မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း ဗန်ပါစီ ပြော

မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း ဗန်ပါစီ ပြော

အင်္ဂလန်၊ ဇွန် ၃။ ။ အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်သည့် နယ်သာလန်တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက မန်ယူအသင်းကို စွန့်ခွာဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ယခုအချိန်သည် ပုံမှန်အခြေအနေမဟုတ်ဘဲ ခက်ခဲသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဗန်ပါစီက ဝန်ခံခဲ့သည်။

ဗန်ပါစီသည် ပြီးခဲ့သည့် ရာသီက ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၂၆ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ၁၀ ဂိုးသာ သွင်းပေးနိုင်ခဲ့သည်။ နယ်သာလန်နည်းပြ ဗန်ဟားလ်၏ လက်အောက်တွင် ခြေစွမ်းပြနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ပြီးခဲ့သည့် ငါးရာသီအတွင်း အနည်းဆုံးဂိုးအရေအတွက်ကိုသာ သွင်းနိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဥရောပဖလားပြိုင်ပွဲ ရှိနေသည့်အတွက် ဗန်ပါစီက ၎င်းအနေဖြင့် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ၎င်းအနေဖြင့် မိသားစုအတွက် အဓိကစဉ်းစားနေကြောင်းလည်း ပြောသည်။

'လက်ရှိအခြေအနေက အလွန်ခက်ခဲပြီး ပုံမှန်မဟုတ်ပါဘူး။ အခြေအနေသစ်တစ်ခု။ ဟုတ်ပါတယ် ဒါက အကောင်းဆုံးစကားပါပဲ။ လက်တွေ့အကျဆုံးနည်းလမ်းကို ကျွန်တော်စဉ်းစားပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော် ပုံမှန်ကစားခွင့်ရဖို့ လိုအပ်နေပါတယ်။

ဒါပေမဲ့ ကျွန်တော့မိသားစုနဲ့ ကလေးအတွက် အဓိကထားပြီး ဆုံးဖြတ်ချက်တွေ ချလေ့ရှိပါတယ်။ ဒါက ကျွန်တော့်အတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်က မိသားစုကို ချစ်တဲ့သူပါ။ မိန်းမနဲ့ ကလေး ပျော်နေတာကို မြင်ရတာကို တကယ် စိတ်ချမ်းသာဖို့ ကောင်းပါတယ်' ဟု ဗန်ပါစီက ပြောသည်။

ဗန်ပါစီနှင့် မန်ယူတို့ ချုပ်ဆိုထားသော လက်ရှိစာချုပ်မှာ သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly