လမ်းဘေးရောက်သူများနှင့် စီးပွားရေး ပြဒါးတိုင်

လမ်းဘေးရောက်သူများနှင့် စီးပွားရေး ပြဒါးတိုင်

နိုင်ငံတိုင်းတွင် လမ်းဘေးရောက်သူများ အနည်းနှင့် အများဆိုသလို ရှိသည်။ လူ့အဖွဲ့အစည်းတိုင်းတွင် ယင်း အနိဋ္ဌာရုံမြင်ကွင်းများကို ရှောင်လွှဲလို့မရ ဟူ၍ပင် ပြောရမလို ရှိသည်။

သို့သော် ယင်းအဖြစ်အပျက်မှာ သီဝရီအရပင်လျှင် မရှိမဖြစ် ရှိကိုရှိရမည့် အနိဋ္ဌာရုံအဖြစ်မူ လက်ခံလို့ မရနိုင်ပါ။ မိမိတို့သည် လမ်းဘေးရောက်သူများ လုံးဝမရှိသည့် လူ့အဖွဲ့အစည်းအဖြစ် မလွဲမသွေ ထူထောင်လို့ရနိုင်သည်ဟူသည့် အမြင်ပင်လျှင် ကမ္ဘာ့တွေးခေါ်ရှင်တချို့က ကြွေးကြော်ခဲ့ကြဖူးသည်။

သို့သော် ဝမ်းနည်းဖို့ကောင်းသည့် အချက်မှာ မရှိမဖြစ် ရှိကိုရှိရမည်ဟုမဆိုသာသော်ငြားလည်း သီဝရီအရ လူ့အဖွဲ့အစည်းတိုင်း၏ အဂါၤရပ်တစ်ခုအဖြစ်သတ်မှတ်လို့ မရနိုင်သော်ငြားလည်း ရှောင်လွှဲလို့ ရနိုင်သည်ဟု ကြွေးကြော်ကြသော်ငြား လည်း လမ်းဘေးရောက်လူများသည် နိုင်ငံတိုင်းတွင် ရှိနေသည်။ လမ်းဘေးရောက်လူများသည် ဆထက်ထမ်း ပိုး တိုးလာနေသည်။ ဝမ်းနည်းကြေကွဲဖို့တော့ ကောင်းပါသည်။

မနေ့တနေ့ကဆိုလျှင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ဘေးတွင် သေဆုံးလျက်ရှိသည့် အသက် ငါးဆယ်ခန့်အရွယ် ယောကျ်ားတစ်ဦးကို မနက်ဝေလီဝေလင်း အချိန် တွင် လမ်းသွားလမ်းလာများ တွေ့ခဲ့ကြရသည်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လမ်းဘေး၌ ပလတ်စတစ်အမိုး မလုံ့တလုံနှင့် နေထိုင်အိပ်စက်သော အဖွားအိုတစ်ဦးထံ မေတ္တာရှင် လူငယ်တစ်စုက ဝိုင်းဝန်းပြီး အနွေးထည်နှင့် ပစ္စည်းတချို့ သွားလှူသည်ကို တွေ့ရသည်။

တစ်နေရာတွင်မူ ပင်စင်စား အထက်တန်း ကျောင်းအုပ်ကြီးတစ်ဦးကို တပည့်ကျောင်းသား ဟောင်းများက လမ်းဘေးမှတွဲခေါ်ကာဆောက်လုပ်ပြီးစ အိမ်တစ်လုံးပေါ် တင်ပေးနေကြခြင်းဖြင့် သူတို့၏ လမ်းဘေးရောက် ဆရာကြီးကို ဝိုင်းဝန်းကူညီဖေးမကြရသည်။ ထိုထိုဤဤသော သတင်းမျိုး မြင်ကွင်းမျိုးကို နေ့တိုင်းလိုပင် မိမိတို့ မြင်နေ ကြားနေကြရသည်။

မိမိတို့နိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုလောက်က ယခုလိုပင် လမ်းဘေးရောက်လူ များကို တွေ့ခဲ့ကြရပါသည်။ သို့သော် ယခုလောက်အထိတော့ အရေအတွက် မများသေး။ဘူတာ ရုံများ၊ တံတားများ၊ အဆောက်အအုံ အအိုအဟောင်းများတွင် ဖြစ်သလို ခိုကပ်နေကြသူများ မရှိမဟုတ် ရှိခဲ့ကြပါသည်။

သို့သော် ယခုလောက် အများမြင်ကွင်းတွင် နေရာယူနေထိုင်ကြခြင်းမျိုး မရှိသေး။ ထိုသူတို့သည် လူအများ၏ မြင်ကွင်း၊ လူအများ နေထိုင်သွားလာရာနေရာ၊ လူအများ ခေတ္တခဏ အနားယူရာနေရာများနှင့် အနည်းငယ်ဝေးပြီး လူမြင်ကွင်းမှ ကွယ်နေသည့်နေရာများ တွင်သာ နေထိုင်တတ်ကြသည်။ ယခုမူ သည်လိုမဟုတ်တော့ချေ။ လူအများ သွားလာရာနေရာအနီး၊ အများပြည်သူများ ခေတ္တနားခိုရာ ထိုင်ရာ ထိုင်ခုံများ တန်းလျားများပေါ်တွင်မူ အခန့်သား နေရာယူ အိပ်စက်နေထိုင်လာကြသည်ကို နေရာတိုင်းတွင် တွေ့လာကြရပါသည်။
လမ်းဘေးရောက်လူ အရေအတွက်မှာ မမြင်ချင်အဆုံး ဖြစ်လာနေပါသည်။ သည်လို လမ်းဘေးတွင် ဖြစ်သလို နေထိုင်နေကြရသည့် လူဆင်းရဲ လူမွဲများသည် ဆင်းရဲသည့် နိုင်ငံများတွင်မှ ရယ်လို့တော့ မဟုတ်ပါ။ ချမ်းသာသည့် ဥရောပ နိုင်ငံများတွင်လည်း ရှိတော့ ရှိပါသည်။ သို့သော် အရေအတွက် အင်မတန်နည်းလှပြီး အများပြည်သူ၏ စိတ်အာရုံကို ထိခိုက်ရလောက်အောင် စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင်တော့ နေကြထိုင်ကြသည် မရှိပါ။

အမှန်အားဖြင့်မူ သည်လို လမ်းဘေးသို့ ရောက်လာကြသည့် ဆင်းရဲမွဲတေမှု၏ သားကောင် များမှာ နိုင်ငံတစ်ခု၏ စီးပွားရေးနှင့် စိတ်နေစိတ်ထား အနေအထားပေါ်တွင် မူတည်ပါသည်။ လမ်းဘေးရောက် လူဆင်းရဲများသည် အခြားသော စီးပွားရေး ပြဒါးတိုင်များနည်းတူ နိုင်ငံတစ်ခု၏ စီးပွားရေးအခြေအနေ အဆင့်အတန်းကို တိုင်းတာလို့ရသည့် လူမှုရေးပြဒါးတိုင်များလည်း ဖြစ်သည်။

မိမိတို့သည် မည်သည့်အတွက်ကြောင့် လမ်းဘေးရောက် ဆင်းရဲမွဲတေသူများ ပေါ်ပေါက်လာ ရသနည်း။ ယင်းသို့သော လမ်းဘေးရောက် ဆင်းရဲမွဲတေသူများ လျှော့ပါးပျောက်ကွယ် သွားရလေ အောင် မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်း။ သည်ပြဿနာ၏ လက်သည်တရားခံသည် မည်သူနည်း။ မိမိတို့အဖို့ မလွဲမသွေ အဖြေရှာ ဖြေရှင်းကြရမည့် ပြဿနာကြီး တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly