ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာမဆို ဖြစ်ပျက်သွားနိုင်ကြောင်း မက်ဆီ ပြော

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာမဆို ဖြစ်ပျက်သွားနိုင်ကြောင်း မက်ဆီ ပြော

စပိန်၊ ဇွန် ၂။ ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ဘာလင်မြို့တွင် ဂျူဗင်တပ်စ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်သည် အခြားပွဲစဉ်များနှင့် ကွဲပြားခြားနားသည့် စပါယ်ရှယ်ပွဲစဉ်တစ်ပွဲဖြစ်ပြီး ထိုပွဲစဉ်တွင် ဘာမဆိုဖြစ်ပျက်သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။

မက်ဆီက 'ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွေကစားခဲ့ဖူးပါတယ်။ ဒီလိုပွဲမျိုးက လုံးဝမလွယ်ကူပါဘူး။ ဂျူဗင်တပ်စ်အသင်းကလည်း ထိပ်တန်းအသင်းတစ်သင်းပါ။ ဒါကြောင့် ဘာမဆို ဖြစ်ပျက်သွားနိုင်ပါတယ်' ဟု ပြောသည်။

ထို့အပြင် မက်ဆီက ဇာဗီနှင့် ပတ်သက်၍ 'ဇာဗီဟာ သမိုင်းထဲက အကောင်းဆုံး စပိန်ကစားသမားတစ်ယောက်ပါ။ ဘယ်လိုနေရာကနေဖြစ်ဖြစ် သူလိုချင်တဲ့နေရာကို ဘောလုံးရောက်အောင် ပို့နိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ရေးကွင်းမှာ ဖြစ်ဖြစ်၊ ပြိုင်ပွဲမှာ ဖြစ်ဖြစ် သူနဲ့ တွဲကစားရတာ ကျွန်တော့်အတွက် အဆင်ပြေပါတယ်' ဟု ပြောသည်။

ထို့နောက်မက်ဆီက အဲလ်ဗက်စ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်ကြောင်းနှင့် ယခုအချိန်တွင် ၎င်းကဲ့သို့ ကစားသမားမျိုး ထပ်မံ ရရှိရန် မလွယ်ကူကြောင်း ဘာစီလိုနာအသင်းကို သတိပေးခဲ့သည်။

ဘာစီလိုနာအသင်းနှင့် ပတ်သက်၍မူ 'ကျွန်တော်ဒီအသင်းမှာ ကြီးပြင်းလာတာပါ။ သူတို့ဟာ ကျွန်တော့်အပေါ် အများကြီး ပေးဆပ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီအသင်းကို ကျွန်တော်အများကြီး ချစ်ပါတယ်' ဟု မက်ဆီက ပြောသည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly