ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ကစားကွက်များ

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ကစားကွက်များ

ယခုနှစ် အောက်တိုဘာလနှောင်း သို့မဟုတ် နိုဝင်ဘာ လဆန်းတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေတော့မည်။ ပြည်သူအများက ၂၀၁၀ ပြည့်ခုနှစ် ရွေးကောက်ပွဲထက် ပိုပြီးစိတ်ဝင်စားမှုရှိသည့် ရွေးကောက်ပွဲလည်းဖြစ်၊ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသည့်အတွက်ကြောင့် လာမည့်ရွေးကောက်ပွဲသည် အရေးပါသည်။

တဖန် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ယခုလာမည့် ရွေးကောက်ပွဲကို ပိုမို အဓိပ္ပာယ်ရှိသည့် ရွေးကောက်ပွဲ တစ်ခုအဖြစ် မျှော်လင့်ထားကြသည်။ ယင်း ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေး၊ လွတ်လပ်မှုရှိရေး၊ တရားမျှတရေးအတွက် တတ်နိုင်သမျှ တိုက်တွန်းပြောဆိုလျက် ရှိကြသလို အကူအညီလည်း ပေးလျက်ရှိသည်။

ဤသည်ကား ၂၀၁၅ ရွေးကောက်ပွဲ၏ အခန်းကဏ္ဍပင် ဖြစ်သည်။ ရွေးကောက်ပွဲကြောင့် ပြည်သူအများက လိုလားစွာ ရွေးချယ်သည့် ကိုယ်စားလှယ်များ နိုင်ငံ၏ ကံကြမ္မာ စီမံခန့်ခွဲပိုင်ခွင့် ရလာကာ တိုင်းပြည်သာယာဝပြောတော့မည်ဟု အကောင်းဘက်မှ မျှော်လင့်ခြင်းများပင် ဖြစ်သည်။

အထက်က မျှော်လင့်ချက်များအတိုင်း လက်တွေ့ ဖြစ်လာလျှင်တော့ တိုင်းပြည်အတွက် အကောင်းဆုံးဟု ဆိုရပေမည်။ လက်တွေ့တွင် အထက်ကအတိုင်း ချောချောမောမော မဖြစ်လာအောင် အာဏာကို ချုပ်ကိုင်ပြီး အကျိုးစီးပွား ဖြစ်နေသူများက ၎င်းတို့၏ နေရာ မလွတ်သွားရလေအောင် နည်းလမ်းအမျိုးမျိုး သုံးခဲ့လျှင် မည်သို့လုပ်ဆောင် ကြမည်နည်း။ ရွေးကောက်ပွဲ နီးလာလေလေ ယင်းသို့သော စိုးရိမ်မှုများ ပို၍ပို၍ များလာနေပေသည်။

ကျောင်းသားဆန္ဒပြမှုများတွင် ပြေပြေလည်လည် ဖြေရှင်းခြင်းမပြုဘဲ အကြမ်းဖက်ဖြိုခွဲဖို့ ဖမ်းဆီးချုပ်နှောင်ဖို့သာ စိတ်စောနေခဲ့သည့် ဖြစ်ရပ်၊  အလုပ်သမားဆန္ဒပြမှုများကို ယခုနောက်ပိုင်းတွင် အကြမ်းဖက်ဖြိုခွဲလာသည့်ဖြစ်ရပ်၊  တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် အတွင်းမှာပင် သေနတ်သံများက မစဲသည့် အဖြစ်အပျက်များက ယမန်နှစ်နှောင်းပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတွင် ဆက်တိုက်ဆိုသလို ဖြစ်ပျက်နေပေသည်။

တဖန် ပြုပြင်ပြောင်းလဲရေး၏ အဓိက အသက်သွေးကြော တစ်ခုဖြစ်သည့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးစေသည့် ဖြစ်ရပ်များကိုလည်း ခပ်စိပ်စိပ် တွေ့မြင်လာနေရသည်။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ရှိပြီဟု ဆိုသော်လည်း တစ်စုံတစ်ရာ အမှားအယွင်းကြောင့် ထောင်ဒဏ် နှစ်နှင့်ချီကျကြရသည့် သတင်းသမားများလည်း မကြာမီကာလများတွင် ရှိလာခဲ့သည်။

လွတ်လပ်စွာ သတင်းယူခွင့်ရှိသည်ဟု ဆိုသော်လည်း ဟိုအဖွဲ့၏ ကြေညာချက် မထုတ်ပြန်ရ၊ ဒီအဖွဲ့နှင့် မဆက်သွယ်ရဆိုသည့် ကန့်သတ်ချက်များကလည်း ခုတလော ထွက်ပေါ်လာနေသည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ချီတက်နေသည်ဟုလည်း မြန်မာနှင့် နိုင်ငံတကာကို ကတိပေးထားခဲ့သည်။ နောက်ပြန်လှည့်စရာ အကြောင်းမရှိဟုလည်း အကြိမ်ကြိမ် ကတိပေးထားသည်။ သို့သော် အဘယ်ကြောင့် ထိုဖြစ်ရပ်များက ဖြစ်ပျက်နေရပါသနည်းဟု စောကြောမေးမြန်းစရာတွေလည်း ရှိနေပေသည်။

အချို့သော ပြည်သူအများကတော့ ရွေးကောက်ပွဲကြောင့်ဟုသာ ကောက်ချက်ချကြသည်ကို ကြားသိနေရသည်။ ရွေးကောက်ပွဲက နိုင်ငံရေးအာဏာ အုပ်ချုပ်ရေးအာဏာ၊ ကိုယ်ပိုင်အကျိုးစီးပွားတို့ကို ထိခိုက်စေနိုင်သဖြင့် ရွေးကောက်ပွဲကို ပုံဖျက်လိုကြခြင်းဖြစ်သည်ဟု ကောက်ချက်ချကြပေသည်။

ရွေးကောက်ပွဲတွင် အာရုံပြောင်းအောင် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကာလ လွတ်လပ်မှု ထိခိုက်အောင် တမင်တကာ ရည်ရွယ်လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု အနှစ်နှစ် အလလက ခါးသည်းသည့် အတွေ့အကြုံများအရလည်း ယင်းသို့ကောက်ချက်ချကြခြင်း ဖြစ်နိုင်ပေသည်။

ထိုသို့သော အဖြစ်အပျက်များ ကောက်ချက်ချမှုများသည် လက်ရှိ ဦးသိန်းစိန်အစိုးရအဖို့ အစောပိုင်းနှစ်များက ရခဲ့သည့် နာမည် ဂုဏ်သတင်းကို ပျက်စီးစေလိမ့်မည်ဖြစ်သည်။

ယင်းအချက်များကြောင့် ဦးသိန်းစိန် အစိုးရသည် ပြည်သူလူထုအပေါ် ယခုထက်ပို၍ ရိုးသားမှုရှိဖို့၊ တာဝန်ခံမှုရှိဖို့ လိုအပ်မည်ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင်လည်း ပါတီအကျိုး အဖွဲ့အစည်းတစ်ခုခု၏ အကျိုးစီးပွားထက် နိုင်ငံအကျိုး၊ အများပြည်သူလူထု အကျိုးကို ဦးစားပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly