ပရမ်းပတာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်ဆိုင်ရမည့် အန္တရာယ်များ

ပရမ်းပတာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်ဆိုင်ရမည့် အန္တရာယ်များ

မိမိတို့နိုင်ငံသည် ၂၀၁၁ ခုလောက်မှ စတင်ကာ နှစ်ခြောက်ဆယ်ကျော် ပိတ်ဆို့ကာရံထား ရှိသည့် အတားအဆီးများကို တစ်စုံတရာအားဖြင့် ဖယ်ရှားပစ်လိုက်သည်။ အထူးသဖြင့် နိုင်ငံခြား ရင်းနီးမြှုပ်နှံမှုများနှင့် မီဒီယာလောက အခြေအနေမှာ သုံးနှစ်တာ ကာလအတွင်း သိသာထင်ရှားလွန်းစွာ ပွင့်လင်းလာလျက် တရှိန်ထိုး တိုးတက်မြင့်မားလာခဲ့သည်။ ကြိုဆိုကြရမည့် တိုးတက်မှုပင်ဖြစ်သည်။

နိုင်ငံခြား ရင်းနီးမြှပ်နှံမှုများ ရှိလာသောအခါ စက်ရုံများ၊ လူနေအိမ်များ၊ လမ်းများ အစရှိသော ကျွဲကူးရေပါ နယ်ပယ်များသည် လည်း တရှိန်ထိုး တိုးတက်လာခဲ့သည်။

တချို့နေရာဒေသများတွင် ဆိုလျှင် နေ့ချင်း ညချင်းပင် မြေနေရာများ ဈေးနှုန်းမြင့်တက်လာကြခြင်းနှင့် တိုက်တာအဆောက်အအုံ များ မြေကြီးပေါ်မှ ဘွားကနဲ ပေါ်ပေါက်လာကြသည်ဟုပင် ဆိုနိုင်သည်။

လမ်းများတမဟုတ်ချင်း ဖောက်လုပ်လာခဲ့ကြသည်။ ဆည်တာတမံများ နေရာအနှံ့ ရှိလာရသည်။ အလုပ်အကိုင် အသစ်များ၊နေရာ ထိုင်ခင်းအသစ်များ၊ မြင်ကွင်း အသစ်များဖြင့် မိမိတို့နိုင်ငံသည် တကယ့်ဖွံ့ဖြိုးစနိုင်ငံ တစ်နိုင်ငံ၏ နှုတ်ခမ်းဝသို့ အောင်မြင်စွာ ခြေချ လာနိုင်ခဲ့သည်။ ဤသည်ကိုလည်း မိမိတို့အားလုံး ဝမ်းပန်းတသာ ကြိုဆိုကြရမည့် ကိစ္စဖြစ်ပါသည်။

သို့သော် ဖွံ့ဖြိုးမှုသည် ကောင်းသည်ဟုဆိုသော်ငြားလည်း အစကောင်းမှ အနှောင်းသေချာ ဆိုသလို ယင်းဖွံ့ဖြိုးမှုကို ဥပမာပေး ရလျှင် မြင်းရိုင်းကို မြင်းဇောင်းအတွင်းမှ ဒီအတိုင်းလွှတ်ပေး လိုက်သည့် နည်းမျိုးဖြင့် ဖွံ့ဖြိုးတိုးတက်လာစေခြင်း သည် ကောင်းကျိုးနှင့်အတူ ဆိုးကျိုးများကိုလည်း မလွဲမသွေ ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်ဟု ဆိုနိုင်ပါသည်။

မြင်းဇောင်းမှ လွတ်လာသောမြင်းရိုင်းသည် လမ်းပေါ်ကလူများကို ကန်ကျောက်ခြင်း၊ လမ်းဘေး အဆောက်အအုံများကို တိုးတိုက်မိခြင်းနှင့်တစ်လမ်းလုံး ဖရိုဖရဲဖြစ်ပြီး ကျန်ရစ်ရလေအောင် ခုန်ပေါက်ပြေးလွှား ကန်ကျောက်သွားသလိုပင် ပရမ်းပတာ ဖွ့ံ့ဖြိုးတိုးတက်မှုသည်လည်း တိုးတက်မှုနှင့်အတူ မိမိတို့ လူ့အဖွဲ့အစည်းအတွက် သဘာဝပတ်ဝန်းကျင်များ ပျက်စီးခြင်း၊ လူ့အခွင့် အရေး ထိခိုက်ခြင်းနှင့် လူအများ၏ နေထိုင်စားသောက်မှု အနေအထိုင်များကိုပါ မမျှော်လင့်လောက်အောင် ပြောင်းလဲသွားစေခြင်း များလည်း ဖြစ်ပေါ်လာရမည်မှာ မလွဲချေ။

ဥပမာ များစွာအနက် ဥပမာတစ်ခုကို ပြရလျှင် ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများတွင် ဆောက်လုပ်ရေး လုပ်ငန်းများ နေရာအနှံ့ နေ့ချင်းညချင်း ပေါ်ပေါက်လာသော ကိစ္စတစ်ခုတည်းသည် ပင်နောင်အခါ ဖြေရှင်းရခက်သော ပတ်ဝန်းကျင် ထိခိုက်မှု၊ ကျန်းမာရေး စိန်ခေါ်မှုနှင့် လူအများ လုံခြုံစွာ နေထိုင်မှုကို အာမမခံနိုင်သည့် အားနည်းချက်များကို မလွဲမသွေ ရင်ဆိုင်ကြရတော့ မည်သာဖြစ်သည်။

ယခုအခါ ရန်ကုန်မြို့ဆင်ခြေဖုံးဒေသ လူနေတိုက်တာ ဆောက်လုပ်ခြင်း လုပ်ငန်းများမှာ ထင်သလိုဖြစ်မလာသော အခြေအနေ အရပ်ရပ်ကြောင့် တဝက်တပျက်နှင့် ရပ်တန့်ထားကြရပြီဖြစ် သည်။ ဆောက်လုပ်ရေး ကန်ထရိုက်တာများသည် ထွက်ပြေးတိမ်းရှောင်ခြင်းနှင့် ရောက်သည့်နေရာတွင်ပင် လုပ်ငန်းများ ရပ်တန့်ထားလိုက်ကြရသည်။

အဆိုးဝါးဆုံး ပြဿနာမှာ ယင်း လူနေတိုက်တာများအားလုံးသည် စံချိန်မမီသော အဆောက်အအုံများ ဖြစ်နေခြင်း၊ ရေမြောင်းများ မည်သို့မျှပြန်လည် မဖော်နိုင်လောက်အောင် သို့မဟုတ် အသစ်ဖောက်လုပ်လို့ မရနိုင်လောက်အောင် ပျက်စီးပိတ်ဆို့ကုန်ကြရသည်။ ယခုပင်လျှင် မိုးဦးကာလ မိုးတစ်စက်နှစ်စက် ရွာလျှင်ပင် ရန်ကုန်မြို့ကြီး ရေကြီးသည့်ဒဏ်ကို ခံစားနေကြ ရပြီဖြစ်သည်။

နောင်အခါ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်လည်းကောင်း၊ တိုက်တာအဆောက်အအုံများ ပြိုကျပျက်စီးခြင်း အန္တရာယ်ကို မလွဲမသွေ မျက်နှာမူကြရတော့မည်သာ ဖြစ်သည်။

သည်ကဲ့သို့ပင် ဆည်တာတမံများ ဖုတ်ပူမီးတိုက် ဆောက်လုပ်ခြင်းဖြင့် ဒေသခံပြည်သူများ မျက်ရည်နှင့် ဒူးသုပ်ကြရသည့် စိတ်ဒဏ်ရာများ ရကြရခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ဥတုရာသီ ဖောက်ပြန်ခြင်းများကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုလျှင် တစ်ချိန်က ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အရေအတွက်အများဆုံး တည်ဆောက်နိုင်သည် ဟုကြွားလုံးထုတ်ခဲ့ကြသည့် တရုပ်ပြည်ကြီးမှ မြစ်ဝါမြစ်ကြီးသည် ယင်းကြီးမားပြီးများပြားလှသောဆည်တာတမံများကြောင့် ယခုအခါရေခန်းခြောက်သည့် မြစ်ကြီးဘဝသို့ မျက်မှောက်ပြုနေ ကြရပြီဖြစ်သည်။

ထို့ကြောင့် ဖွံ့ဖြိုးမှုသည် မူအားဖြင့် ကောင်းပါသည်။ ဖွံ့ဖြိုးအောင်လည်း မလွဲမသွေ လုပ်ကြရမည်သာ ဖြစ်သည်။ သို့သော် စနစ်ကျပြီး ခေတ်မီသော ဖွံ့ဖြိုးတိုးတက်မှုဖြင့်သာ အထက်ပါ အန္တရာယ်များ၊ ဆိုးကျိုးများကို ရှောင်ကွင်းနိုင်မည်သာ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly