အေစီမီလန်နည်းပြရာထူးကို အန်စလော့တီပယ်ချ

အေစီမီလန်နည်းပြရာထူးကို အန်စလော့တီပယ်ချ

အီတလီ၊ ဇွန် ၃။ ။ ရီးယဲလ်အသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် အီတလီလူမျိုးနည်းပြအန်စလော့တီသည် ကျောဒဏ်ရာ ခွဲစိတ်ကုသရန်အတွက် အေစီမီလန်နည်းပြရာထူးကို ငြင်းပယ်လိုက်သည်။

အန်စလော့တီသည် ကနေဒါနိုင်ငံတွင် ခွဲစိတ်ကုသမှုခံယူမည်ဖြစ်ပြီး တစ်နှစ်ခန့်အနားယူရမည် ဖြစ်သည့်အတွက် အေစီမီလန်နည်းပြရာထူးကို ပယ်ချလိုက်ခြင်း ဖြစ်သည်။

အေစီမီလန်အသင်းပိုင်ရှင်ဘာလူစကိုနီနှင့် ဒုဥက္ကဋ္ဌ ဂယ်လီယာနီတို့သည် အန်စလော့တီကို ခေါ်ယူရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြသလို အန်စလော့တီကလည်း မီလန်အသင်းကို ပြန်လည်နည်းပြရန် ၅၀-၅၀ ရာခိုင်နှုန်းသာ ရှိကြောင်း ပြောဆိုခဲ့ဖူးသည်။ သို့သော် ပြီးခဲ့သည့် အင်္ဂါနေ့က တွစ်တာမှ တစ်ဆင့် အန်စလော့တီက တရားဝင်ငြင်းပယ်လိုက်သည်။

အန်စလော့တီက ယခုကဲ့သို့ ငြင်းပယ်ခဲ့သော်လည်း အေစီမီလန်အသင်းအာဏာပိုင်များသည် လက်ရှိနည်းပြ အင်ဇာဂီ၏ အဖွဲ့တွင် ပူးပေါင်းဆောင်ရွက်ပေးရန် အလိုရှိနေကြသေးသည်။

အေစီမီလန်အသင်းသည် ဆီဗီလာနည်းပြ အမ်မရီ၊ ဆမ်ဒိုးရီးယားနည်းပြ မီဟိုင်လိုဗစ်၊ အီတလီနည်းပြကွန်တီ၊ ဖီအိုရင်တီးနားနည်းပြ မွန်တဲလား၊ ပါးမားနည်းပြ ဒိုနာဒိုနီတို့ကို အင်ဇာဂီ၏နေရာတွင် အစားထိုးရန် ရည်ရွယ်ထားသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly