အလုပ်သမား ဝန်ထမ်းတွေ ကျန်းမာရေးအတွက် လူမှုဖူလုံရေး ဝင်ခွင့်ပြုစေချင်ပါတယ်

အလုပ်သမား ဝန်ထမ်းတွေ ကျန်းမာရေးအတွက် လူမှုဖူလုံရေး ဝင်ခွင့်ပြုစေချင်ပါတယ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှာနေတဲ့ မယမင်းကြိုင်က မေးလ်နဲ့ မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့လာပါတယ်။ သူရေးထားတာကတော့ မန္တလေးမြို့မှာ နေထိုင်တဲ့ သူဟာ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်လို့ ပြောပါတယ်။ နေ့စဉ်ထုတ် သတင်း စာတစ်စောင်မှာ လူမှုဖူလုံရေး ဦးစီးဌာနက လူမှုဖူလုံရေး ဝင်ထားတဲ့ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးကို ဆေးကုသဖို့အတွက် ထောက်ပံ့ငွေသိန်း ၂၀ ပေးတာကို ဖတ်လိုက် ရတာကြောင့် စာရေးချင်စိတ် ဖြစ်ပေါ်ပြီး ရေးခဲ့တာပါလို့ ဆိုပါတယ်။

သတင်းစာထဲမှာ ဖတ်ရတာကတော့ ၂၀၁၅-၁၆ ခုနှစ် ဘတ်ဂျက်ကနေ လူမှုဖူလုံရေး ဦးစီးဌာနရဲ့ ပထမဆုံး ထောက်ပံ့ကြေး အဖြစ် မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် တစ်ဦးအား ထောက်ပံ့ငွေ သိန်း ၂၀ ကို လူမှုဖူလုံရေး ဆေးရုံမှာ ပေးအပ်ခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။ ဒီသတင်းထဲမှာပဲ လူမှုဖူလုံရေး ဦးစီးဌာနကို လူမှုဖူလုံကြေး လစဉ် ပေးသွင်းလျက်ရှိတဲ့ နှလုံးရောဂါ၊
ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ အစရှိတဲ့ ရောဂါ ဝေဒနာရှင်တွေနဲ့ တခြားဆေးရုံများမှာ ဆေးကုသမှုခံယူလျက်ရှိတဲ့ လူနာတွေကို ငွေကြေးထောက်ပံ့မှုတွေ ပေးအပ်နေတယ် ဆိုတာလည်း ဖတ်လိုက်ရပါတယ်။ သူ့မှာ ငယ်စဉ်ကတည်းက နှလုံးရောဂါရှိပြီး ငွေကြေး အဆင်မပြေ တာကြောင့် ထိရောက်အောင် မကုသနိုင်ခဲ့ပါဘူး။ ငယ်ငယ် ကတည်းက လူမှုဖူလုံရေးဆိုတာ သတင်းစာတွေထဲမှာ ဖတ်ခဲ့ဖူးပေမယ့် ဘာမှန်း မသိခဲ့ပါဘူးလို့ ဆိုပါတယ်။

သူနဲ့ ရင်းနှီးတဲ့ အစိုးရဝန်ထမ်း အစ်မတစ်ယောက်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးကြည်တော့ အစိုးရ ဝန်ထမ်းတွေသာ မကဘဲ လူ ၅ ယောက်ရှိတဲ့ စက်ရုံ၊ ကုမ္ပဏီတွေလည်း လူမှုဖူလုံရေး ဝင်လို့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူအလုပ်ပြောင်းတာ ၅ ခုလောက် ရှိနေပြီ။ အလုပ်ဌာနတိုင်းမှာလည်း လူ ၂၀ အထက် တွေချည်းပေမယ့် လူမှုဖူလုံရေး ဝင်ဖို့ ပြောသံ မကြားခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ရှင်းပြတဲ့ အစ်မပြောသလို လစဉ်ပေးသွင်းရတဲ့ ကြေးက မများပေမယ့် အလုပ်သမားနဲ့ အလုပ်ရှင် အချိုးကျ ထည့်ဝင်ပေးရတယ်ဆိုတာမို့ အလုပ်ရှင်တွေက သူတို့ စိုက်ပေးရတဲ့ ငွေက နည်းပေမယ့် ပေးရမှာစိုးလို့ မဝင်ခိုင်းခဲ့ကြတာလို့ သူ့အနေနဲ့ ထင်မိပါတယ်လို့ ရေးပါတယ်။

အခုလက်ရှိ စီးပွားရေး အခြေအနေနဲ့ လုပ်ခ လစာတွေကြောင့် အလုပ်သမားတွေ အနေနဲ့ စားဝတ်နေရေးကို ကုန်ကျရတာတွေနဲ့တင် ကျန်းမာရေးအတွက် ကုန်ကျ ဖို့ ငွေဆိုတာ မတတ်နိုင်ကြ ပါဘူး။ ဒီလိုမျိုး ဝင်ကြေးငွေ အနည်းငယ် ထည့်ရုံနဲ့ အခမဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေတဲ့ လူမှုဖူလုံရေးကို အလုပ်သမားတိုင်း ဝင်သင့်ပါတယ်လို့ ပြောပါတယ်။

ဒါကြောင့် စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေ ကျန်းမာရေးအတွက် ထောက်ပံ့မှုတွေ ပေးနိုင်တဲ့ လူမှုဖူလုံရေးအဖွဲ့ ဝင်ရောက်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများအနေနဲ့ အလုပ်ရှင်တွေကို တွန်းအား ပေးသင့်ပါတယ်။

လူကျန်းမာမှ အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာနဲ့ မိမိကျရာ တာဝန်ကို ကျေပွန်အောင် ထမ်းရွက်နိုင်ကြမှာ
ဖြစ်တဲ့အတွက် နိုင်ငံတဝှမ်းလုံးက အလုပ်သမားတွေ လူမှုဖူလုံရေး ဝင်ရောက်နိုင်ဖို့ကို အာဏာပိုင်တွေက စီမံချက်နဲ့ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ရေးသားပေးပို့ခဲ့တဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly