အာဆင်နယ်၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့ သမိုင်းမှတ်တမ်းသစ်ရေးထိုး

အာဆင်နယ်၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့ သမိုင်းမှတ်တမ်းသစ်ရေးထိုး

လန်ဒန်၊ မေ ၃၁။ ။ အာဆင်နယ်၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့သည် ရှုံးထွက်ဖလား ဗိုလ်လုပွဲစဉ်များတွင် အသီးသီးအနိုင်ရပြီး သမိုင်း မှတ်တမ်းသစ်များရေးထားနိုင်ခဲ့ကြသည်။

အာဆင်နယ်

ဝင်ဘလေကွင်းတွင် ကစားခဲ့သည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အာဆင်နယ်အသင်းသည် ဗီလာအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ၂ နှစ်ဆက်တိုက် အက်ဖ်အေဖလားကို သိမ်းပိုက်နိုင်ခဲ့သည်။
ယခုတစ်ကြိမ်ဖလားဆွတ်ခူးနိုင်ခြင်းသည် အာဆင်နယ်အသင်အတွက် ၁၂ ကြိမ်မြောက်ဖြစ်ပြီး အက်ဖ်အေဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။

အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးများကို ဝဲလ်ကော့၊ ဆန်းချက်ဇ်၊ မာတီဆက်ကာနှင့် ဂီရော့ဒ်တို့က သွင်းယူခဲ့ကြသည်။

ဘာစီလိုနာ

နူးကမ့်ကွင်းတွင် ကစားခဲ့သည့် စပိန်ကိုပါဒယ်ရေးဗိုလ်လုပွဲတွင်လည်း ဘာစီလိုနာအသင်းသည် ဘီလ်ဘာအိုအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီး ကိုပါဒယ်ရေးဖလားကို ၂၇ ကြိမ်မြောက် ဆွတ်ခူးကာ ပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံးအသင်းအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးများကို မက်ဆီက နှစ်ဂိုး၊ နေမာက တစ်ဂိုးသွင်းယူပေးခဲ့သည်။ မက်ဆီသည် ပထမဂိုးကို ကွင်းလယ်ညာတောင်ပံမှ ဆွဲပြေးပြီး တစ်ကိုယ်တော်ခြေစွမ်းပြကာ သွင်းယူခဲ့ခြင်း ဖြစ်သည်။

မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ်တို့ သုံးဦးပေါင်း၏ ယခုရာသီစုစုပေါင်းသွင်းဂိုးမှာ ၁၂၀ အထိ ရှိသွားပြီ ဖြစ်ပြီး တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သော တိုက်စစ်အတွဲအဖြစ်လည်း မှတ်တင်းဝင်သွားခဲ့သည်။ မက်ဆီ ၅၈ ဂိုး၊ ဆွာရက်ဇ် ၂၄ ဂိုး၊ နေမာ ၃၈ ဂိုးသွင်းယူထားခြင်း ဖြစ်သည်။

ပီအက်စ်ဂျီ

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဖလား(Coupe de France) ပြိုင်ပွဲတွင် အော်ဇေးအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းသည် ပြင်သစ်တွင် တစ်နှစ်အတွင်း ဆုဖလားသုံးလုံးဆွတ်ခူးနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။

Coupe de France ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအသင်းအတွက် သမိုင်းဝင်စေမည့် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၅ မိနစ်တွင် တိုက်စစ်မှူး ကာဗာနီက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လိဂ်အမှတ်ပေးဖလားနှင့် ပြင်သစ်လိဂ်ရှုံးထွက်ဖလား(Coupe de la Ligue)တို့ကို ရရှိခဲ့ပြီး ဖြစ်တာကြောင့် တစ်နှစ်အတွင်း ပြည်တွင်းလိဂ်ဆုဖလားသုံးလုံးစလုံးကို ဆွတ်ခူးနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်၊ ဝီကီပီးဒီးယား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly