ပြည်သူတို့က လုပ်ပြနေရသည့် နိုင်ငံကြီးသား စိတ်ဓာတ်

17 June 2015
ပြည်သူတို့က လုပ်ပြနေရသည့် နိုင်ငံကြီးသား စိတ်ဓာတ်

လွန်ခဲ့သည့် ရက်ပိုင်းက မိမိတို့နိုင်ငံ  ယူ ၂၃ ဘောလုံးအသင်းနှင့် စင်ကာပူနိုင်ငံ အိမ်ရှင်အသင်းတို့ အုပ်စုပွဲစဉ်၌ မိမိတို့ နိုင်ငံသားများ အားကြိုးမာန်တက် ကြည့်ရှုအားပေးခဲ့ကြရပါသည်။ ကံအားလျော်စွာ မိမိတို့မြန်မာအသင်းက စင်ကာပူအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မိမိတို့ မြန်မာ အားကစား ဝါသနာရှင်များအားလုံး ဂုဏ်ယူဝံ့ကြွားစွာ အားပေးကျေနပ်ခဲ့ကြရသည်ကို အားလုံး အသိပင် ဖြစ်သည်။ သို့သော် ဘော်လုံးပွဲ ပြီးသွားသောအခါ ဖြစ်ခဲ့ပျက်ခဲ့သည့် အဖြစ်အပျက်ကလေး တစ်ခုကိုမူ မိမိတို့ ပြည်သူအများစုက မသိလိုက်နိုင်ခဲ့ကြဟု ယူဆရပါသည်။ ယင်း အဖြစ်အပျက်မှာ မြန်မာ ဘောလုံးပွဲကြည့်ပရိသတ်သည် ပွဲပြီးသောအခါ ကွင်းအပြင်သို့ ရုတ်တရက် ပြန်မထွက်ဘဲ ကွင်းပြင်အနှံ့ ဘောပွဲကြည့် ပရိသတ်များ ချန်ထားစွန့်ပစ်ထားခဲ့ကြသည့် အမှိုက်များကို လိုက်လံကောက်ယူကာ စနစ်တကျ သိမ်းဆည်း သန့်ရှင်းပြီးမှသာ အိမ်ပြန်သွားခဲ့ကြသည့် အဖြစ်အပျက်ပင် ဖြစ်သည်။

သည်အဖြစ်အပျက်ကလေးမှာ ဘာမျှမဟုတ်ဟု ယူဆရသော်ငြားလည်း အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွင် တစ်ကွက်တစ်လေ ကြည့်ခွင့်ရလိုက်ကြသည့် မိမိတို့အဖို့ ဘောလုံးပွဲနိုင်လို့ ဖြစ်ကြရသည့် ပီတိစိတ်အပြင် သည်အဖြစ်အပျက်ကလေးက မိမိတို့၏ စိတ်ကို နောက်ထပ်ပြီး ဂုဏ်ယူစရာ၊ ပီတိဖြစ်စရာ ဖြစ်စေသည့် နောက်ဆက်တွဲ အဖြစ်အပျက်ကလေးအဖြစ် ခံစားလက်ခံနိုင်ခဲ့ကြပါသည်။

ယင်းအဖြစ်အပျက်ကလေးကို အကြောင်းပြုကာ သတိထားမိသည့်အချက်မှာ မိမိတို့ လူမျိုးများသည် စိတ်ဓာတ် အဆင့်အတန်းရှိသည့် နိုင်ငံကြီးသား စိတ်ဓာတ်ရှိသူများဖြစ်ကြောင်း ပြသလိုသည့်စိတ်ဖြင့် တမင်တကာပင် သည်လိုပြုမူ ပြသလိုက်ကြခြင်း ဖြစ်သည်ဟူသည့် အချက်ဖြစ်သည်။

သည်နေရာတွင် ဆက်လက်စဉ်းစားဖို့ လိုအပ်သည်မှာ နိုင်ငံကြီးသား စိတ်ရှိသူများ ဖြစ်သည်ကို ပြည်သူတို့သည် ဘာကြောင့် တကူးတက ယခုလို ပြသဖို့ ကြိုးစားခဲ့ကြရသနည်းဆိုသည့် အချက်ဖြစ်သည်။ အဖြေကတော့ ရှင်းပါသည်။ မိမိတို့ လူမျိုး မိမိတို့ တိုင်းပြည်သည် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်စွာ နေလာခဲ့ကြရခြင်းကို အဖတ်ဆယ် လိုသောကြောင့် ယခုလို အခါအခွင့်လေး ကံအားလျော်စွာ ကြုံတုန်း ကမန်းကတန်း ကြိုးစား တီထွင်ပြသ လိုက်ကြခြင်းသာ ဖြစ်သည်ဟူသည့် အဖြေ ဖြစ်သည်။

နိုင်ငံကြီးသား စိတ်ရှိသည်၊ နိုင်ငံကြီးသား စိတ်ထားနိုင်လောက်အောင် အစစ ဖွံ့ဖြိုးတိုးတက် စည်းလုံး ညီညွတ်သော တိုင်းပြည်၊ ပညာတတ်သည့် တိုင်းပြည်၊ အတွေးအခေါ် အဆင့်အတန်းမြင့်သော တိုင်းပြည်ဖြစ် သည် ဆိုသည်ကို ယခုလို လုပ်ဆောင် ပြသခြင်းဖြင့်ကော မိမိတို့ကို ကမ္ဘာကြီးက လက်ခံအသိအမှတ် ပြုလာ နိုင်ပါ၏လော။ စဉ်းစားဖွယ်ပင် ဖြစ်သည်။

တစ်ခါ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် စင်ကာပူနိုင်ငံသို့ ပညာတော်သင် သွားရောက် နေထိုင်ရသည့် မြန်မာပညာတော်သင် ကျောင်းသားတစ်ဦးက မိမိတို့ မြန်မာလူမျိုးများ အသိဉာဏ်ပညာ ခေါင်းပါးသူများဖြစ်ကြောင်း၊ အချင်းချင်း ရက်စက်စွာ အပြန်အလှန် သတ်ဖြတ်နေကြသူများ ဖြစ်ကြောင်း၊ ဆင်းရဲမွဲတေပြီး ပညာမတတ်ကြသူများ ဖြစ်ကြောင်း၊ စင်ကာပူလူမျိုးများ အတင်းပြောခံရသည်ကို သူ့ခမျာ  မခံစားနိုင်လောက်အောင် အပြောခံခဲ့ရကြောင်း၊ မချိတင်ကဲရင်ဖွင့်ဖော်ပြသည့် စာမျက်နှာ တစ်ခုကိုလည်း ဖတ်လိုက်ရသည်။

သို့သော် သည်လို အပြောအဆိုခံရသည့်ဘဝမှ မည်ကဲ့သို့ အမြန်ဆုံး လွတ်မြောက်အောင် သော်လည်းကောင်း၊ မည်သည့်အတွက်ကြောင့် ယခုလို မိမိတို့ လူမျိုးများ ယခုလို အထင်သေး အမြင်သေး ဖြစ်လာကြရသည် ဆိုသည်ကိုလည်းကောင်း သူ့မှာ အတိအကျ မသိနိုင်အောင် ဖြစ်ရသည်ဆိုသည့် သူ့အမြင်ကို နိဂုံးချုပ် တင်ပြထားသည်ကိုလည်း ဖတ်လိုက်ကြရ၏။

နိဂုံးချုပ်ရလျှင် မိမိတို့လူမျိုး မိမိတို့တိုင်းပြည် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေရသည့် အဖြစ်မှာ ငြင်းကွယ်လို့ မရနိုင်လောက်အောင် ကြုံ့တွေ့ဖြတ်သန်းနေကြရသည်ကို ဦးစွာပထမအားဖြင့် လက်တွေ့ကျကျ ရဲဝံ့ရိုးသားစွာ ဝန်ခံလက်ခံနိုင်ဖို့ လိုပါသည်။

အရေးအကြီးဆုံး အချက်မှာ သည်လို အခြေအနေဆိုးမှ အမြန်ဆုံး လွတ်မြောက်ကာ ကမ္ဘာ့အလယ်တွင် စည်းလုံးညီညွတ်သော၊ ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်တိုင်းပြည် တစ်ခုဖြစ်ကြောင်း ပြသနိုင်ရန် အမြန်ဆုံး နည်းလမ်းရှာဖွေ လုပ်ဆောင်ကြဖို့သာ အရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။

Mizzima Weekly