မန်ယူအသင်းပေါ့ဂ်ဘာကို လိုအပ်ကြောင်း ပီယာလို ပြော

မန်ယူအသင်းပေါ့ဂ်ဘာကို လိုအပ်ကြောင်း ပီယာလို ပြော

အီတလီ၊ ဇွန် ၂။ ။ ဂျူဗင်တပ်စ်အသင်း၏ ဝါရင့်ကွင်းလယ်ကစားသမား ပီယာလိုက မန်ယူအသင်းအနေဖြင့် ပေါ့ဂ်ဘာကို မည်သည့်အတွက်ကြောင့် ရောင်းချခဲ့သည်ကို နားမလည်နိုင်ကြောင်းနှင့် ပေါ့ဂ်ဘာသည် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦး ဖြစ်လာနိုင်သူဟု ပြောဆိုခဲ့သည်။

ပေါ့ဂ်ဘာသည် မန်ယူအသင်းတွင် ပွဲထွက် ကစားခွင့်မရသည့်အတွက် လွန်ခဲ့သည့်သုံးနှစ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်သို့ ရောက်ရှိလာသူဖြစ်သည်။

ဂျူဗင်တပ်စ်ကွင်းလယ်တွင် ပီယာလိုနှင့် တွဲဖက်ကာ ခြေစွမ်းပြပြီး ဆုဖလားများစွာ ရယူနိုင်ခဲ့သည်။ လာမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်း ၎င်းတို့နှစ်ဦး၏ တွဲဖက်မှုကို မြင်တွေ့ရဦးမည် ဖြစ်သည်။

ပီယာလိုက 'ဒီခြေစွမ်းအတိုင်းသာ ဆက်လက်ကစားနေနိုင်မယ်ဆိုရင် ပေါ့ဂ်ဘာဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမား တစ်ဦး ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့အသက်ကငယ်သေးတာကြောင့် ဆုဖလားတွေအများကြီး ရယူနိုင်ဦးမှာပါ။

မန်ယူအသင်းအနေနဲ့ ပေါ့ဂ်ဘာကို ဘာကြောင့် လက်လွှတ်ခဲ့သလဲဆိုတာ နားမလည်နိုင်ပါဘူး။ လက်ရှိမန်ယူကွင်းလယ်ကို ကြည့်လိုက်ပါ။ ပေါ့ဂ်ဘာလို ကစားသမားမျိုးလိုအပ်ပါတယ်။ သူ့ကို သုံးလို့ ရပါတယ်။ သူမန်ယူကထွက်လာတာ ဖာဂူဆန်နဲ့ အဆင်မပြောတာကြောင့် ဖြစ်မှာပါ။ အရည်အချင်းကြောင့်မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ပေါ့ဂ်ဘာကတော့ ဒီအကြောင်းကို ဘယ်တော့မှ ပြောလေ့မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဂျူဗင်တပ်စ်အတွက်တော့ တကယ့် သတင်းကောင်းဖြစ်ခဲ့ပါတယ်' ဟု ပြောသည်။

ထို့အပြင် ပီယာလိုက မန်ယူကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်သည် ၎င်းအလွန်လေးစားသည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ကြောင်း ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly