ဆန်စင်ရာ ကျည်ပွေ့လိုက်တဲ့ နည်းတစ်ခုတည်း အားကိုးလို့မရ

19 June 2015
ဆန်စင်ရာ ကျည်ပွေ့လိုက်တဲ့ နည်းတစ်ခုတည်း အားကိုးလို့မရ

ယခုတလော ရန်ကုန်မြို့ပေါ်မှာ ပျော်တော်ဆက် မိန်းကလေးတွေ ယခင်ကထက် သိသိသာသာ ပေါများလာနေတာကို သတိပြုမိကြမယ်ထင်ပါတယ်။ ယခင်တုန်းကဆိုရင် လူသူလေးပါး အသွားအလာ နည်းပါးရာ မှောင်ရိပ်ခိုပြီး ဖောက်သည် ရှာတတ်တဲ့ ပျော်တော်ဆက် မိန်းကလေးတွေဟာ အခုတော့ ကန်တော်ကြီးစောင်းမှာ စားသောက်ဆိုင်တွေ၊ ကာရာအိုကေ ခန်းမတွေနဲ့ တခြားလူစည်ကားရာနေရာ အားလုံးလိုလိုမှာ ပေါ်ပေါ်ထင်ထင်ပဲ ဖောက်သည် ရှာနေကြတာကို တွေ့လာကြရပါတယ်။

ပျော်တော်ဆက် မိန်းကလေးတွေ များသည်ထက် များလာနေတာ ဘာ့ကြောင့်လဲ။ အဖြေကတော့ အမျိုးမျိုးရှိပါတယ်။ စီးပွားရေးကျပ်တည်းလို့၊ အပေါင်းအသင်းမှားလို့၊ ဖိအားအပေးခံရလို့ အစရှိတဲ့ အကြောင်းတရား အမျိုးမျိုးကြောင့် ဖြစ်လာရတာဆိုတာ အားလုံးအသိပါပဲ။ ဒါဆိုရင် အဲဒီအကြောင်းတရားတွေ လျော့နည်းသွားရလေအောင် မလွဲမသွေ လုပ်ကြရဖို့ ရှိပါတယ်။

လောလောဆယ်မှာတော့ လူဦးရေ ရှစ်သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့တစ်မြို့တည်းမှာတင် ပျော်တော်ဆက် မိန်းကလေး ဦးရေက တစ်သိန်းခန့်ရှိတယ်လို့ လေ့လာဆန်းစစ်သူတချို့က ဆိုပါတယ်။ ဒါဆိုရင် လူ ရှစ်ဆယ်မှာ တစ်ယောက်က ပျော်တော်ဆက်ဖြစ်နေတဲ့ သဘောသက်ရောက်နေပါတယ်။ ဒါဟာ အင်မတန် စိုးရိမ်ထိတ်လန့်ဖွယ် ကောင်းတဲ့ အနေအထားပါပဲ။

ဒီလိုအခြေအနေမှာ အဲဒီ လူဦးရေ တစ်သိန်းနီးပါးဖြစ်နေတဲ့ ပျော်တော်ဆက် မိန်းကလေးတွေရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိနေသလဲ။ ယင်း လေ့လာသူတချို့ရဲ့ စစ်တမ်းအရဆိုရင် အဲဒီပျော်တော်ဆက် မိန်းကလေး အရေအတွက်ရဲ့ ၃၂%ဟာ HIV ရောဂါပိုး ကူးစက်ခံထားရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုအရေအတွက်မှာ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေမှာ အတိအလင်းလူနာစာရင်းပေးထားတဲ့အရေအတွက်က သုံးချိုးတစ်ချိုးပဲ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့ ၂ ချိုးသော ပျော်တော်ဆက်များဟာ HIV ရောဂါ သယ်ဆောင် ပျံ့ပွားစေသူများအဖြစ်နဲ့ ရန်ကုန်မြို့မှာ နေထိုင်လျက် ရှိနေကြတယ်လို့ ပြောရမှာပါ။

ပျော်တော်ဆက် မိန်းကလေးတွေ ဆိုတာကတော့ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ ရှိတော့ ရှိပါတယ်။ နည်းတာနဲ့ များတာပဲ ကွာတာပါ။ ကျန်းမာရေး စောင့်ရှောက်မှု ထိရောက်အောင်မြင်တာနဲ့ မထိရောက်တဲ့ တိုင်းပြည်ရယ်လို့ပဲ ရှိကြတာပါ။ ဒီအထဲမှာ မိမိတို့မြန်မာပြည်ကတော့ HIV ရောဂါပိုးကူးစက်နှုန်းက ကမ္ဘာမှာ တတိယ ဖြစ်နေပါတယ်။ ပြီးတော့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ပျော်တော်ဆက် လုပ်ငန်းအတွက် လူသားအရင်းအမြစ်အရဆုံး တိုင်းပြည်ဟာ မိမိတို့ တိုင်းပြည် ဖြစ်နေတယ်လို့လည်း ကြားရပါတယ်။

ဒါတွေဟာ တကယ်တော့ နှစ်ပေါင်းများစွာ စီးပွားရေး ချွတ်ခြုံကျမှု၊ ပညာရေးနိမ့်ပါးမှုနဲ့ ကျန်းမာရေးကဏ္ဍ မထိရောက်မှုတွေရဲ့ အကျိုးသက်ရောက်မှု ဆိုးကျိုးတွေပဲဖြစ်ပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ ဒီ ပျော်တော်ဆက်မယ်များ တိုးပွားလာတဲ့ကိစ္စနဲ့ ကျန်းမာရေးကိစ္စကို လိုက်လံလေ့လာ ဖြည့်ဆည်းကူညီနေကြတာတော့ ရှိပါတယ်။ အစိုးရကလည်း ဥပဒေတွေပြဋ္ဌာန်းပြီး ဖမ်းဆီး အရေးယူတာမျိုးတွေ လုပ်ပါတယ်။ ဒါပေမယ့် ဒါတွေက ဆန်စင်ရာ ကျည်ပွေ့လိုက်ရတဲ့ အလုပ်မျိုးပါ။ တကယ့်အရင်းအမြစ်ကို တူးဆွနှုတ်ပယ်ပစ်တဲ့ အလုပ်မျိုး မဟုတ်ဘဲ စနစ်တစ်ခုကြောင့်ဖြစ်လာတဲ့ အကျအပေါက်တွေကို ဖာရထေးရတဲ့ ပြုပြင်ရေး အလုပ်မျိုးပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပျော်တော်ဆက် မယ်များသည့်ထက် လျော့နည်းသွားစေရေး၊ ပျော်တော်ဆက်မယ် မရှိတဲ့ တိုင်းပြည် ဖြစ်လာစေရေးအတွက် ဆိုလျှင် လူထုဘဝ စီးပွားရေး အခြေခံတွေ ကောင်းမွန် မြင့်မားလာစေရေး၊ ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နိုင်ရေးနဲ့ လူထုကျန်းမာရေးလုပ်ငန်းများ အခြေခံကအစ ပြန်လည်ထူထောင်ရေး အဆက်မပြတ်ဆောင်ရွက်ကြမှသာ သည်လို လူမှုအနိဋ္ဌာရုံများ ကင်းစင်သွားမည်ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

Mizzima Weekly