မျက်ရည်များနှင့် ဇာဗီ၏ ဂုဏ်ပြုနှုတ်ဆက်ပွဲ

မျက်ရည်များနှင့် ဇာဗီ၏ ဂုဏ်ပြုနှုတ်ဆက်ပွဲ

စပိန်၊ ဇွန် ၄။ ။ ပြီးခဲ့သည့် အင်္ဂါနေ့က နူးကမ့်ကွင်းတွင် ဇာဗီအတွက် ဂုဏ်ပြု နှုတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အသင်းအတွက် သစ္စာရှိစွာ ကစားသမားဘဝတစ်လျှောက်လုံးကစားပေးခဲ့သည့် ဇာဗီကို ဘာစီလိုနာအသင်းက အထူးဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည်။

ထိုနှုတ်ဆက်ပွဲသို့ ဇာဗီ၏မိဘနှစ်ပါး၊ ဇာဗီ၏ လက်ရှိအသင်းဖော်များနှင့် အသင်းဖော်ဟောင်းများ၊ ဘာစီလိုနာအသင်းအာဏာပိုင်များ၊ ဘာစီလိုနာအသင်း၏ဂန္ထဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဇာဗီသည် အသက် ၁၁ နှစ်အရွယ်ကတည်းက ဘာစီလိုနာအသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းကြီးတွင် ၁၇ နှစ်ကြာ ပါဝင်ကစားခဲ့သူ ဖြစ်သည်။ ထိုကာလအတွင်း ချန်ပီယံလိဂ်ဖလား သုံးလုံးနှင့် လာလီဂါဖလား ရှစ်လုံးအပါအဝင် ဆုဖလားပေါင်း ၂၄ လုံးအထိ ရယူနိုင်ခဲ့သည်။

ယခုနောက်ဆုံးနှစ်တွင် လာလီဂါဖလားနှင့် ကိုပါဒယ်ရေးဖလားတို့ကို ရယူထားနိုင်ပြီး လာမည့် စနေနေ့ညတွင် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရဦးမည် ဖြစ်သည်။ ထိုပွဲတွင်သာ အနိုင်ရခဲ့ပါက ဆုဖလား ၂၅ လုံး ဖြစ်သွားမည် ဖြစ်သည်။

အခမ်းအနား စင်မြင့်ပေါ်တွင် ဇာဗီနှင့်အတူ အသင်းဖော် အင်နီယေစတာနှင့် ဥက္ကဋ္ဌ ဘာတိုမြူတို့ကထိုင်ပြီး ဂုဏ်ပြုစကား၊ ကျေးဇူးတင်စကားများ ပြောဆိုခဲ့ကြသည်။

ဇာဗီနှင့်အတူ ၂၀၀၂ ခုနှစ်ကတည်းက တွဲကစားခဲ့သည့် အင်နီယေစတာက 'ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆာင်၊ အသင်းဖော်၊ သူငယ်ချင်း။ သူမရှိဘဲနဲ့ လာမယ့်ရာသီမှာ ကျွန်တော်တို့ ဘယ်လို အလုပ်လုပ်မလဲဆိုတာ တွေးကြည့်လို့ မရနိုင်သေးပါဘူး။ ဇာဗီနဲ့ တွဲဖက်ကစားခွင့်ရရှိခဲ့တာက တကယ်ကို ကံကောင်းတဲ့ အခွင့်အရေးတစ်ခုပါပဲ။

စံပြကစားသမားတစ်ဦးအနေနဲ့ အသင်းကို တွန်းတင်ပေးခဲ့ပြီး အရာရာအားလုံးအကြံပေးခဲ့တဲ့ ဇာဗီကို ကျေးဇူးတင်ပါတယ်။ ဒီနှစ်တွေအတွင်းမှာ ဘောလုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေအပြင် အရာရာအတွက် သင်ကြားပေးခဲ့လို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ ဘာစီလိုနာကို တစ်ခေါက်ပြန်လာဦးမယ်ဆိုတာ ကျွန်တော်တို့သိသလို မင်းလည်း သိပါတယ်' ဟု ပြောသည်။

အင်နီယေစတာထိုကဲ့သို့ ပြောဆိုနေချိန်တွင် ဇာဗီမှာ စင်ပေါ်တွင် ဝမ်းနည်းကာ မျက်ရည်များ ကျဆင်းခဲ့ရသည်။ ထို့နောက် အင်နီယေစတာက အမှတ်တရ လက်မှတ်များရေးထားသော ဇာဗီ၏ ကျောနံပါတ် ၆ ဘာစီလိုနာဂျာစီကို လက်ဆောင်အဖြစ် ဇာဗီအားပေးအပ်ခဲ့သည်။

ဇာဗီကလည်း 'ဘာစီလိုနာအသင်းနဲ့ သက်ဆိုင်သူအားလုံး၊ ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်တကယ်ကို ကျေနပ်ဝမ်းမြောက်မိပါတယ။ ဒီအသင်းမှာ ကြုံတွေ့ဖြစ်ပျက်ခဲ့ရတဲ့ အရာအားလုံးကို ဘယ်တော့မှ မေ့ပျောက်လို့ ရမှာ မဟုတ်ပါဘူး။ အခုလမ်းခွဲရတာက နောက်ဆုံးနှုတ်ဆက်ခြင်း မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ မကြာမီ ပြန်တွေ့ပါမယ်။ အရာရာအားလုံးအတွက် ဘာစီလိုနာအသင်းကို ကျေးဇူးတင်ပါတယ်' ဟု ပြောသည်။

ထို့အပြင် ဇာဗီက ဘာစီလိုနာနည်းပြဟောင်း တီတိုဗီလာနိုဗာနှင့် စပိန်နည်းပြဟောင်း အာရာဂူးနက်စ်တို့ကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 'တီတိုဟာ ကျွန်တော့်ရဲ့ ဘောလုံးဖခင်ပါပဲ။ သူဟာ ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ အာရာဂူးနက်စ် ခင်ဗျား ဘယ်ကို ရောက်နေလဲ။ ကျွန်တော့်အတွက် အရာရာပြုလုပ်ပေးခဲ့တဲ့ ခင်ဗျားကို ဘယ်လောက်ပဲ ကျေးဇူးတင်စကားပြောပြော လုံလောက်မှာ မဟုတ်ပါဘူး' ဟု ပြောဆိုခဲ့သည်။

ဇာဗီသည် ယခုရာသီအကုန်တွင် ကာတာကလပ် အယ်ဆတ်အသင်းသို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly