“ ငြိမ်းချမ်းရေး သေချာအောင် ဖြည်းဖြည်းလေး”

“ ငြိမ်းချမ်းရေး သေချာအောင် ဖြည်းဖြည်းလေး”

အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ လော်ခီးလာ ညီလာခံ ပြီးဆုံးခဲ့ပါပြီ။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ဖို့ သမ္မတကြီး ဦးသိန်းစိန် ဖောင်တိန်အဖုံးကို ဖွင့်ထားပြီး အသင့်ပြင် စောင့်မျှော်နေ သလောက် တိုင်းရင်းသား ညီလာခံက ရလာတဲ့အဖြေက နီးစပ်မှု ရှိပါရဲ့လား။ လက်ရှိ ညီလာခံကနေ ဘာတွေ ဆုံးဖြတ်ခဲ့သလဲ။

တိုင်းရင်းသားတွေရဲ့ သဘောထား ဘယ်လို ရှိနေသလဲ။ ငြိမ်းချမ်းရေးရဲ့ ရှေ့အလားအလာ ဘာဆက်ဖြစ်လာနိုင် မလဲဆိုတာ လေ့လာသုံးသပ် ကြည့်ကြရအောင်ပါ။

လက်ရှိ ညီလာခံက ဆုံးဖြတ်ခဲ့တဲ့ အဓိက အချက်ကြီး သုံးချက် ရှိပါတယ်။ ပထမ တစ်ချက်ကတော့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ အပစ်ရပ် စာချုပ်အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ NCCT အကြား သဘောတူ ထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် မူကြမ်းပါ အချက်တချို့ကို ပြင်ဆင် လိုကြောင်း ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ရင်တော့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ် တွေ ပြန်ညှိကြရပါဦးမယ်။ ဒုတိယ အချက် ကတော့ တကယ်လို့ အပစ်ရပ်စာချုပ်မှာပါတဲ့ အချက်တွေကို သဘောတူပြီး လက်မှတ်ရေးထိုးကြမယ်ဆိုရင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး လက်မှတ်ထိုးခွင့်ရမှ ထိုးကြမယ် ဆိုတာပါပဲ။

ဒါနဲ့ ပတ်သက်ပြီး အစိုးရဘက် ကတော့ လက်မှတ်ရေးထိုးမယ်ဆိုရင် တပ်မတော်နဲ့ လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိုးကန့်၊ တအာင်း ပလောင်၊ အေအေ ရက္ခိုင့်တပ်ဖွဲ့တွေကို ချန်လှပ်ထားမယ်ဆိုတဲ့ သဘောထားနဲ့ ဆန့်ကျင်နေပါတယ်။

ဒါကိုလည်း ပြန်ညှိကြရပါဦးမယ်။ တတိယ အရေးကြီးတဲ့ အချက်က တော့ နောက်ပိုင်း အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ NCCT ထက် ပိုပြီး အဆင့်မြင့်တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။ အဲဒီ အဖွဲ့ထဲမှာ လက်ရှိ NCCT အဖွဲ့ခေါင်းဆောင်တွေ ပြန်ပါလာသလို အဖွဲ့ခေါင်းဆောင်အဖြစ် ကေအင်န်ယူ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်၊ ဒုခေါင်းဆောင်အဖြစ် ကေအိုင်အိုက ဒေါက်တာလဂျာတို့ တာဝန်ယူမယ်လို့ သိရပါတယ်။

ဒီအချက်တွေကိုကြည့်ရင် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရဘက်က မျှော်လင့်သလို သိပ်မကြာခင် အချိန်အတွင်း တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ထိုးနိုင်ဖို့ မမျှော်လင့်နိုင်သလို၊ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ဆွေးနွေးပွဲတွေ အစပြုသွားဖို့ ဆိုတာဟာလည်း ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရဘက်ကတော့ အပစ်ရပ် စာချုပ်ကို မြန်မြန် လက်မှတ် ရေးထိုးချင်တယ်၊ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ဆွေးနွေးပွဲတွေ စထားနိုင်ရင် ကောင်းမယ်၊ ဒါမှ ရွေးကောက်ပွဲအပြီး နောင်တက်လာမယ့် အစိုးရအတွက် အမွေကောင်းတွေ လမ်းခင်း ပေးထားသလို ဖြစ်လိမ့်မယ် ဆိုပြီး တောက်လျှောက် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အခု ဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်က တုန့်ပြန်ပြောဆိုမှုတွေ ရှိလာပါပြီ။ NCCT ခေါင်းဆောင် နိုင်ဟံသာက “ဘာပဲပြောပြော အစိုးရပိုင်းမှာ ခေါင်းဆောင် အပြောင်းအလဲ ရှိနိုင်ပေမယ့် ဗမာ့တပ်မတော်ထဲက ခေါင်းဆောင် တွေက ပြောင်းလဲနိုင်စရာ မရှိဘူး။ တို့ဘက်ကလည်း ပြောင်းလဲစရာ မရှိဘူး။

ပါဝင်နေတဲ့  ကိုယ်စားလှယ်တွေ၊ တို့နဲ့ ညှိနှိုင်းနေတဲ့ ကိုယ်စားလှယ်တွေကလည်း အနည်းဆုံးတစ်ဝက် လောက်ကတော့ ဆက်ပြီးပါလာလိမ့်မယ်လို့ ထင်တယ်။ နောက် တို့နိုင်ငံရဲ့ အခြေအနေ ကလည်း တစ်ဘက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နည်းလမ်းကို တစ်ဘက်က လုပ်လာတဲ့ အပေါ်မှာ အားလုံးကလည်း အရေးကြီးတယ် ဆိုတဲ့ဟာကို နားလည်တယ်ဗျ။ ဒါကြောင့် ဘယ်သူပဲ အာဏာရရ ဒါကို ပစ်ပယ်ထားလို့ မရမှန်းတော့ သူတို့လည်း သိမှာပါ” လို့ ဆိုပါတယ်။

“ဒါပေမဲ့ တစ်ဘက်က ပြန်တွက်ကြည့်ရင် အဖွဲ့သစ်ပေါ့ဗျာ။ တကယ်လို့ အဲဒီအဖွဲ့သစ် ဟာ အရင်က လုပ်လာတဲ့ အပေါ်မှာ နားလည်မှု နည်းပေမယ့် ပြန်လေ့လာလိုက်ရင် ဘာမှ မကွာပါဘူး။ နောက်တစ်ဘက်က ကြည့်ရင် အခုရှိနေတဲ့ အာဏာရှိနေတဲ့ သူတွေ ထက်တောင် သူတို့က ငြိမ်းချမ်းရေးကို ပိုပြီးတော့ လိုလားတယ်၊ တိုင်းရင်းသားတွေနဲ့ နားလည်မှုရအောင် ပိုပြီးတော့ ဆန္ဒပြင်းပြမယ်ဆိုရင် ညှိနှိုင်းတဲ့ပွဲက လွယ်တဲ့ဘက်ကိုလည်း ရောက်သွားနိုင် ပါတယ်။

ဒါက နှစ်ဘက် ကြည့်နိုင်ပါတယ်။ မျှကြည့်ရင် အဆိုးချည်းပဲ ဖြစ်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်” ဆိုပြီး ပြောပါတယ်။ အဓိပ္ပာယ်ကတော့ အပစ်ရပ်စာချုပ် လက်မှတ် အမြန် ရေးထိုးတာ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မြန်မြန် စနိုင်ရေး ဆိုတာထက် “စစ်မှန်သည့် ငြိမ်းချမ်းရေးရဖို့ အကျေအလည် ဆွေးနွေးညှိနှိုင်းနိုင်မှုက ပိုပြီး အရေးကြီးတယ်” လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်တက်လာတဲ့ အစိုးရဟာ ခု အစိုးရထက် ပိုကောင်းရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပိုပြီး အောင်မြင်မှု ရနိုင်တယ်လို့လည်း ကောက်ချက်ချ ပြောဆိုခဲ့ပါသေးတယ်။

တကယ်တော့ ဒီ ကွန်ဖရင့်အတွင်းမှာ အပစ်ရပ်စာချုပ်ကို မြန်မြန်လက်မှတ်ထိုး၊ ဆွေးနွေးပွဲတွေ မြန်မြန်စပြီး နိုင်ငံရေး တိုက်ပွဲဝင်ကြဆိုတဲ့ ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးရဲ့ အယူအဆနဲ့ သမ္မတနဲ့ အစိုးရဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး ဆိုတာကို နှုတ်က လွယ်လွယ်ပြောနေကြတယ်။

တကယ့် တကယ် လက်တွေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ထဲ ဆွဲသွင်းသွားလိမ့်မယ်။ သတိသာထားကြဆိုတဲ့ ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ အယူအဆ နှစ်ခု အားပြိုင်ခဲ့ကြတာပါ။

နောက်ဆုံးရလဒ်ကတော့ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ အစိုးရကို သံသယနဲ့ စောင့်ကြည့်ရေး၊ အပစ်ရပ် စာချုပ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မြန်လုပ်တာထက် သေချာခိုင်မာအောင် လုပ်ရေး ဘက်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် သမ္မတနဲ့ အစိုးရဘက်က အပစ်ရပ်စာချုပ် မြန်မြန် လက်မှတ် ရေးထိုးချင် ရင်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ မြန်မြန်စချင်ရင်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များများ ခရီးပေါက်ချင် ရင်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလို ကိစ္စမျိုးကို နှုတ်က တဖွဖွ ပြောနေရုံနဲ့ မပြီးဘဲ တကယ့်လက်တွေ့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပြင်ပြမှ အောင်မြင်မှု တွေ ရနိုင်မှာ ဖြစ် ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly