မဲပေးပါရစေ…. ကော်မရှင်ရေ

မဲပေးပါရစေ…. ကော်မရှင်ရေ

မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မှာ နေတဲ့ ဦးဆန်းမြင့်က စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သူ့ စာထဲမှာ ရေးထားတာကတော့ မကြာခင်မှာ ကျင်းပပြုလုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ရှိ၊ တာဝန်သိ ပြည်သူတစ်ဦးအနေနဲ့ ရေးသားတင်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူရေးတာကို တာဝန်ရှိသူတွေ ဖတ်ပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ပြင်ဆင်ချိန် ရ မရတော့ မသိပေမယ့် ပြည်သူ တစ်ဦးရဲ့ အမြင်ကို ထင်ဟပ်နေတဲ့ စာဖြစ်တဲ့ အတွက် ဖော်ပြပေးချင်ပါတယ်။

သူရေးခဲ့တာကတော့ သူနေ့စဉ် သတင်းစာနဲ့ ဂျာနယ်တွေ ဖတ်တိုင်း အမြို့မြို့အနယ်နယ်က ရွေးကောက်ပွဲအတွက် ထုတ်ပြန်ပေး တဲ့ မဲပေးစာရင်းတွေ မှားနေတယ်ဆိုတဲ့ သတင်းတွေကို ဖတ်နေရပါတယ်။ ရွေးကောက်ပွဲဆိုတာ နိုင်ငံ တစ်နိုင်ငံအတွက် အလွန် အရေးပါတဲ့ ပွဲလည်း ဖြစ်ပါတယ်။

မဲစာရင်းဟာ ရွေးကောက်ပွဲရဲ့ အသက်ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း တိကျမှန်ကန်တဲ့ မဲစာရင်း မဖြစ်နိုင်ရင်တောင်မှ ၉၅ ရာခိုင်နှုန်း နီးပါးတော့ မှန်ကန်ဖို့ လိုပါမယ်လို့ ဆိုပါတယ်။ အခု မြင်နေရ၊ ဖတ်နေရတာတွေက မဲစာရင်းမှာ ပါရမှာကို မပါတာ၊ သေပြီးတဲ့ သူတွေပဲ ပေးရမည့် လူစာရင်းထဲမှာ ပါလာတာ၊ နာမည်တွေ ထပ်နေတာ အစရှိသဖြင့် မမှားသင့်တဲ့ အသေးအဖွဲကိစ္စလေးတွေမှာ မှားနေတာတွေ ဖြစ်နေတာကို ကြည့်ရင် မဲစာရင်း ပြုစုပုံ လွဲနေလို့ ဒီလိုဖြစ်ရတာလို့ သူ့အနေနဲ့မြင်ကြောင်း ပြောပါတယ်။

တကယ်ဖြစ်သင့်တာက ပြီးခဲ့တဲ့ နှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းရလဒ်ကို အခြေခံပြီး မဲစာရင်း ပြုစုသင့်ပါတယ်။ အခု အိမ်ထောင်စု စာရင်းကို အခြေခံပြီး မဲစာရင်း ပြုစုနေတာက ပြီးစလွယ်နည်းနဲ့ လုပ်နေတယ်လို့ ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူသိထားတာက အိမ်ထောင်စုစာရင်း၊ ပုံစံ (၆၆/၆) ဆိုတာ တော်လှန်ရေးကောင်စီ အုပ်ချုပ်တဲ့ ခေတ်ကစပြီး ပြည်သူ့ဆိုင်တွေမှာ အခြေခံ စားကုန်၊ အဝတ်အထည်၊ လူသုံးပစ္စည်းတွေကို ခွဲတမ်းနဲ့ ပေးတဲ့အခါမှာ လူဦးရေအချိုးအစား အလိုက် ပေးတာ ကနေ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ပြီးနောက်မှာလည်း ဆက်လက်အသုံးပြုနေတဲ့ လူဦးရေစာရင်း တစ်ခုသာ ဖြစ်တယ် လို့ ရေးပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်မှာ မြန်မာနိုင်ငံမှာ အိမ်ထောင်စု စာရင်းမလုပ်ရသေးတဲ့ အိမ်ထောင်စုတွေ နိုင်ငံသားကတ်မရှိတဲ့ သူတွေ အများအပြား ရှိနေသေးတယ်ဆိုတာ သိရပါတယ်။

ဥပမာ ပြောရရင် မြန်မာနိုင်ငံမှာ စားဝတ်နေရေးအရ ရွှေ့ပြောင်းနေထိုင်ကြရလို့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက မကွေးတိုင်း ကရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ကြပေမယ့် အခုအချိန်အထိ အိမ်ထောင်စုစာရင်း ပုံစံ ၁၀ မပြောင်းရွှေ့ရသေးတဲ့ သူတွေ အများ အပြားရှိနေပါတယ်။ အိမ်ထောင်စုစာရင်း မရှိတော့ နိုင်ငံသား ကတ်လည်း လုပ်လို့ မရလို့ မဲပေးချင်တာကို မပေးနိုင်တဲ့သူတွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုစာရင်းကို အခြေခံပြီး မဲစာရင်းပြုစုရင် အထက်မှာရေးခဲ့သလို ပြောင်းခဲ့တာ နှစ် ၃၀ ရှိနေပေမယ့် အရင်ရှိခဲ့တဲ့ နေရာ ကနေ မပြောင်းရသေးတဲ့ သူဟာ အရင်စာရင်းအတိုင်းပဲ ရှိနေမှာ ဖြစ်သလို၊ ပြောင်းချင်ပေမယ့်လည်း ရန်ကုန်မှာ အိမ်ငှားနေရပြီး အိမ်ရှင်က ခွင့်မပြုလို့ အိမ်ထောင်စုစာရင်း မပြောင်းရသူတွေကြောင့် မဲစာရင်းပြုစုတဲ့အခါမှာ လွဲနေတာတွေ ဖြစ်ပေါ်လာရတာပါ။

သူ့ အနေနဲ့ မဲပေးရမယ့် စာရင်းကို သန်းခေါင်စာရင်း ကောက်ယူထားတဲ့အတိုင်း တပြေးညီ လုပ်စေချင်ပါတယ်လို့ ပြောပါတယ်။ ဒီအတိုင်းသာ အရင်ပုံစံအတိုင်း ဆက်လုပ်နေမယ်ဆိုရင် တိကျတဲ့ မဲစာရင်း မထွက်နိုင်သလို မဲပေးနိုင်တဲ့ သူတွေလည်း မဲပေးခွင့် ရမှာမဟုတ်တဲ့အတွက် ရွေးကောက်ပွဲလုပ်တာ အဓိပ္ပာယ် မရှိဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲက ၅ နှစ်တစ်ခါလုပ် ပြီး ပြည်သူတွေက သူတို့ရဲ့ အရေးကို ကိုယ်စားဆောင်ရွက် ပေးမယ့် ခေါင်းဆောင်ကို ရွေးကြတာပါ။ သာမန်ပြုလုပ်တဲ့ ပွဲ မဟုတ် တဲ့အတွက် မဲစာရင်းပြုစုတာကို ပြန်လည် စဉ်းစားပြီး ပြုပြင်ပြောင်းလဲပေးစေချင်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly