အမျိုးသမီးနှင့် ရွေးကောက်ပွဲ

အမျိုးသမီးနှင့် ရွေးကောက်ပွဲ

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ၏ နိုင်ငံရေးတွင် ပါဝင်မှုအရေအတွက်မှာ လက်ရှိအချိန်ထိ လျော့နည်းနေပြီး လွှတ်တော်တွင် ပါဝင်မှုမှာလည်း ငါးရာခိုင်နှုန်းခန့်သာ ရှိနေသေးသည့် အနေအထား ဖြစ်သည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှုမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ခုထက် ကျော်လွန်နိုင်ပြီး ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် အမျိုးသမီးများလည်း ရှိနေပြီ ဖြစ်သည်။

သို့ဖြစ်၍ မဇ္ဈိမ အနေဖြင့် အမျိုးသမီးနှင့် ရွေးကောက်ပွဲ အမည်ဖြင့် စကားဝိုင်း စီစဉ်ခဲ့ပြီး လွှတ်တော်တွင် အမျိုးသမီး ပါဝင်မှုနှုန်း၊ လူထု အခြေပြု အဖွဲ့အစည်းများ အနေဖြင့် ကိုယ်စားလှယ်လောင်း အမျိုးသမီးများကို ကူညီပေးမှု၊ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် အမျိုးသမီးများအနေဖြင့် တွေ့ကြုံနိုင်သည့် စိန်ခေါ်မှုများ၊ အခက်အခဲများ စသည်တို့ကို ဆွေးနွေးထားသည်။

အဆိုပါ ဆွေးနွေးပွဲကို မော်ဒရေတာ အဖြစ် Rainfall နိုင်ငံရေး သင်တန်းကျောင်းမှ ကျားမရေးရာ သုတေသီ မပျိုးလက်ဟန် က ဆောင်ရွက်ပေးထားပြီး ပြည်ကြီးခင်အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်း၊ မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ချင်းတိုးတက်ရေး ပါတီမှ ဒေါ်ချယ်ရီဇာဟောင်တို့က ပါဝင်ဆွေးနွေးထားကြသည်။

ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးများ ဘာတွေ ပြင်ဆင်ထားသင့်လဲ၊ လူထု အခြေပြု အဖွဲ့အစည်းများက ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ဘယ်လို ပံ့ပိုးပေးသင့်လဲ ...

မပျိုးလက်ဟန်

မင်္ဂလာပါ။ ယနေ့တင်ဆက်မယ့် အစီအစဉ်ကတော့ အမျိုးသမီးနဲ့ ရွေးကောက်ပွဲဆိုတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်အောက်မှာ ကျွန်မတို့ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာလေးကတော့ ဒီ ၂၀၁၅ ခုနှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အရွေးခံမယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်လဲ၊ ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အနေနဲ့ကော ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း အမျိုးသမီးတွေကို ဘယ်လိုကူညီပံ့ပိုး ပေးသင့်တယ်ဆိုတာကိုလည်း ကျွန်မတို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မပျိုးလက်ဟန်

အစ်မရေ ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဘာလို့ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံသင့်တယ်လို့ အစ်မအနေနဲ့ ထင်ပါသလဲ။ နောက်တစ်ခုက လွှတ်တော်မှာလည်း အခုအမျိုးသမီး ရာခိုင်နှုန်းက တော်တော်နည်းနေတယ်လို့ ကျွန်မတို့သိရတယ်။ အဲ့ဒီတော့ ဘာကြောင့်ပေါ့နော် အစ်မအနေနဲ့ လွှတ်တော်မှာ အမျိုးသမီးအနည်းဆုံး ဘယ်လောက်ရာခိုင်နှုန်း ပါဝင်သင့်တယ်လို့ ထင်ပါသလဲ။ နောက်တစ်ချက်ကတော့ အစ်မတို့လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ ဒီကိုယ်စားလှယ်လောင်း အမျိုးသမီးတွေကို ဘယ်လောက် ကူညီပံ့ပိုးပေးနေတာ ရှိပါသလဲရှင့်။

မနွယ်ဇင်ဝင်း

အစ်မတို့အနေနဲ့ကတော့ ဒီအမျိုးသမီးတွေက ရွေးကောက်ပွဲမှာ ဖြစ်နိုင်လို့ရှိရင် အများဆုံးပါဝင်ယှဉ်ပြိုင် သင့်တယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်မှာ အမျိုးသမီးတွေ အရေအတွက်တွေ များလာဖို့လိုတယ်ပေါ့နော်။ အခုလက်ရှိက ၄ ဒသမ ၆ ရာခိုင်နှုန်းဆိုတော့ အလွန်နည်းပါတယ်။ ဒါကြောင့် ဘာကြောင့် အမျိုးသမီးတွေ အများကြီးပါလာဖို့ လိုအပ်သလဲဆိုတာကို ပြန်ကြည့်မယ်ဆိုရင် အစ်မတို့ CSO (အရပ်ဘက် အဖွဲ့အစည်း) တွေအနေနဲ့က ဒီလူထုနဲ့ထိတွေ့ ဆက်ဆံတယ်ပေါ့နော်။ အဲ့ဒီမှာ အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေ၊ အမျိုးသမီးတွေရဲ့ အခက်အခဲတွေ၊ အမျိုးသမီးတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြဿနာတွေရှိတယ်ပေါ့နော်။ ဥပမာဆိုလို့ရှိရင် အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှု လုပ်တဲ့အခါမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်တော့ နယ်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရဘူး။ ဒီအတွက်ကြောင့် မိခင်ကလေး မွေးဖွားနှုန်းတွေ၊ သေဆုံးနှုန်းတွေများတယ်ပေါ့နော်။ ဒီလိုကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒီလိုကိစ္စတွေကို မူဒါဒတွေချတဲ့အခါမှာ ကိုယ်စားပြုဆွေးနွေး နိုင်ဖို့အတွက်ကို လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ် များဖို့လိုတယ်ပေါ့နော်။

အခုကျတော့ ၄ ဒသမ ၆ ရာခိုင်နှုန်း ဆိုတာ့ တော်တော်နည်းတယ်ပေါ့နော်။ အဲ့ဒီတော့ ဒီလိုမျိုး များများပါလာမှ နိုင်ငံတော်က ဒီမိုကရေစီလမ်းစဉ် ကိုသွားတဲ့ နိုင်ငံတစ်ခုကို သွားနေတဲ့နေရာမှာ ပိုပြီးတော့ ဒီဟာကထိရောက်မယ်ပေါ့နော်။ အမျိုးသမီးတွေ ရာခိုင်နှုန်းနည်းရင် ကိုယ်စားပြုမှုတွေ များလာလို့ရှိရင် ပိုပြီးထိရောက်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် အမျိုးသမီးတွေ ယှဉ်ပြိုင်သင့်တယ်။ နောက်တစ်ခုက အမျိုးသမီးတွေဟာ အုပ်ချုပ်ရေးကဏ္ဍတွေမှာလည်း အင်မတန် နည်းတယ်ပေ့ါနော်။ ရပ်ကျေးအဆင့်မှာပဲ ကြည့်လိုက် အမျိုးသမီးအုပ်ချုပ်ရေးမှူးဆိုတာ မတွေ့ရသလောက်ပဲပေါ့နော်။

အဲ့တော့ အုပ်ချုပ်ရေးကဏ္ဍတွေမှာလည်း နည်းတဲ့အခါကျတော့ ဒီအမျိုးသမီးတွေအတွက် ကိုယ်စားပြုပြီး စဉ်းစားပေးမယ့်သူတွေ လည်းလိုအပ်တယ်ပေါ့နော်။ ဒါကြောင့် ဒီအုပ်ချုပ်ရေးကဏ္ဍတွေမှာ များလာဖို့အတွက်ကို လွှတ်တော်ထဲမှာ အမျိုးသမီးတွေ အများကြီးရှိဖို့ လိုအပ်တယ်။ အစ်မတို့အရပ်ဘက် လူ့မှုအဖွဲ့အစည်းတွေမှာ အထူးသဖြင့် အမျိုးသမီးအဖွဲ့တွေကတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီးအမတ်လောင်းတွေကို ပညာပေး ဥပမာဆိုလို့ရှိရင် ဘယ်လိုမျိုး ရွေးကောက်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘယ်လိုရှိသလဲ။ နောက်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါမှာ ဘာတွေသိထားဖို့ လိုသလဲဆိုတဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ နောက်အမြင်ဖွင့် သင်တန်းတွေ လုပ်ပေးနေတယ်ပေါ့နော်။ အဲ့ဒါအပြင်မှာ မြန်မာနိုင်ငံမှာက တစ်ဝက်ကျော်ကျော်က အမျိုးသမီးလူဦးရေ ရှိတဲ့အခါကျတော့ မဲပေးမယ့်လူဦးရေ တော်တော်များများက အမျိုးသမီးတွေ ဖြစ်တယ်ပေါ့နော်။ အဲ့ဒီအခါမှာ အမျိုးသမီးတွေ မဲပေးနိုင်အောင် ပညာပေးတာတွေ အမြင်ဖွင့်သင်တန်းတွေ လုပ်နေတာတွေရှိတယ်။ ဒါကတော့ အရပ်ဘက်အဖွဲ့အစည်းတွေက အမျိုးသမီးလူဦးရေ များလာအောင် တတ်နိုင်တဲ့ဘက်က နေပြီးတော့ ဝင်ရောက်ဆောင်ရွက် နေကြတာဖြစ်တယ်။

မပျိုးလက်ဟန်

ကောင်းပါတယ်။ အစ်မတို့လုပ်ငန်းကို ကျွန်မကြိုက်ပါတယ်။ မဖြူဖြူသင်းကို ကျွန်မမေးခွန်းလေးမေးပါရစေ။ ခုနက မနွယ်ဇင်ဝင်း ပြောသွားသလိုပဲပေါ့။ လွှတ်တော်ထဲမှာ အမျိုးသမီးတွေက ၄ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိတယ်ပေါ့။ လူဦးရေအားဖြင့်ဆိုရင် ၂၉ ဦး ပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ် ၆၅၆ ဦးမှာမှ ၂၉ ဦးပဲရှိတယ် ဆိုတော့ ဒါအင်မတန်ကို နည်းပါတယ်ပေါ့။ အဲ့တော့ အစ်မအနေနဲ့ကော အတွေ့အကြုံရှိတဲ့ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ ဘာကြောင့်လွှတ်တော်ထဲမှာ အမျိုးသမီးတွေ နည်းနေတယ်လို့ အစ်မထင်ပါသလဲ။ နောက်ပြီးတော့ အစ်မကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံတဲ့ နေရာမှာကော အစ်မဘာတွေ ပြင်ဆင်ထားခဲ့ရတာ ရှိလဲပေ့ါ။ နောက်မျိုးဆက် အမျိုးသမီးတွေကိုလည်း မျှဝေပေးပါဦးအစ်မ။

မဖြူဖြူသင်း

အဓိကကတော့ ကျွန်မမြင်တာပေါ့နော် ဒီလွှတ်တော်ထဲကို အမျိုးသမီးရောက်လာတာ နည်းတာဘာကြောင့်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် လို့လည်း ပြောလို့ရတယ်ပေါ့နော်။ ဘာကြောင့်လဲဆို ကျွန်မတို့ဒီလူငယ် တော်တော်များများက ၈၈ အရေးခင်းကနေစပြီးတော့ နိုင်ငံရေးကို ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ဖို့ကို တော်တော်လေးကို အခက်အခဲဖြစ်တယ်ပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေးလုပ်ရမှာကို ကြောက်စရာတစ်ခု ဖြစ်အောင်ကို လုပ်ထားတဲ့အခါကျတော့ ဒါလုပ်လို့ရှိရင် အဖမ်းဆီးခံရမယ်။ ထောင်ချခံရမယ်။ မိသားစုဘ၀ ပျက်မယ်ဆိုတဲ့ဟာက လူတွေအားလုံးမှာ ဒါကို စွဲလာတဲ့အခါကျတော့ နိုင်ငံရေးလုပ်ဖို့ လူတော်တော်များများက တွန့်သွားတယ်။ အဲ့အခါကျတော့ ကျွန်မတို့ဒီ အပြောင်းအလဲဖြစ်တာလည်း ၂၀၁၀ မှစပြီးဖြစ်တယ်။ ဒီပါတီစုံရွေးကောက်ပွဲတို့ ဘာတို့စပြီးဖြစ် တဲ့အခါကျတော့ အဲ့ဒီအချိန်ကျမှ စပြီးတော့ အပြောင်းအလဲနဲ့အတူ ရွေးကောက်ပွဲတွေ ဖြစ်လာတဲ့အခါ ကျတော့ အမျိုးသမီးတွေအပါအဝင် ကျွန်မတို့နိုင်ငံမှာရှိနေတဲ့ ကိုယ်စားလှယ်တွေက အဆင်သင့် မဖြစ်ကြဘူး။ ဒီလွှတ်တော်ကိုယ်စားလှယ် လုပ်တာပဲဖြစ်ဖြစ် နိုင်ငံရေးထဲမှာ အရှေ့ကိုဆောင်ရွက်ဖို့ပဲဖြစ်ဖြစ် အများကြီးအခက်အခဲရှိတယ်။ ပိုဆိုးသွားတာကတော့ အမျိုးသမီးတွေပေါ့။ အမျိုးသမီးတွေအနေနဲ့ကတော့ အရင်ကတည်းက ကျွန်မတို့နိုင်ငံမှာရှိနေတဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံခံရမှုတွေ အမျိုးသမီးတွေကအမြဲတမ်း နောက်တန်းမှာပဲ ရှိတဲ့အခါကျတော့ အခုလိုနိုင်ငံရေးကိစ္စရပ်တွေ ဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့ ၂၀၁၀ မှာပဲကြည့်ကြည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာပဲကြည့်ကြည့် တော်တော်လေးကို အင်အားနည်းနေတာကို တွေ့ရတာပေါ့နော်။

မပျိုးလက်ဟန်

အစ်မအနေနဲ့ကော ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အရွေးခံတဲ့အခါမှာ ဘယ်လိုမျိုးအတွေ့အကြုံတွေ ရှိခဲ့သလဲ။ နောက်ပြီးတော့ အစ်မရဲ့ အမျိုးသားဒီမိုကရေစီပါတီအနေနဲ့ကော အစ်မကိုဘယ်လိုများ ကူညီပံ့ပိုးမှုတွေရှိခဲ့သလဲ။

မဖြူဖြူသင်း

အဓိကကတော့ ကျွန်မတို့ပါတီအနေနဲ့ကတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ရွေးချယ်တဲ့အခါမှာ ကတည်းက ပါတီမှာမူချလိုက်တာပေါ့နော်။ လူငယ်ဖြစ်ရမယ်။ အမျိုးသမီးဖြစ်ရမယ်။ ဒီလိုစံသတ်မှတ် လိုက်တဲ့အခါကျတော့ အမျိုးသမီးအင်အားက ကျွန်မတို့ပြောရမယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းလောက် ကျွန်မတို့ဘက်က ပါလာခဲ့တယ်ပေါ့နော်။

ဒါပေမယ့် ကျွန်မတို့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်မတို့ဘက်က အဆင်သင့် ပြင်ဆင်ထားတာတွေ အားနည်းတယ်။ ခုနကပြောသလို ဒီလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလုပ်ရမလဲ၊ ဘာတွေဆောင်ရွက်ရမလဲ ကျွန်မတို့ရက်အတိုလေးနဲ့ပဲ ဘယ်လိုကမ်ပိန်းတွေ လုပ်ရမလဲ။ တခြားနိုင်ငံတွေမှာ ဘာတွေလုပ်ခဲ့သလဲ ဒါကိုကျွန်မတို့က ရက်တိုတိုလေးနဲ့ပဲ ဆွေးနွေးကြ၊ ညှိနှိုင်းကြ လာပြီးတော့ မျှဝေကြတာတွေ ကျွန်မတု့ိ နည်းနည်းပဲရခဲ့လိုက်တယ်။

အခု ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကျွန်မမြင်တာကတော့ အခုကျွန်မတို့တွေ့နေရတာတွေ ရှိတယ်ပေါ့။ အခြား CSO တွေလုပ်နေတာ တွေရှိတယ်။ နောက်တစ်ချက်ကကျတော့ အမျိုးသမီးတွေ အနေနဲ့လည်း နိုင်ငံရေးထဲမှာ ပိုပြီးတော့ စိတ်ဝင်စားလာတာတွေ တွေ့ရတယ်။ နောက်သူတို့ဘာတွေ ပြင်ဆင်ရမလဲဆို တချို့နေရာတွေမှာ တော်တော်များများက အမျိုးသမီးတွေ ရွေးကောက်ပွဲ မဝင်ခင်ကတည်းကိုက ဒီကမ်ပိန်းမှာ ဘာတွေလုပ်ကြမလဲ။ ပြည်သူကို ဘယ်လိုစည်းရုံးကြမလဲ။ ကိုယ်တွေကလည်း ဘာတွေလေ့လာထား ရမလဲ။ နိုင်ငံရေးနဲ့ပတ်သက်လို့ အစရှိသဖြင့် နိုင်ငံရေးလုပ်တယ် ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အကြောင်းအရာတွေကို သိထားဖို့လိုပါတယ်။

နောက်တစ်ခုက ကျွန်မတို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူမှုရေးပြဿနာတွေ ပြဿနာပေါင်းမြောက်မြားစွာ ရှိတဲ့ဟာကို တော်တော်များများ သိထားရင်တော့ ပိုပြီးတော့ကောင်းတယ်လို့ ကျွန်မကမြင်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့အနေနဲ့ကတော့ ဘာမှပြင်ဆင်မှု မရှိဘဲနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်တာပေါ့နော်။ ဒီ ၂၀၁၅ မှာ အားလုံပြင်ဆင်ပြီးတော့ အတတ်နိုင်ဆုံး အမျိုးသမီးတွေ ဝင်ရောက်မယ်ဆိုရင် ကျွန်မတို့အမျိုးသမီး အဖွဲ့တွေရော မြန်မာနိုင်ငံမှာရှိနေတဲ့ အခြားအခြားသော အဖွဲ့အစည်းအားလုံး လက်ကမ်းကြိုဆိုပြီးတော့ အမျိုးသမီးတွေ နေရာပိုရအောင် ကြိုးစား ပေးမယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။

မပျိုးလက်ဟန်

ဟုတ်ကဲ့။ မချယ်ရီရေ ခုနတုန်းက မဖြူဖြူသင်းလည်း ပြောသွားတယ်ပေါ့နော်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက အတွေ့အကြုံတွေလည်း အများကြီးပြောသွားတယ်။ အဲ့တော့ တိုင်းရင်းသူကိုယ်စားလှယ်အနေနဲ့ ပထမဆုံး ပါဝင်ယှဉ်ပြိုင်မယ့် မချယ်ရီအနေနဲ့လည်း တော်တော် စိတ်လှုပ်ရှားနေမှာပဲနော်။ အဲ့တော့ ချင်းတိုးတက်ရေးပါတီက နေပြီးတော့မှ ပါဝင်ယှဉ်ပြိုင် အရွေးခံမယ့် မချယ်ရီအနေနဲ့ကော ဘာတွေများပြင်ဆင်ထားတာ ရှိသလဲပေါ့။ အထူးသဖြင့် ကိုယ့်ရဲ့ပြည်နယ်မှာ လက်ရှိရှိနေတဲ့ အခြေအနေတွေကကော ဘယ်လိုများရှိသလဲပေါ့။ ချင်းအမျိုးသမီးတစ်ယောက် လွှတ်တော်မှာ ပါဝင်ပြီးတော့မှ ရွေးကောက်ပွဲမှာ ပါဝင်ပြီးတော့မှ အရွေးခံမယ့်အပေါ်မှာ လူထုရဲ့သဘောထား အမြင်တွေကကော ဘယ်လိုရှိနေပါသလဲ။

မချယ်ရီ

ဟုတ်ကဲ့။ ကျွန်မတို့ချင်းတောင်မှာ ဆိုလို့ရှိရင် ခုနကသတင်းအချက်အလက်တွေက လုံးဝကိုမရှိသေးသလို ဖြစ်နေတယ်။ တယ်လီဖုန်းမရှိဘူး။ အင်တာနက်မရှိဘူး။ ပြီးရင် Facebook, Social Media တွေဆိုတာ လုံးဝမရှိဘူး။ သတင်းစာကလည်း မြို့ပေါ်မှာပဲရောက်တယ်။ အဲ့ဒါတောင်မှ တစ်ပတ်လောက်ကြာမှ ရောက်သွားတဲ့ဟာမျိုးတွေပေါ့နော်။ ဆိုတော့လူတွေက မြို့မှာဘာတွေဖြစ်နေသလဲ ဆိုတာတွေကို မသိကြဘူး။ အဲ့လိုမျိုးမသိနေတဲ့အခါကျတော့ တောမှာရှိနေတဲ့ အမျိုးသမီးတော်တော် များများကတော့ တောင်ယာသွားမယ်၊ ပြန်လာမယ်။ ထမင်းချက်မယ်။ ဒါပဲသူတို့ဘဝက ဒီနိုင်ငံရေးသည် သူတို့နဲ့မဆိုင်ဘူး။ အဲ့လိုမျိုးယူဆတာတွေ ရှိတယ်ပေါ့နော်။

အဲ့လိုမျိုး တစ်နှစ်ပြီးတစ်နှစ် အလုပ်နဲ့ပဲ၊ မိသားစုနဲ့ပဲလုံးချာနေတဲ့ အမျိုးသမီးတွေအတွက်က တော်တော်လေးကို သင်တန်းပေးဖို့လည်းလိုတယ်။ အဲ့ဒါမျိုးတွေ ကျွန်မတို့ လုပ်နေတယ်ပေါ့နော်။ ဒါပေမယ့် စိတ်ဝင်စားလာတဲ့ အမျိုးသမီးတွေကျတော့လည်းပဲ ခေါင်းဆောင်မှုပိုင်း ဆိုင်ရာမှာ နေရာသိပ်မပေးဘူး။ ကျွန်မတစ်ယောက် အနေနဲ့ဆိုလို့ရှိရင် အမျိုးသားတွေထက်နှစ်ဆ ပိုပြီးတော့ အလုပ်လုပ်နေရတယ်။ သွားတာလာတာကစလို့ပေါ့။ ကိုယ်ကအမြဲတမ်းပဲ အမျိုးသားတွေထက် ပိုပြီးတော့ ဒီကိစ္စကို လူထုတွေရင်ဆိုင်နေရတဲ့ ပြဿနာကို ပိုသိတယ်။ ဒါမှမဟုတ်ရင် ပိုပြီးတော့ လူထုတွေနဲ့ နီးစပ်မှုပိုရှိတယ်ဆိုတဲ့ ဟာမျိုးတွေအမြဲတမ်းပဲ ပိုပြနေရတယ်။ အဲ့ဒါကျွန်မတို့ရဲ့ ယဉ်ကျေးမှုအရပေါ့နော်။

နောက်တစ်ခုကကျတော့ ဒီလူထုတွေကလည်းပဲ ဒီပါတီထဲမှာကော ပြင်ပမှာကော အမျိုးသားတွေပြောမှ ဒါကပိုပြီးတော့ ခိုင်လုံတယ်ပေါ့နော်။ အဲ့ဒါမျိုးတွေရှိနေတဲ့အခါကျတော့ အဲ့ဒါတွေလည်း မနည်းကိုပြန်ပြီးတော့ အပြောင်းအလဲဖြစ်အောင် ကိုယ်ကကြိုးစားရတယ်။ လူထုတွေအတွေးအခေါ်တွေ ပြောင်းဖို့အတွက် ကိုယ်ကမနည်း ကြိုးစားရတယ်။ ခုနောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ ပြောင်းလာတာ တွေ့ရတယ်။ ဒီ ၂၀၁၅ မှာ အထူးသဖြင့် ၂၀၁၅ မှာဆိုရင် ကျွန်မဝင်ပြိုင်ရမယ့် အကြောင်းအရာကလည်း ပါတီကတိုက်တွန်းတယ်။ ကျွန်မရဲ့အသိုင်းအဝိုင်း သူငယ်ချင်းတွေ အကုန်လုံးကလည်း တိုက်တွန်းတယ်။ ဘာလို့လည်းဆိုတော့ လူငယ်တွေမြင်ချင်တယ်။ အမျိုးသမီးတွေကို မြင်ချင်တယ်။ အခုအဆက်ဆက် အုပ်ချုပ်လာတဲ့ဟာတွေကို မလိုချင်တော့ဘူး။ အပြောင်းအလဲလိုချင်တယ် ဆိုတဲ့ဟာမျိုးဖြစ်နေတယ်ပေါ့။

ရွေးကောက်ပွဲဝင်မယ့် အမျိုးသမီးများ ဘယ်လို စိန်ခေါ်မှုတွေ ရှိမလဲ

မပျိုးလက်ဟန်

ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်လိုပြင်ဆင် သင့်တယ် ဆိုတဲ့အပိုင်းကို ဆွေးနွေးပြီးပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကိုယ်စားလှယ်လောင်း အမျိုးသမီးတွေအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနိုင်သလဲ။ ဒီစိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း လူထုထဲမှာကော ဘယ်လိုမျိုးပုံစံနဲ့ ရှိနေသလဲဆိုတာကို ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

မပျိုးလက်ဟန်

အစ်မရေ အစ်မအနေနဲ့ လူထုတွေထဲမှာလည်း အမြဲတမ်းသွားလာပြီးတော့ အစ်မလှုပ်ရှားမှုတွေ လုပ်နေတဲ့သူအနေနဲ့ပေါ့နော် လူထုရဲ့အမျိုးသမီးခေါင်းဆောင်မှုပေါ်မှာ အမြင်တွေကကော ဘယ်လိုရှိလဲ။ နောက်တစ်ခုကကျတော့ အစ်မလည်းပြောသွားတယ်။ ထက်ဝက်ရှိတဲ့လူဦးရေရှိတဲ့ အမျိုးသမီးတွေ မဲပေးဖို့လိုတယ်ဆိုတော့ ဒီမဲဆန္ဒရှင်အမျိုးသမီးတွေအနေနဲ့ မဲပေးဖို့မှာသူတို့မှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရတာရှိလဲ အစ်မ။

မနွယ်ဇင်ဝင်း

အခုလက်ရှိအခြေအနေပေါ့နော်။ လက်ရှိအခြေအနေက လူထုထဲမှာလူထုတွေက အမျိုးသမီးခေါင်းဆောင်တွေကို လက်ခံတယ်။ အစ်မတို့ CSO တွေမှာလည်း ဦးဆောင်တဲ့သူတွေရှိတယ်။ ဦးဆောင်တဲ့သူတွေကို လက်ခံတယ်။ ဒါပေမယ့် အဓိကအခက်အခဲက ဘာလဲဆိုတော့ နောက်ဆုံးမှာ အမျိုးသမီးဦးဆောင်မှုကိုလည်း လက်ခံတယ်။ အမျိုးသမီးနဲ့ အမျိုးသားနဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဆုံးဖြတ်ချက်ချရတော့မယ်ဆိုတဲ့ အခါကျတော့ အမျိုးသားတွေ နောက်ကိုပါသွားပြီ။ ခုချိန်ထိ ဒီဓလေ့က ရှိနေသေးတယ်။ ဒါကစိန်ခေါ်မှု အကြီးကြီးရှိတယ်ပေါ့နော်။

အဲ့ဒါနဲ့ပတ်သက်ပြီး နောက်တစ်ခုက ဘာဆက်လာလဲ ဆိုတဲ့အခါကျတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းက သူ့ရဲ့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုက သူ့ရဲ့တခြား တာဝန်တွေရှိတယ်။ ဥပမာဆိုလို့ရှိရင် အိမ်ထောင့်တာဝန်တွေ၊ မိသားစုတာဝန်တွေ အဲ့ဒီမိသားစုတာဝန်တွေကိုလည်း တစ်ဖက်မှာ ထမ်းဆောင်ထားတယ်။ တစ်ဘက်ကလည်း ဒီလိုယှဉ်ပြိုင်မှုအတွက်ကို ပြင်ဆင်မှုတွေ အများကြီးလုပ်ရတယ် ဆိုတဲ့အခါကျတော့ အမျိုးသားကိုယ်စားလှယ်တွေထက် သူကနှစ်ဆပိုပြီးတော့ အလုပ်လုပ်ရတယ်။ အဲ့ဒီအတွက်ကြောင့် ခုနလိုမျိုးအနေအထားမှာရှိနေတဲ့ သူ့ဘေးနားမှာ ပတ်ဝန်းကျင်မှာ သူ့မိသားစုတွေ၊ သူ့ရဲ့အသိုင်းအဝိုင်းတွေဟာ သူ့ကိုပံ့ပိုးပေးမှ သူကဝင်ရောက်ယှဉ်ပြိုင်တာ လုပ်လို့ရတယ်။ အဲ့လိုပံ့ပိုးတဲ့ အသိုင်းအဝိုင်းမရှိရင် ခုနလိုမျိုး မိသားစုတာဝန်တွေ အိမ်ထောင့်တာဝန်တွေနဲ့ အမျိုးသမီးတစ်ယောက်ဟာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်တယ်ပေါ့နော်။

နောက်တစ်ခုကလည်း ဒီအမျိုးသမီးတွေဟာ မဲဆွယ်တဲ့အခါမှာ စည်းရုံးတဲ့အခါမှာပေါ့နော် သူတို့အတွက်အခြားသော အဓိကကျတဲ့ စိန်ခေါ်မှုတစ်ခုက ဘာလဲဆိုတော့ အခုလက်ရှိမှာကတော့ Social Media လို့ခေါ်တဲ့ လူမှုကွန်ရက်နဲ့ပတ်သက်တဲ့ Media တွေက အရမ်းမြန်တယ်ပေါ့နော်။ အရမ်းမြန်တဲ့အခါကျတော့ နောက်တစ်ခါ လက်ရှိနိုင်ငံရေးအနေအထား အရလည်း Identities Group လို့ခေါ်တဲ့ အုပ်စုကွဲတဲ့သူတွေ ရှိတယ်ပေါ့နော်။ အုပ်စုတွေသူ့ဟာနဲ့ သူကွဲနေတယ်။ အဲ့တော့ ဒီအမျိုးသမီးက သူမဲဆွယ်နေတဲ့ အမျိုးသမီးအမတ်လောင်း အနေနဲ့ပေါ့နော် တခြားတစ်ဖက်က အုပ်စုတစ်စုကနေပြီးတော့ ဒီအမျိုးသမီးကတော့ ဒီလိုမျိုးဘက်မှာ ရပ်တည်တယ်လို့ဆိုပြီး ပုံဖျက်ထားမှုတွေရှိနိုင်တယ်။ အဲ့လိုပုံဖျက်ခြင်းအားဖြင့် ဒီအမျိုးသမီးကို ခေါင်းစဉ်တပ်လိုက်တာပေါ့နော်။

ဥပမာ-ဒီအမျိုးသမီးဟာ အမျိုးဘာသာသာသနာကို မစောင့်ရှောက်ဘူးလို့ ပြောလိုက်တာနဲ့ သူရဲ့မဲပေးဖို့ဟာတွေကို အများကြီးထိခိုက်တယ်။ ဒီအမျိုးသမီးတစ်ယောက်ရဲ့ ပထမဦးဆုံး အရမ်းအရေးကြီးတဲ့ စိန်ခေါ်မှုတွေကတော့ ဒီ Social Media ကတဆင့် သူတို့အပေါ်မှာ ပုံဖျက်ခံရတယ် ဆိုတဲ့နေရာမှာ အဲ့လိုပဲဒီ Social Media ကတဆင့်ပဲ ခြိမ်းခြောက်ခံရတာတွေရှိတယ်။ ဆိုတော့ နောက်တစ်ခုကတော့ စိန်ခေါ်မှုတစ်ခုကတော့ ဒီအမျိုးသမီးမဲဆန္ဒရှင်တွေပေါ့နော် အစ်မပထမတစ်ခါတုန်း ကလည်း ပြောခဲ့တယ်။ တစ်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။ အဲ့တော့ တစ်ဝက်ကျော်ကလည်း အမျိုးသမီးမဲဆန္ဒရှင်တွေဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးတွေက မဲပေးတဲ့အခါမှာ ဘယ်လိုပေးနေလဲဆိုတာကို အစ်မတို့က Study (လေ့လာ) လုပ်ထားတာမရှိဘူး။ ကိုယ်ကဘယ်လိုစဉ်းစားပြီး ပေးတာလဲ။ အိမ်ကအမျိုးသားက ဘယ်ပါတီကို ထည့်ဆိုပြီးပေးတာလား။ ဒါမှမဟုတ် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့သူ ပေးတာလား။ သူကိုယ်တိုင်ကကော အမျိုးသမီး ခေါင်းဆောင်မှုပေါ်မှာ ဘယ်လိုမျိုး စဉ်းစားပြီးပေးတာလဲ ဆိုတာ သေချာမသိနိုင်ဘူးပေါ့နော်။ ဒါကလည်း အစ်မတို့အတွက်တော့ အမျိုးသမီးအမတ်လောင်းတွေ အတွက် စိန်ခေါ်မှုတစ်ခုပဲ။

မပျိုးလက်ဟန်

ကျေးဇူးတင်ပါတယ်။ မဖြူဖြူသင်း အနေနဲ့ပေါ့နော် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ အစ်မကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ကောရှိလားပေါ့။ တကယ်လို့များ အစ်မတို့လို ပါတီရဲ့ပံံ့ပိုးမှု၊ ကူညီမှုမရှိတဲ့ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ့် အမျိုးသမီးအမတ်လောင်းတွေ အနေနဲ့ကော ဘယ်လိုအခက်အခဲမျိုးတွေ၊ ဘယ်လိုစိန်ခေါ်မှုမျိုးတွေ ရှိနေနိုင်ပါလဲရှင့်။

မဖြူဖြူသင်း

ကျွန်မအနေနဲ့ မြင်တာကတော့ မနှစ်ကတော ကျွန်မတို့ကြားဖြတ်ရွေးကောက်ပွဲ ဝင်တုန်းကတော့ တကယ့်ကို အရမ်းကိုကြီးမားတဲ့ အခက်အခဲ၊ စိန်ခေါ်မှုကတော့ သိပ်မတွေ့ရဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ဝင်ပြိုင်တာကလည်း ကျွန်မတို့က ၄၀ ကျော်ပဲကိုး။ ပါတီတစ်ခုအနေနဲ့ ၄၀ ကျော် ဝင်ပြိုင်တဲ့အခါကျတော့ ဝိုင်းဝန်းပံ့ပိုးတာတွေ၊ ကူညီတာတွေ၊ စောင့်ရှောက်တာတွေ ရှိတဲ့အခါကျတော့ သိပ်တော့ အခက်အခဲ မရှိခဲ့ဘူးပေါ့နော်။

ဒါပေမယ့် အခု ၂၀၁၅ မှာတော့ ကျွန်မတို့မြင်တာကတော့ နေရာတိုင်း၊ ဒေသတိုင်းမှာ အားလုံးက ဝင်ပြိုင်မှာဖြစ်တဲ့အတွက် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့က ပိုပြီးတော့ ရုန်းကန်ရမယ်လို့ ကျွန်မမြင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ အနေအထားက လုံခြုံရေးအရကော ကျွန်မတို့အားလုံးကို ကြည့်ရမှာဖြစ်တဲ့အတွက် ရန်ကုန်မြို့ထဲလို နေရာမျိုးမှာ စည်းရုံးရေးဆင်းရင် ပြဿနာမရှိဘူး။ ဒါပေမယ့် သိပ်ကိုဝေးလံခေါင်တဲ့ အရမ်းကိုခေါင်တဲ့ ဒေသတွေမှာဆိုရင် ဒီအမျိုးသမီးတစ်ယောက်က သူသွားတာလာတာကအစ အများကြီးဂရုစိုက်ရမယ့် ကိစ္စတွေရှိတယ်ပေါ့နော်။ ဒါလည်းကျွန်မတို့ လုံခြုံရေးကိစ္စလို့မြင်တယ်။

နောက်တစ်ချက်ကကျတော့ ဒီတစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ့်အမျိုးသမီးတွေ အနေနဲ့ကလည်း ဘာတွေတွေ့လာနိုင်လဲဆိုရင် ဒါကတော့ အကုန်လုံးတွေ့လာနိုင်တာပေါ့။ ကျွန်မတို့ရွေးကောက်ပွဲ ဝင်တော့မယ်ဆိုရင် ကျွန်မတို့ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကလည်း တော်တော်ကိုများတယ်။ နောက်ထပ် အမျိုးသမီးတွေ အနေနဲ့ ခုနကပြောသလိုပဲ ခုနကမနွယ်ဇင်ဝင်း ပြောခဲ့သလိုပဲ အမျိုးသားတွေနဲ့မတူဘူး။ ကျွန်မတို့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော်များများက အိမ်ထောင့်တာဝန်တွေ ထမ်းရတာရှိတယ်။ နောက်သားသမီးကိစ္စ၊ အိမ်ကိစ္စတွေဆိုတော့ တကယ့်ကိုအမျိုးသားတွေထက် ပိုပြီးတော့ နှစ်ဆလောက် ရုန်းကန်တော့မှ ကျွန်မတို့ဒီနေရာကိုရောက်ဖို့ အတွက်ကိုဖြစ်နိုင်တဲ့အတွက် ကျွန်မကတော့ မြင်တာကတော့ အမျိုးသမီးတွေအတွက်ကတော့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာပဲဖြစ်ဖြစ် ဆုံးဖြတ်နိုင်တဲ့နေရာကို ရောက်ဖို့အတွက်ကတော့ အမျိုးသမီးတွေအတွက် အခက်အခဲတွေလည်း တွေ့လာနိုင်တယ်။ အဲ့လိုပဲကျွန်မတို့ဒီမှာ ပိုပြီးတော့လည်း အမျိုးသားတွေထက် ကြိုးစားဖို့ လိုတယ်လို့ ကျွန်မကတော့ မြင်ပါတယ်။

မပျိုးလက်ဟန်

ကျေးဇူးတင်ပါတယ်။ ဟုတ်အခု မချယ်ရီပေါ့နော်။ ခုနကလည်း မဖြူဖြူသင်းဆွေးနွေးသွားတဲ့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ဆိုရင် နှစ်ဆလောက်ကြိုးစာနေတာ တွေ့တယ်ပေါ့။ မချယ်ရီကလည်း တိုင်းရင်းသူဖြစ်နေတဲ့ အခါကျတော့ လူနည်းစုတိုင်းရင်းသူ အမျိုးသမီးတစ်ယောက် အနေနဲ့ လူများစုတိုင်းရင်းသူ အမျိုးသမီးတွေနဲ့ စိန်ခေါ်မှုကတော့ တူမှာမဟုတ်ဘူးပေါ့နော်။ အဲ့လိုမတူတဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိနိုင်လဲ။ နောက်ပြီးတော့ မချယ်ရီတို့ပြည်နယ်မှာ အမျိုးသမီးခေါင်းဆောင်မှု ပေါ်မှာအမြင်တွေရှိလိမ့်မယ်။ အဲ့လိုအတားအဆီး အခက်အခဲတွေက ဘာတွေဖြစ်နိုင်မလဲအစ်မ။

မချယ်ရီ

ဟုတ်ကဲ့။ ကျွန်မတု့ိအသိုင်းအဝိုင်းမှာ တိုင်းရင်းသား အထူးသဖြင့် ချင်းလူမျိုးပေ့ါနော် အဲ့မှာဆိုလို့ရှိရင် စကားပုံတွေလည်းရှိတယ်။ အများကြီးပဲ အမျိုးသမီးတွေကို နှိမ်ထားတဲ့စကားပုံတွေပေါ့နော်။ ဆိုတော့ အမျိုးသမီးတွေက တကယ့်ခေါင်းဆောင်ပိုင်းဆိုင်ရာ နေရာမယူနိုင်ပါဘူး။ သူတို့ရဲ့ဉာဏ်ပညာက မမီဘူး။ အဲ့ဒါမျိုးတွေပေါ့နော်။ ဆိုတော့ ကျွန်မတို့ကို တိုက်ခိုက်ချင်တယ်ဆိုလို့ရှိရင် အဲ့ဒီစကားလုံးနဲ့ပဲ ကျွန်မတို့ကို တိုက်ခိုက်လို့ရတယ်။ အမျိုးသားတွေကပေါ့နော်။ အမျိုးသမီးတွေက အမြဲတမ်းပဲ ပိုပြီးတော့ရှုံးနေတဲ့ နေရာမှာအမြဲတမ်း ရောက်နေတယ်ပေါ့နော်။ ဟိုဘက်ကလူက အမျိုးသမီးတွေကို မဲပေးမနေနဲ့။ သူတို့ရဲ့ဉာဏ်ကမမီဘူး။ အဲ့လိုပြောလိုက်တာနဲ့သူက တချို့လူတွေရဲ့စိတ်က ယိုင်သွားတဲ့ဟာမျိုးတွေ ပေါ့နော်။ အဲ့ဒါမျိုးတွေလည်း ရှိနိုင်တယ်ဆိုတော့ စွဲနေတဲ့ဟာမျိုးတွေပေါ့နော် အမျိုးသမီးတွေက ပိုပြီးတော့ ဉာဏ်မရှိဘူးဆိုတဲ့ဟာတွေက တော်တော်လေးကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ရှိနေတယ်။

နောက်တစ်ခုက ကျတော့ ဒီအမျိုးသမီးတွေကိုယ်၌က ကျွန်မတို့ဆိုလို့ရှိရင် အနေအထိုင်၊ အစားအသောက်၊ သွားတာလာတာ အကုန်လုံးကိုဆင်ခြင်နေရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့အမျိုးသမီးတွေက ခုနကဒီတိုင်းရင်းသား ဒေသတွေမှာဆိုရင် နာမည်ပျက်ဖို့ အင်မတန်မှလွယ်တယ်။ အဲ့လိုမျိုးနာမည်ပျက် လိုက်တာနဲ့ ဒီလူရဲ့သိက္ခာတွေ အမျိုးသမီးတွေပေါ်မှာ အင်စပက်တေးရှင်း (စစ်ဆေးမှု) ထားတဲ့ဟာတွေပေါ့နော်။ သိက္ခာရှိရမယ်။ ဘုရား၊တရား လိုက်နာရမယ်။ ဟိုဟာဖြစ်ရမယ်၊ ဒီဟာဖြစ်ရမယ်ဆိုတဲ့ဟာတွေက ကန့်သတ်ချက်တွေ၊ သတ်မှတ်ထားတဲ့ အချက်အလက်တွေက အင်မတန်မှများတယ်။ အဲ့ဒါတွေကိုလည်း ကိုယ်ကဘာသာရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ လုပ်နေရတယ်။ ပြီးလို့ရှိရင် သူရဲ့နိုင်ငံရေးပန်းတိုင် ကိုလည်းပဲ မိအောင်လည်း တွန်းနေရတယ်။ ဆိုတော့ အဲ့ဒီကြားထဲမှာ ကျွန်မတို့အမျိုးသမီးတွေက ရုန်းကန်နေရတယ်။ နိုင်ငံသူတစ်ယောက်အနေနဲ့ပေါ့။

ဥပမာ-ကျွန်မတို့က နိုင်ငံရေးကိစ္စ ဆွေးနွေးကြမယ်ဆိုရင် အခုချင်းပြည်နယ်မှာ ဝန်ကြီးဌာနကိုးခုရှိတယ်။ အဲ့ဒီဟာကို ကျွန်မကအမျိုးသမီးဌာန ရှိဖို့လိုတယ်။ အဲ့ဒါမှလူတစ်ဝက်ကျော်ရှိနေတဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလို့ရတယ်။ အဲ့လိုနိုင်ငံရေးအရ ပြောလိုက်တယ်။ ဒါပေမယ့် ခုနကအမျိုးသားတွေက ကျန်တဲ့ပါတီက အမျိုးသားတွေက ဒါတွေကအမျိုးသမီးတွေ အတွက်ချည်းပဲ လိုက်စဉ်းစားတယ်ဆိုပြီးတော့ အမျိုးသားတွေ ပိုပြီးတော့ တိုးတက်ဖို့ပြန်လိုတယ် ဆိုတဲ့ဟာမျိုးနဲ့ ပြန်ပြီးတိုက်ခိုက်တာမျိုးတွေ ရှိတယ်ပေါ့။ ဆိုတော့ သူကအမျိုးသမီး Issue ဆိုလို့ရှိရင် ဒုတိယနေရာ ပြီးလို့ရှိရင် အမျိုးသမီးတွေ ဉာဏ်မမီဘူးဆိုတဲ့ အစွဲတွေ ပြီးရင် အမျိုးသမီးတွေဆိုလို့ရှိရင် ဒီလိုဖြစ်ဖို့လိုတယ်။ ဘာသာရေးကိုင်းရှိုင်းဖို့လိုတယ်။ ယဉ်ကျေးဖို့လိုတယ်။ လူမှုရေးကောင်းဖို့လိုတယ်။ အဲ့ဒါမျိုးတွေ အများကြီးပေါ့။ စံနှုန်းတွေကို အဲ့ဒါတွေကိုလည်း ကိုယ်ကလိုက်ဖြည့်ပေး နေရတယ်ပေါ့နော်။ နိုင်ငံရေးလည်း လုပ်နေရတယ်။ လူမှုရေးလည်း လုပ်နေရတဲ့ဟာမျိုးတွေ အများကြီးပေါ့။ `

ဒီတစ်ပတ် ဆွေးနွေးမှုများ အပြီး လာမည့် အပတ်တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးများကို ဘယ်လို ပံ့ပိုး ကူညီပေးသင့်လဲ၊ အစိုးရ အနေဖြင့် ဘယ်လို မူဝါဒတွေ ထားသင့်လဲ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ယှဉ်ပြိုင်မည့် အမျိုးသမီးတွေကို ဘယ်လို ပံ့ပိုးကူညီပေးသင့်လဲ စတာတွေကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Mizzima Weekly