ဘာစီလိုနာနှင့် OPPO အီလက်ထရောနစ်ကုမ္ပဏီတို့ အကျိုးတူစီးပွားဖက်စာချုပ် ချုပ်ဆို

ဘာစီလိုနာနှင့် OPPO အီလက်ထရောနစ်ကုမ္ပဏီတို့ အကျိုးတူစီးပွားဖက်စာချုပ် ချုပ်ဆို

စပိန်၊ ဇွန် ၂။ ။ OPPO အီလက်ထရောနစ်ကုမ္ပဏီသည် ကမ္ဘာကျော်ဘောလုံးကလပ်အသင်း ဘာစီလိုနာနှင့် သုံးနှစ်သက်တမ်းရှိ အကျိုးတူစီးပွားဖက် စာချုပ် ချုပ်ဆိုလိုက်သည်။

ဘာစီလိုနာအသင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲအမျိုးမျိုး၊ လှုပ်ရှားဆောင်ရွက်သည့် အခမ်းအနားအမျိုးမျိုး၊ တီဗီကြော်ငြာ များနှင့် အခြားလုပ်ငန်းကိစ္စရပ်များတွင် OPPO ကုမ္ပဏီက တရားဝင် စပွန်ဆာအဖြစ် ပါဝင်တော့မည် ဖြစ်သည်။ ထို့အပြင် နူးကမ့်ကွင်းတွင် ယှဉ်ပြိုင်မည့် ဘာစီလိုနာအသင်း၏ ပွဲစဉ်များတွင်လည်း OPPO  အမှတ်တံဆိပ်ကို ထင်သာမြင်သာ ရှိစေမည် ဖြစ်သည်။

OPPO အီလက်ထရောနစ်ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံပေါင်း ၂၀ ကျော်သို့ ၎င်းတို့၏ပစ္စည်းများကို ဖြန့်ချိလျက်ရှိသည်။ စမတ်ဖုန်းများကို အဓိက ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး  MP3 players, portable media players, LCD-TVs, eBooks, DVD/Blu-ray Disc players များကိုလည်း ကမ္ဘာ့အနှံ့သို့ ဖြန့်ချိလျက်ရှိသည်။

ဘာစီလိုနာအသင်းနှင့် အကျိုးတူစီးပွားဖက် စာချုပ် ချုပ်ဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး OPPO အီလက်ထရောနစ်ကုမ္ပဏီကို တည်ထောင်သူ မစ္စတာတိုနီချန်းက 'ကျွန်တော်တို့ ကုမ္ပဏီရဲ့ အမှတ်တံဆိပ် ကမ္ဘာအနှံ့ကို ထိုးဖောက်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်း တစ်လှမ်းကို လှမ်းလိုက်တာပါ။ ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့တာက သူတို့ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းအသင်း ဖြစ်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အနုပညာဆန်ပြီး ရသပေးနိုင်တဲ့ ဘောလုံးကစားဟန်ကြောင့်လည်း ဖြစ်ပါတယ်' ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း အက်ဖ်စီဘာစီလိုနာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly