စတာလင်ကို နှစ်သက်သဘောကျကြောင်း ရီးယဲလ်နည်းပြသစ် ဘင်နီတက်ဇ် ၀န်ခံ

စတာလင်ကို နှစ်သက်သဘောကျကြောင်း ရီးယဲလ်နည်းပြသစ် ဘင်နီတက်ဇ် ၀န်ခံ

မက်ဒရစ်၊ ဇွန် ၄။ ။ ရီးယဲလ်အသင်း၏ နည်းပြသစ် ရာဖေးလ်ဘင်နီတက်ဇ်က လီဗာပူးလ်တောင်ပံကစားသမား စတာလင်ကို နှစ်သက်သဘောကျ ကြောင်း ဝန်ခံပြောဆိုလိုက်သည်။
ဘင်နီတက်ဇ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရီးယဲလ်အသင်းနှင့် သုံးနှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

'စတာလင်ရဲ့ ခြေစွမ်းကို ကျွန်တော်နှစ်သက်သဘောကျပါတယ်။ ဒါကို လျှို့ဝှက်ထားစရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ သူဟာ ကျွန်တော်တို့ရဲ့ ကစားသမား မဟုတ်တာကြောင့် မှတ်ချက်မပေးလိုပါဘူး' ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

စတာလင်သည် လီဗာပူးလ်မှ ထွက်ခွာရန် တရားဝင်ပြောဆိုထားပြီး တစ်ပတ်လစာငွေ ပေါင် တစ်သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ထားသည်။
မန်ယူဂိုးသမား ဒီဂီယာနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်လည်း ဘင်နီတက်ဇ်က ငြင်းဆန်ခြင်း မပြုခဲ့သလို အတည်ပြုခြင်းလည်း မရှိခဲ့ပေ။ 'တရားမဝင်တဲ့ သတင်းမျိုးကို အခုလိုမေးမြန်းတာ ကျွန်တော်ကြိုက်ပါတယ်။ အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်။ ဒီနေ့မှာ နာမည်တွေကို ကျွန်တော်တို့ ပြောဖို့ မရှိသေးပါဘူး' ဟု ဖြေကြားခဲ့သည်။

မက်ဒရစ်မြို့တွင် မွေးဖွားပြီး ရီးယဲလ်အသင်းတွင် ကစားသမားဘဝ၊ လူငယ်နည်းပြဘဝများကို ဖြတ်သန်းခဲ့ဖူးသည့် ဘင်နီတက်ဇ်သည် ရီးယဲလ်နည်းပြဖြစ်လာသည့်အတွက် အလွန်စိတ်လှုပ်ရှား ဝမ်းမြောက်လျက်ရှိသည်။

'ဒီနေ့က တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့ပါ။ ကျွန်တော်အိမ်ကို ပြန်ရောက်ပါပြီ။ ကျွန်တော် ဘာပြောရမှန်း မသိတော့ပါဘူး။ ကောင်းမွန်တဲ့ ကစားပုံနဲ့ ဆုဖလားတွေ ရရှိအောင် လုပ်ဆောင်သွားမှာပါ။ ကျွန်တော့်အပေါ်ကို ယုံကြည်တဲ့ ရီးယဲလ်အသင်းကို ကျေးဇူးတင်ပါတယ်' ဟု ဘင်နီတက်ဇ်က ပြောသည်။

ရီးယဲလ်အသင်းသို့ ရောက်ရှိလာသည့် ဘင်နီတက်ဇ်ကို ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်နှင့် လူငယ်အသင်းနည်းပြ ဇီဒန်းတို့က ကြိုဆိုခဲ့ကြသည်။

ရည်ညွှန်း စကိုင်းစပေါ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly