီလိုနာ/ဂျူဗင်တပ်စ် ဂန္ထဝင်အသင်းတွင် ဗန်ဒါဆာ၊ ဂူလီ၊ ဒယ်ပီယာရို၊ ဘရွန်ခရော့ချ်၊ အက်ဒ်မီဆင်၊ ကန်နဗာရို၊ ထရေဇီဂေး၊ ဗန်ဘွန်မဲလ်၊ ဇမ်ဘရော်တာ၊ ဒေကို၊ အဘီဒယ်၊ ဗီယာရီနှင့် ဖာရာရာတို့ ကစားကြမည် ဖြစ်သည်။

ကမ္ဘာ့ဂန္ထဝင်ကစားသမားအသင်းတွင် လေးမန်း၊ ကာဖူး၊ ဂေါ်ကပ်ဖ်၊ ပီရက်စ်၊ မီဂျာတိုဗစ်၊ အယ်လ်ဘာ၊ ဆီးဒေ့ါဖ်၊ ကာရမ်ဘူး၊ မန်နာမန်၊ ဗန်ဟူးဒွန့်နှင့် မာတာရာဇီတို့ ကစားကြမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly