ဖီဖာဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီးနောက် ဘလတ္တာကို အမေရိကန်အာဏာပိုင်များက စုံစမ်းစစ်ဆေးနေ

ဖီဖာဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီးနောက် ဘလတ္တာကို အမေရိကန်အာဏာပိုင်များက စုံစမ်းစစ်ဆေးနေ

နယူးယော့ခ်၊ ဇွန် ၃။ ။ ပြီးခဲ့သည့် အပတ်က ကျင်းပပြုလုပ်ခဲ့သော ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲတွင် ငါးကြိမ်မြောက်အနိုင်ရရှိခဲ့သည့် ဆပ်ဘလတ္တာသည် ရာထူးမှ နုတ်ထွက်ကြောင်း တရားဝင်ကြေညာလိုက်သည်။

ထိုကဲ့သို့ ကြေညာပြီးနောက်တွင် ဆပ်ဘလတ္တာကို အမေရိကန်အာဏာပိုင်များက ဖီဖာ၏လာဘ်စားမှုများ၊ ငွေကြေးခဝါချမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အမေရိကန်အာဏာပိုင်များသည် ပြီးခဲ့သည့်အပတ်က စတင်ပြီး အမှုကိစ္စအတွက် လိုအပ်သည်များကို စတင်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူ ၁၄ ဦးကို စတင်ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ၇ ဦးကို ဆွစ်ဇာလန်နိုင်ငံတွင် ဖမ်းဆီးခဲ့သည်။ ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလိုတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ဘလတ္တာသည် ရွေးကောက်ပွဲတွင် ဂျော်ဒန်မင်းသားကို မဲမပြတ်အသက် အနိုင်ရခဲ့သော်လည်း ပြီးခဲ့သည့် အဂါၤနေ့က ရာထူးမှ နုတ်ထွက်ကြောင်း ရုတ်တရက် ကြေညာလိုက်ခြင်း ဖြစ်သည်။ ဘလတ္တာက ၎င်း၏ ဖီဖာဥက္ကဋ္ဌရာထူးသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတိုင်း၏ ထောက်ခံမှုကို မရရှိသည့်အတွက်ကြောင့်ဟုဆိုကာ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီးကို အောက်ခြေမှစ၍ နက်နက်ရှိုင်းရှိုင်း ပြန်လည်ပြုပြင် တည်ဆောက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်ရှေ့နေချုပ် လော်ရက်တာလင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကို အတွင်းထဲအထိ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပြောသည်။ သူမသည် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမတိုင်မီက ဖီဖာကို အသစ်မှ ပြန်လည်စတင်ရန် တောင်းဆိုခဲ့သူ ဖြစ်သည်။

အက်ဖ်ဘီအိုင်၊ အိုင်အာအက်စ်နှင့် အမေရိကန်ရှေ့နေချုပ်ရုံးတို့သည် ဖီဖာ၏ အရှုပ်တော်ပုံကိစ္စရပ်များကို စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့ကြသော်လည်း ဘလတ္တာရာထူးမှ နုတ်ထွက်သွားခြင်း အတွက်မူ မည်သည့် မှတ်ချက်မှ မပေးခဲ့ကြပေ။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly