ပျော်ရွှင်ဖွယ်ရာ ယူ-၉ ရော်ဘင်ဗန်ပါစီ နိုင်ငံတကာဘောလုံးပြိုင်ပွဲ

ပျော်ရွှင်ဖွယ်ရာ ယူ-၉ ရော်ဘင်ဗန်ပါစီ နိုင်ငံတကာဘောလုံးပြိုင်ပွဲ

မက်စ်လူးဝစ္စ၊ ဇွန် ၁။ ။ ကမ္ဘာတစ်ဝှမ်းက ကလေးပေါင်းများစွာ ပါဝင်ဆင်နွှဲကြတဲ့ ယူ-၉ ရော်ဘင်ဗန်ပါစီ နိုင်ငံတကာဘောလုံးပြိုင်ပွဲကို နယ်သာလန်နိုင်ငံ၊ မက်စ်လူးဝစ္စမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ချယ်လ်ဆီး၊ မန်စီးတီး၊ စပါး၊ ဒေါ့တ်မွန်အသင်းတွေက ယူ-၉ ကစားသမားလေးတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသလို၊ ဘယ်လ်ဂျီယံကလပ်အသင်းတွေဖြစ်တဲ့ ဘရုဂျက်၊ ဂန့်၊ နယ်သာလန်ကလပ်တွေဖြစ်တဲ့ ပီအက်စ်ဗွီ၊ ရော်တာဒမ်၊ ဗီတက်စီ၊ ဖီယင်နု၊ ပေါ်တူဂီက စပို့တင်းလစ္စဘွန်း၊ ချက်ကလပ် ဆလားဗီးယားပရပ်အသင်းတို့က ယူ-၉ ကစားသမားလေးတွေအပြင် အာဖရိကတိုက်ကိုယ်စားပြု အာဖရိကအောစတား ယူ-၁၀ အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံ၊ ရော်တာဒမ်အရပ်မှာ ရှိတဲ့ Sophia Children's Hospital အတွက် ရန်ပုံငွေ ရရှိစေရန် ဗန်ပါစီက သူ့ရဲ့နာမည်ကို အသုံးပြုပြီး ဒီပြိုင်ပွဲလေးကို ကျင်းပပေးမဲ့တာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို ဆေရုံသို့ တိုက်ရိုက်လှူဒါန်းမှာ ဖြစ်ပြီး ဗန်ပါစီအနေနဲ့ သူ့နာမည် အသုံးပြုတဲ့အတွက် ဘာအကျိုးအမြတ်မှ ရယူခြင်း မရှိခဲ့ပါဘူး။

မနက် ကိုးနာရီကနေ ညကိုးနာရီအထိ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကို ပြိုင်ပွဲဝင်ကစားသမားပေါင်း ၂၄၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဗန်ပါစီဟာ ကလေးငယ်များစွာအတွက် သူ့ရဲ့ ပုံပေါ်မှာ လက်မှတ်ထိုးပေးပြီး လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို မန်ယူကစားသမားဟောင်း ဖလက်ချာနဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဟက်စကီးတို့လည်း တက်ရောက်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဗန်ပါစီနဲ့ ဖလက်ချာတို့ရဲ့ သားတွေဟာ မန်စီးတီးအသင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဗန်ပါစီနဲ့ ဖလက်ချာတို့ဟာ ကလေးငယ်တွေနဲ့ အတူ ဘောလုံးဝင်ရောက်ကစားခဲ့ပါသေးတယ်။ ဒီပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုတော့ ဖီယင်နု ယူ-၉ အသင်းက ဆွတ်ခူးသွားခဲ့ပါတယ်။
ဗန်ပါစီဟာ ကလေးငယ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုကို အမှန်တကယ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly