အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှီးယားအက်ဖ်အေ၏ စွဲချက်တင်ခံရ

အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှီးယားအက်ဖ်အေ၏ စွဲချက်တင်ခံရ

ဇွန် ၄၊ လန်ဒန်။ ။ လန်ဒန်တွင်ပြုလုပ်ခဲ့သော အက်ဖ်အေဖလားအောင်ပွဲခံလှည့်လည်ပွဲတွင် စပါးအသင်းကိုတိုက်ခိုက်သည့် သီချင်းသီဆိုခဲ့သော အာဆင်နယ် ကွင်းလယ်လူ ဝီလ်ရှီးယားကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက စွဲချက်တင်လိုက်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဝီလ်ရှီးယားသည် ပရိသတ်များကိုဦးဆောင်ကာ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းကိုတိုက်ခိုက်သည့် သံချပ် သုံးခုရွတ်ဆိုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြန်လည်ပြန်လည်တောင်းပန်ခဲ့သည်။

အက်ဖ်အေက မလျော်ကန်သောအပြုအမူကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ထားခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်မတိုင်မီ တုန့်ပြန်ဖြေရှင်းခွင့်ရှိမည် ဖြစ်သည်။

ဝီလ်ရှီးယားသည်ပြီးခဲ့သည့်နှစ် အက်ဖ်အေဖလားအောင်ပွဲခံလှည့်လည်ပွဲတွင်လည်း ယင်းသို့ပြုမူခဲ့သဖြင့် အက်ဖ်အေ၏သတိပေးခြင်း ခံခဲ့ရ သည်။

ယခုနှစ်တွင်လည်း ဝီလ်ရှီးယားက "ကျွန်တော်တို့မှာ မေးခွန်းတစ်ခုရှိပါတယ်။ တစ်ခုတည်းပါ။ တော့တင်ဟမ်ဟော့စပါးအသင်းကို ကျွန်တော်တို့ ဘယ်လိုမြင်ရမလဲ။ ချီးပဲ။ ချီးကို ခင်ဗျားတို့ဘယ်လိုမြင်ရမလဲ။ တော့တင်ဟမ်ဟော့စပါးပဲ။ ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။

ယင်းအတွက် အာဆင်နယ်တာဝန်ရှိသူများက ဝီလ်ရှီးယားနှင့်ပြောဆိုမှုများပြုလုပ်ခဲ့သော်လည်း အရေးယူမည်မဟုတ်ဟု ကြေညာခဲ့သည်။ သို့ သော် အက်ဖ်အေ၏စွဲချက်တင်ခံထားရသည့်အတွက် ဖြေရှင်းနိုင်ခြင်းမရှိလျှင် လာမည့်ရာသီအစပွဲစဉ်အချို့ကို လွဲချော်ရဖွယ်ရှိနေသည်။

အက်စတွန်ဗီလာကို ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့် အာဆင်နယ်အသင်းသည် အက်ဖ်အေဖလားအကြိမ်အများဆုံးရသည့်အသင်းအဖြစ် ၁၂ ကြိမ် မြောက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly