တရားရုံး အချုပ်ခန်းတွေ ကျယ်ပေးပါလား

တရားရုံး အချုပ်ခန်းတွေ ကျယ်ပေးပါလား

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ကန်းကျွန်းမြို့နယ်မှာ နေတဲ့ ဒေါ်ခင်စောတင်က မေးလ်နဲ့ပို့လာတဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံရရှိခဲ့ပါတယ်။ ရေးလိုက်တဲ့ အကြောင်းအရာ ကတော့ ရန်ကုန်တိုင်းမှာ ဖွင့်လှစ်ထားတဲ့ တရားရုံးတွေရဲ့ ဥပဓိရုပ်ကို ပြင်ဆင်ပြောင်းလဲဖို့နဲ့ အမှုတစ်ခု ဖြစ်လာရင် တရားလိုပဲဖြစ်ဖြစ်၊ တရားခံပဲဖြစ်ဖြစ် အချိန်ကုန်၊ ငွေကုန်ရုံသာမက လူရော၊ စိတ်ရော ပင်ပန်းဆင်းရဲ ဖြစ်နေရတာတွေကို တာဝန်ရှိသူတွေ အနေနဲ့ တတ်နိုင်သမျှ လျော့ချ လုပ်ဆောင်ပေးဖို့ ရေးသား ထားတဲ့ စာဖြစ်ပါတယ်။

သူဟာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး နေ့စဉ်ထုတ် သတင်းစာကို ဖတ်ရှုသူ တစ်ဦးဖြစ်လို့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်ထုတ် သတင်းစာ တစ်စောင်မှာ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်က တရားရုံး တွေမှာ အမှုတွေ အလွန်အမင်း ကြန့်ကြာမှုများနဲ့ ပတ်သက် ပြီး စိစစ်မှုများ ပြုလုပ်ရာမှာ တွေ့ရတဲ့ အားနည်းချက် လိုအပ်ချက်တွေကို ထုတ်ဖော်ပြောကြားထားတာကို ရေးထားတာ ဖတ်လိုက် ရလို့ ဒီစာကို ရေးခဲ့တာပါလို့ ဆိုပါတယ်။ ဒီသတင်းထဲမှာပဲ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ မေးမြန်း ချက်ကို တရားသူကြီး က ဖြေကြားရာမှာ ဒီလိုကြန့်ကြာမှုတွေ မဖြစ်စေဖို့အတွက် ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်မှ တရားစီရင်ရေးဆိုင်ရာသုံးနှစ် တာ မဟာဗျူဟာ စီမံကိန်း ၂၀၁၅- ၂၀၁၇ ကို ပြုလုပ်နေပါပြီလို့ ဖြေထားတာကိုလည်း ဖတ်လိုက်ရတယ်လို့ ပြောပါတယ်။

သူဟာ ဥပဒေကို လေးစားလိုက်နာပြီး ပြဿနာ မဖြစ်ချင်သူ ဖြစ်ပေမယ့် အကြောင်းအရာ တစ်ခုကြောင့် အမှုရင်ဆိုင်နေရတဲ့ ဆွေမျိုး ရင်းချာတူတစ်ယောက်နဲ့ ပတ်သက်ပြီး တရားရုံးကို မကြာခဏသွားရောက်နေရတဲ့ သူဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးမရေးချင်လို့ဘာအမှု လို့တော့ မပြောချင်ပါဘူး။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မဝေဖန်ချင်ပါဘူး။ ဒါပေမဲ့ အမှုသည်တွေ၊ တရားရုံးတွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုတော့ ပြောပြခွင့် ပြုပါလို့ ဆိုပါတယ်။ အချို့မြို့နယ် တရားရုံးတွေက စနစ်တကျ ဆောက်ထားပေ မယ့် အမှုတွေ တစ်နေ့တခြား များနေတဲ့ ရန်ကုန်မြို့ရဲ့ တရားရုံး အချုပ်ခန်းတွေဟာ ရုံးထုတ်လူနည်းရင် အဆင်ပြေပေမယ့် ရုံးထုတ်တာ လူများတဲ့ နေ့ဆိုရင် တရားရင်ဆိုင်နေရသူတွေနဲ့ သူတို့ လာတွေ့တဲ့ ဆွေမျိုးမိတ်ဆွေတွေ သာမက တာဝန်ယူရတဲ့ ရဲတွေပါ စိတ်ညစ်ကြရပါတယ်။

တရားရုံး အချုပ်ခန်းဟာ တရားရင်ဆိုင်ရတဲ့ အမှုသည် (တရားခံ) နဲ့ မမျှဖြစ်နေတော့ မနက် မိုးမလင်းခင်စပြီး အင်းစိန်ထောင် ကနေ ရုံးထုတ်လိုက်လာရတဲ့ သူတွေဟာ ထမင်းစားဖို့နဲ့ အပေါ့၊ အလေး စွန့်ဖို့ကို စိတ်အနှောက်အယှက်များစွာနဲ့ ပြုလုပ်ကြ ရတာကို မြင်တွေ့ရပါတယ်။ တရားခံ လာတွေ့တဲ့ ဆွေမျိုးသားချင်း မိတ်ဆွေတွေလည်း စောင့်ဆိုင်းနေဖို့အတွက် မဖြစ်မနေ ထိုင်ကြရတဲ့ ဖြစ်သလို ဖွင့်ထားကြတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၊ နှစ်ဆိုင်ကလည်း လူများရင် ထိုင်စရာနေရာ မရှိလို့ သည်းခံပြီး ရုံးချိန် မနက် ၁၀ နာရီကနေ ညနေ ရုံးပိတ်တဲ့ ၄ နာရီအထိ တိုးဝှေ့ပြီး ထိုင်ကြရ ပါတယ်။ လာတွေ့တဲ့ သူတွေမှာ လည်း နေသာရင် နေပူထဲမှာ နေရပြီး မိုးရွာရင် မိုးရေထဲမှာ နေရတာက တရားခံ တစ်ယောက်သာမက သူ့မိသားစု ဆွေမျိုးတွေ လည်း ဒဏ်ပေးခြင်းခံရသလို ဝေမျှခံစားကြရတယ်လို့ ဆိုပါတယ်။

တရားရုံးတွေမှာ အမှုစစ်ဆေးတာ နှစ်လနဲ့ ချီပြီ ကြန့်ကြာနေရတဲ့ ပြည်သူတွေ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်နေရတာ ကိုလျော့ ချဖို့ အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားစီရင်ရေး ဆိုင်ရာ သုံးနှစ်တာ မဟာဗျူဟာ စီမံကိန်း ၂၀၁၅ -၂၀၁၇ ရေး ဆွဲထားတာကို ကြိုဆိုပါတယ်။ စီမံကိန်း အောင်မြင်ပါစေလို့လည်း ဆန္ဒပြုပါတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ သတင်းစာ ဂျာနယ် နဲ့ ရုပ်မြင်သံကြားတွေမှာ မြင်တွေ့ရတဲ့ နိုင်ငံခြား တရားရုံးတွေလိုပဲ မြန်မာနိုင်ငံရဲ့ တရားရုံးတွေကို လုံခြုံသပ်ရပ် သန့်ရှင်းတဲ့ တရားရုံးတွေ ဖြစ်စေချင်ပါတယ်။ ဒါကြောင့် တရားရုံးတွေနဲ့ ဥပဓိရုပ်ဖြစ်တဲ့ တရားရုံး အချုပ်ခန်းနဲ့ တရားရုံး အဆောက်အဦတွေကို လည်း အခြားဝန်ကြီးဌာနများ နည်းတူ လုံခြုံပြီး အမြင်တင့်တယ်တဲ့ အသွင်အပြင်နဲ့ တည်ဆောက်ဖို့ကို ပြည်သူတစ်ဦး အနေနဲ့ အကြံပြုတာကို တာဝန်ရှိသူများ သိရှိအောင် ဖော်ပြပေးပို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly