တိုင်းရင်းသားမဲ ဘယ်သူယူမလဲ

17 June 2015
တိုင်းရင်းသားမဲ ဘယ်သူယူမလဲ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် လပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်ရာ တိုင်းရင်းသား ဒေသများတွင်
ပြိုင်ဆိုင်မှုများ ပြင်းထန်လာဖွယ် ရှိနေသည်။

တိုင်းရင်းသားဒေသ ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသား ပါတီများမှာလည်း အပြိုင်းအရိုင်း ရှိလှသည်။ ပြည်နယ်များတွင် တိုင်းရင်းသားပါတီများက တစ်ခုထက်မက ရှိနေကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားသော တိုင်းရင်းသား နိုင်ငံရေးပါတီများမှာ လေးဆယ်ကျော် ရှိနေပြီး။ နိုင်ငံရေးပါတီ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ရှိလေသည်။ သို့သော် အများစုမှာ တိုင်းရင်းသား နိုင်ငံရေး ပါတီငယ်များသာ ဖြစ်သည်။

အာဏာရပါတီနှင့် အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(ပြည်ခိုင်ဖြိုး)နှင့် အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) တို့က တိုင်းရင်းသား ဒေသများတွင်ပါမချန် မဲဆန္ဒနယ် အကုန်တွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြောဆိုထားသည်။

သို့ဖြစ်ရာ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာတိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အဓိက ပါတီကြီး နှစ်ခုတို့မှာ
ပြိုင်ဆိုင်ရဖွယ်ရှိနေပါသည်။ မဲစနစ်မှာလည်း တစ်မဲသာသူပင် အနိုင်ရသည့် စနစ်ဖြစ်လေရာ တိုင်းရင်းသား
ပြည်နယ်များတွင် ရေကုန်ရေခမ်း ပြိုင်ရမည့် သဘောဖြစ်သည်။

သို့သော် ၁၉၉၀၊ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲများအပေါ် အခြေခံပြီး သုံးသပ်ချက်များ အရ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားနိုင်ငံရေး ပါတီများသာ အနိုင်ရလိမ့်မည်ဟု ဟောကိန်းထုတ်သူများလည်း ရှိနေသည်။

အခြားတွင်မူ အဓိက ပါတီကြီး နှစ်ခုက ပြည်နယ်များတွင် ရွေးကောက်ပွဲဝင်မည်ဟု ဆိုထားသော်လည်း ယင်းပြည်နယ်များမှ
ဒေသခံတို့ လေးစား အားထား ယုံကြည်သူများကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မည့်သဘော ရှိနေပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသားချင်းသာ ပြိုင်ကြမည့်အသွင် ဖြစ်ပါသည်။

မည်သို့ဆိုစေ အဓိက အင်အားကြီးပါတီများသည် တိုင်းရင်းသား ဒေသများအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများကို
လေးလေးနက်နက် စဉ်းစား ချမှတ်ရမည် ဖြစ်သည်။ အစဉ်အဆက် မယုံမကြည် ဖြစ်နေမှုများကို လျော့နည်းသက်သာ
စေရန်နှင့် တိုင်းရင်းသားများ လိုလားသည့် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ရရှိရန် တိုင်းရင်းသားတို့ကို အမှန်တကယ် အကျိုးပြုမည့်သူများသာ ရွေးချယ်ခံစေသင့်သည်။

တိုင်းရင်းသားတို့၏ မဲဆန္ဒများကို မည်သူယူမည်လဲ ဆိုသည်မှာ အလွန် စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းဖြစ်သည်။ သို့သော် မဲဆန္ဒရှင် တိုင်းရင်းသားများကမူ မိမိတို့အကျိုးအတွက် အမှန်တကယ် အလုပ်လုပ်မည့်သူ (ဝါ) ငါးနှစ်တာ အပိုင်းအခြားကာလအတွင်း ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသခံများ အခွင့်အရေးရရှိအောင် မနားမနေ လုပ်ဆောင်မည့်သူများကိုသာ ပထမ ဦးစားပေး ရွေးချယ်ရမည်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly