ဖယ်လ်ကာအိုကို ခေါ်ယူရန် ချယ်လ်ဆီးဆွေးနွေးနေ

ဖယ်လ်ကာအိုကို ခေါ်ယူရန် ချယ်လ်ဆီးဆွေးနွေးနေ

အင်္ဂလန်၊ မေ ၃၀။ ။ ချယ်လ်ဆီးအသင်းသည် ဖယ်လ်ကာအိုကို ခေါ်ယူရန်အတွက် ပြောဆိုဆွေးနွေးမှုများ စတင် ပြုလုပ်နေပြီဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသွားခဲ့သည်။ ချယ်လ်ဆီးအသင်း၊ ဖယ်လ်ကာအိုနှင့် ဖယ်လ်ကာအို၏အေးဂျင့်တို့အကြား ပြောဆိုဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဖယ်လ်ကာအိုသည် မန်ယူအသင်းတွင် အောင်မြင်မှုမရရှိခဲ့ဘဲ တစ်ရာသီလုံးတွင် ၂၉ ပွဲပါဝင်ကစားပြီး လေးဂိုးသာ သွင်းနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းက ၎င်းကို ပေါင် ၄၄ သန်း တန်ကြေးရှိ အပြီးသတ်စာချုပ်ချုပ်ဆိုရန် ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

ဖယ်လ်ကာအိုသည် မန်ယူအသင်းတွင် တစ်ပတ်လစာငွေ ပေါင် ၂ သိန်း ၈ သောင်းခွဲ ရရှိသည့်အတွက် ၎င်း၏လစာငွေ ပမာဏမှာ အလွန်များပြားလျက်ရှိသည်။ သို့သော် ယခုအချိန်တွင် ဖယ်လ်ကာအိုသည် အသင်းပြောင်းရွှေ့ရာတွင် အခက်အခဲ မရှိစေရန်အတွက် လစာငွေလျှော့ယူရန်လည်း အဆင်သင့် ရှိနေသည်။

အေးဂျင့် ဂျော့မန်ဒက်ဇ်သည် ဖယ်လ်ကာအိုကို ပေါ်တို၊ အက်သလက်အသင်းတို့မှ ဥရောပတစ်လွှားပြောင်းရွှေ့နိုင်အောင် ကူညီပေးခဲ့သူဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးနည်းပြ မော်ရင်ဟို၏ အေးဂျင့်လည်းဖြစ်သည်။ ထို့ကြောင့် ဂျော့မန်ဒက်ဇ်မှာ ချယ်လ်ဆီးအသင်းနှင့် အလုပ်မျာစွာတွဲလုပ်ခဲ့ဖူးသူဖြစ်သည့်အတွက် ဖယ်လ်ကာအိုမှာ ချယ်လ်ဆီးသို့ ရောက်ရှိရန် နီးစပ်လျက် ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly