ရိုက်ခဲ့ပြီးမှ ရွယ်ရုံ ရွယ်တာပါဟု ပြောလိုက်ပုံက

ရိုက်ခဲ့ပြီးမှ ရွယ်ရုံ ရွယ်တာပါဟု ပြောလိုက်ပုံက

မတ်လ ၁၀ ရက်က လက်ပံတန်းမြို့တွင် ဆန္ဒပြသည့် ကျောင်းသားများနှင့် ဝန်းရံသူများကို ရိုက်နှက်ခြင်း မရှိပါဘူး၊ နံပါတ်တုတ်နဲ့ ရွယ်ရုံသာ ရွယ်ခဲ့တာပါဟု တရားလို ရဲမှူးက တရားရုံး တွင်ဇွန်လ ၂ ရက်ကထွက်ဆိုခဲ့ပါသည်။ ယင်းသို့ ထွက်ဆိုကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ဖမ်းဆီးခံ ကျောင်းသား ကိုမင်းသွေးသစ်၏ မိခင်တို့က အတည်ပြု ပြောဆိုခဲ့ပါ သည်။

ထိုကဲ့သို့တရားလိုရဲမှူး၏ တရားရုံးတွင် ထွက်ဆိုချက်မှာဟာသမြောက်လှသဖြင့် ဝေဖန်သူများက ရွယ်ရုံနဲ့တောင်ကျောင်းသားတွေ ၊ ဝန်းရံသူတွေ ဒါလောက် ကွဲပြဲကုန်ကြတာ တကယ် များရိုက်လို့ကတော့ သက်သာမှာ မဟုတ်ဘူးနော်ဟု သရော်သံဖြင့် ပြောကြ ဆိုကြ ပါတော့သည်။

တရားရုံးတွင် တရားလိုရဲမှူးက ယင်းသို့ ထွက်ဆိုသည်မှာ အကြမ်းဖက် ဖြိုခွင်းခံရမှု မှတ်တမ်း ဓာတ်ပုံများကို ကျောင်းသားများ ၏ ရှေ့နေဖြစ်သူ ဦးအောင်သိန်းက တရားရုံးသို့ တင်ပြလိုက် သဖြင့်ဖြစ်သည်။

လက်ပံတန်းမြို့တွင် ဆန္ဒပြကျောင်းသားများနှင့် ဝန်းရံသူများကို လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းရာတွင် မှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုများမှာ လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်၌ အများအပြား တက်လာကြသည်ကို အားလုံးတွေ့ရှိ ပြီး ဖြစ်သည်။

ထိုမှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများထဲတွင် ဆန္ဒပြကျောင်းသားများနှင့် ဝန်းရံသူများကို ရဲများက ရိုက်နှက်နေသည်သာမက မဆီမဆိုင် ခရီးစဉ်မှာ ပါလာသည့် ကျောင်းသားများ၏ ကားမှန် ကိုပါ သဲကြီးမဲကြီး ရိုက်နေ ခွဲနေသည့် ဓာတ်ပုံများကိုပါ ဖေ့ဘွတ်ပရိသတ် များ တွေ့ရှိကာ ဘာကြောင့် ရိုက်မှန်းမသိ ပဟေဠိပင် ဖြစ်ကြရသေးသည်။

ထိုကဲ့သို့ သက်သေ သာဓက ဖြစ်သည့် ဓာတ်ပုံများ တရားရုံးသို့ တင်ပြရာတွင် ရွယ်ရုံတာ ရွယ်တာပါ တကယ်ရိုက်တာ မဟုတ် ဟု ပြောရဲသည့် တာဝန်ရှိရဲမှူး၏ စကားမှာ အတော်ပင် စဉ်းစားစရာ ကောင်းလှပေတော့သည်။

ထို့ထက်ပိုဆိုးသည်မှာ တရားရုံးသို့ တင်ပြသည့် အဆိုပါဓာတ်ပုံများကို တရားလိုရဲမှူး၏ ရှေ့နေက ကန့်ကွက်ခဲ့ပြီး "ဓာတ်ပုံတွေ ဆိုတာက ကွန်ပျူတာနဲ့ ပြင်လို့ရတယ်ဆိုပြီး အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောတယ်" ဟု ပြောလိုက်ခြင်းဖြစ်သည်။

လက်ပံတန်းမြို့တွင် ရက်သတ္တပတ်ကျော်အကြာ သပိတ်မှောက် ဆန္ဒပြခဲ့သည့် ကျောင်းသား များနှင့် ဝန်းရံပြည်သူများကို လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းကာ နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့သည့်အပြင် သွားရောက်သတင်းယူနေသည့် သတင်းသမားများကိုပါ လိုက်လံ ရိုက်နှက်ခဲ့သည့်အတွက် မဇ္ဈိမအပါအဝင် သတင်းသမားအများစု ထွက်ပြေးခဲ့ရသေးသည်။

တလောလေးက လွှတ်တော်တွင် ဝန်ကြီးတစ်ပါးက ပြည်သူ့ဝန်ထမ်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းကြောင်း ပြစ်တင်ပြောဆိုသွားခဲ့သေးသည်။

ယခုကိစ္စတွင် တရားလို ရဲမှူး၏ ထွက်ဆိုချက်နှင့် ၎င်း ရှေ့နေ၏ သတိလက်လွတ် ပြောဆိုမှု များမှာ ပြည်သူ့ဝန်ထမ်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း ဖြစ်သည်ဟု မဇ္ဈိမက ထောက်ပြလိုပါတော့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly