ဆွာရက်ဇ်၏ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန် ဥရုဂွေးကစားသမားအစည်းအရုံး တောင်းဆို

ဆွာရက်ဇ်၏ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန် ဥရုဂွေးကစားသမားအစည်းအရုံး တောင်းဆို

(ဥရုဂွေး)။ ။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့သည့်အတွက် နိုင်ငံတကာပွဲစဉ်ကိုးပွဲ ပွဲပယ်ခံထားရသော ဆွာရက်ဇ်၏ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန် ဥရုဂွေးကစားသမားအစည်းအရုံးက တောင်းဆိုလိုက်သည်။

ယခုဖီဖာ၏ အရှုပ်အထွေးကိစ္စရပ်များတွင် ဖမ်းဆီးခံခဲ့ရသူအချို့သည် ဆွာရက်ဇ်၏ ပြစ်ဒဏ်ကို ချမှတ်စဉ်က ပါဝင်ခဲ့သူများ ဖြစ်သည့်အတွက် မှန်ကန်မှုရှိရန် ရာနှုန်းပြည့်မသေချာသည့်အတွက် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးသင့်ကြောင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဥရုဂွေးကစားသမားအစည်းအရုံး၏ ဥပဒေအကြံပေး အာနက်စတို လီယော့တီက 'ဖီဖာ အဖွဲ့ဝင်တွေရဲ့ ဖောက်ပြန်မှု အချက်အလက်တွေအရဆိုရင် ပြီးခဲ့တဲ့နှစ်က ဆွာရက်ဇ်နဲ့ ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက မသင်္ကာဖွယ်ရာတွေ ဖုံးလွှမ်းနေနိုင်ပါတယ်' ဟု ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသည့် ဖီဖာအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သည့် ဗင်နီဇွဲလားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာဖေးလ်အက်စ်ကွီဗယ်သည် ဆွာရက်ဇ်ကို ပြစ်ဒဏ်ချမှတ်ခဲ့သည့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ပွဲပယ်ပြစ်ဒဏ်ကျခံနေရသည့်အတွက် ဥရုဂွေးအသင်းမှာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မည့် ကစားသမားစာရင်းတွင် ဆွာရက်ဇ်ကို ချန်လှပ်ထားရသည်။
ဖီဖာအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ဟောင်း ကိုးဦးတို့သည် လက်ရှိတွင် ကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်မှု၊ ရုပ်သံစာချုပ် ချုပ်ဆိုမှု တို့နှင့် ပတ်သက်ပြီး ယူရို သန်း ၁၅၀ ခန့် လာဘ်စားမှုတို့ဖြင့် အမေရိကန်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများကို ခံရလျက်ရှိသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly