“ သတင်းစာ ဆောင်းပါး ပြဿနာနဲ့ ပြည်သူ့အသံ တိမ်မြုပ်နိုင်တဲ့ အန္တရာယ်”

“ သတင်းစာ ဆောင်းပါး ပြဿနာနဲ့ ပြည်သူ့အသံ တိမ်မြုပ်နိုင်တဲ့ အန္တရာယ်”

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနေတဲ့ လွှတ်တော် အမတ်တွေဆီကို သတင်းစာ ပါ ဆောင်းပါး တစ်ပုဒ် ဖြန့်ဝေတဲ့ ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဇွန်လ ၁၇ ရက်က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေး မှာ ပြည်သူ့လွှတ်တော် အမတ် ဦးခိုင်မောင်ရည်နဲ့ ဒေါ်နန်းစေအွာက ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းကို တိုင်တန်းခဲ့ပြီး သူရဦးရွှေမန်းကလည်း ဒီကိစ္စကို သာမန်ကိစ္စလို့ သဘောမထားဘူး။

ထိုက်သင့်တဲ့ စိစစ်မှုတွေ လုပ်သွားမယ်လို့ လွှတ်တော်တွင်း ပြောကြားခဲ့ ပါတယ်။ စည်ပင်ဧည့်ရိပ်သာမှာ နေထိုင်တဲ့ လွှတ်တော်အမတ်တွေကို ဘယ်လို သတင်းစာပါ ဆောင်းပါး ဖြန့်ဝေခဲ့တာပါလဲ။ ဘယ်သူတွေက ဖြန့်ဝေတာပါလဲ၊ ဒီကိစ္စ ဘာပြဿနာတွေနဲ့ ဆက်စပ်နေလို့ လွှတ်တော်ထဲအထိ ရောက်ရသလဲဆိုတာ ဒီကနေ့ လေ့လာဆွေးနွေး တင်ပြ သွားပါ့မယ်။

အဲဒီနေ့ ညနေက နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ လွှတ်တော်အမတ်တွေကို ဖြန့်ဝေသွားတာဟာ ဇွန်လ ၁၄ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ “ အမွေကောင်းကောင်း ရချင်တယ်” ဆိုတဲ့ ဆောင်းပါးပါ။ ဆောင်းပါးရေး သူကတော့ “ရန်ကင်း” ဆိုသူ ဖြစ်ပါတယ်။ စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနေထိုင်တဲ့ အမတ်တချို့ရဲ့ ပြောဆိုချက်အရ သူတို့ အမတ်တွေကို ခုလို စာတိုစာရှည် ဖြန့်ဝေတာတွေ၊ ကြေညာချက် ဖြန့်ဝေတာတွေ၊ စာအုပ် စာတန်း ဖြန့်ဝေတာတွေဟာ အဆန်း တကြယ် မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အခု ဖြန့်ဝေတဲ့ စာကတော့ အစိုးရ သတင်းစာပါ ဆောင်းပါး တစ်ပုဒ်ဖြစ်ပြီး လက်ရှိ လွှတ်တော်ထဲ တင်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းကို ဝေဖန်ထားတဲ့ ဆောင်းပါး ဖြစ်နေတာပါ။ လွှတ်တော်တွင်း ပြောဆိုမှုမှာ အမတ် ဦးခိုင်မောင်ရည်က ဒီဆောင်းပါးကို စာအိတ်ထဲ ထည့်ပြီး အမတ်တစ်ယောက်ချင်းစီကို ဝေငှတဲ့အကြောင်း၊ စာအိတ်လာပေး သူဟာ စည်ပင်ဝန်ထမ်းဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ပေးခိုင်းတယ်လို့ ပြောတဲ့အကြောင်း၊ သူတို့ကို ခုလို စာဖြန့်ဝေ တာဟာ တရားမဝင် ဖြန့်ဝေတဲ့ သဘောမျိုးဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို မလေးမစား လုပ်တာပဲ ဖြစ်တဲ့အကြောင်း စွတ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ သူ့ဌာနဆိုင်ရာ အကြီးအကဲတွေကို မေးမြန်းပြီးဖြစ်တဲ့အကြောင်း၊ သူတို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဖြန့်ဝေတာ မဟုတ်တဲ့အကြောင်း၊ အဲဒီလို ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရှိဘဲ ဖြန့်ဝေရင် အရေးယူမှာ ဖြစ်တဲ့အကြောင်း၊ အမတ်တွေ အနေနဲ့ စာလာဖြန့်တဲ့ စည်ပင်ဝန်ထမ်း တွေကိုပဲ ပြန်ပြီး စိစစ်သင့်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တကယ်တော့ အခြား စာအုပ်၊ စာစောင်တွေ ဖြန့်ဝေစဉ်တုန်းကတော့ ပြဿနာ မပေါ်ဘဲ အခု ဆောင်းပါး ဖြန့်ဝေမှ ပြဿ     နာ ပေါ်တာ ကတော့ ဆောင်းပါးပါ အကြောင်းအရာ ကြောင့်လို့ ကောက်ချက် ချနိုင်ပါတယ်။ ဆောင်းပါးမှာ ဆောင်းပါးရှင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ၂၀၀၈ မှာ အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ် ဟန်ချက်ညီညီ ထိန်းညှိနိုင်အောင် ရေးဆွဲ ထားကြောင်း၊ ဒါပေမယ့် ပြင်ဆင်မယ့် ဥပဒေ မူကြမ်းမှာတော့ သမ္မတ အုပ်ချုပ်တဲ့ ပုံစံကနေ အရင် ပါလီမန်ခေတ်ပုံစံ လွှတ်တော်က လွှမ်းမိုးတဲ့ အနေအထား ဖြစ်အောင် ပြင်ထားကြောင်း၊ ဒါ့အပြင် အမတ်တွေဟာ ဖွဲ့စည်းပုံပါ လွှတ်တော်ကိုယ်စားလှယ် တွေကို ပြန်ရုပ်သိမ်း ခွင့် ဆိုင်ရာ ပုဒ်မကိုလည်း ဖြုတ်ဖို့ ကြိုးစားထားကြောင်း၊ လွှတ်တော် အမတ်တွေဟာ အုပ်ချုပ်ရေး မဏ္ဍိုင်ကို ချုပ်ကိုင်လိုတာနဲ့ လွှတ်တော်နဲ့ အမတ်တွေရဲ့ အခွင့်အရေးကိုပဲ ဦးစားပေး လုပ်နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် စွတ်စွဲ ဝေဖန်ထားတာ ဖြစ်ပါ တယ်။

တကယ်တော့ ဒီပြဿနာဟာ လာမယ့် ဇွန်လ ၂၃ ရက်နေ့ လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း ပုဒ်မ ၄၃၆ (က) ဆိုင်ရာအပိုင်း စပြီး မဆွေးနွေးခင် ထွက်ပေါ်လာတဲ့ အုပ်စု နှစ်ခု၊ အကျိုးစီးပွား နှစ်ခုရဲ့ ပဋိပက္ခ တွန်းတိုက်မှုလို့ ပြောရင် ရနိုင်ပါတယ်။ တစ်စုကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ လျော့ချပြီး လွှတ်တော်ဘက်က လုပ်ပိုင်ခွင့်တွေကို တိုးပြီး ရယူချင်တဲ့ လွှတ်တော်နာယက သူရ ဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုး ပါတီဝင် တချို့ဖြစ်ပြီး ကျန်တစ်စုကတော့ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့၊ ပြည်ခိုင်ဖြိုး ပါတီဝင် တချို့နဲ့ တပ်မတော်ခေါင်းဆောင်တွေ ပါဝင်တဲ့ အစု ဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းကို လေ့လာကြည့်ရင် လွှတ်တော်ကို လွှမ်းမိုးထားတဲ့ သူရ ဦးရွှေမန်း ဦးဆောင် တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က စိတ်ကြိုက် ရေးဆွဲထားတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲကနေ သူတို့ အဓိက  ပြင်ဆင်လိုတဲ့ အချက်တွေကတော့ ဒု သမ္မတ၊ သမ္မတ တွေဟာ ရွေးကောက်ခံ ဖြစ်ရမယ်ဆိုတဲ့ အချက်၊ ဖွဲ့စည်းပုံပါ သမ္မတ လုပ်ပိုင်ခွင့်တွေကို လျော့ချပြီး လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက် လုပ်ပိုင်ခွင့်တိုးပြီး ရယူချင်တဲ့အချက်၊ နောင်တက်လာမယ့် သမ္မတနဲ့ ဝန်ကြီးတွေဟာ နိုင်ငံရေးပါတီ တာဝန် ထမ်းဆောင်ခွင့်၊ တစ်ပြိုင်နက်တည်း လွှတ်တော် အမတ်အဖြစ် ဆက်ရှိခွင့်၊ ပြည် သူတွေက မကြိုက်ရင် ကိုယ်ရွေးချယ်ထားတဲ့ အမတ်တွေကို ကိုယ် ပြန်ရုပ်သိမ်းနိုင်တဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ဖို့၊ အမတ်တွေရဲ့ အဆင့်အတန်း မြှင့်တင်ဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲရောက်နေသူတွေ၊ ပြည်ခိုင်ဖြိုး ပါတီဝင် တချို့နဲ့ တပ်မတော် ခေါင်းဆောင် ပိုင်းကတော့ အဲဒီ ပြင်ဆင်လိုချက်တွေကို သဘော မတူနိုင်ကြပါဘူး။ ဒီလို သဘောမတူနိုင်ကြောင်း အစိုးရပိုင် သတင်းစာတွေ ကနေ နေ့စဉ် ရက်ဆက် ဆောင်းပါးရေးသား ဖော်ပြနေကြတာကိုလည်း တွေ့ရမယ် ဖြစ်ပါတယ်။ ဒီ ပြဿနာဟာ လက်ရှိ သမ္မတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးရထူး ရထားသူတွေ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ အရင်ခေတ်တုန်းက အစိုးရအဖွဲ့မှာ နေရာရခဲ့ပြီး ယခုအခါ လွှတ်တော်အမတ် တာဝန်ပဲ ယူထားရသူတွေရဲ့ နောင်ဖြစ်ပေါ်လာမယ့် သမ္မတနဲ့ အစိုးရအဖွဲ့ဝန်ကြီး ဘယ်သူတွေ ဖြစ် သင့်သလဲဆိုတဲ့ အကျိုးစီးပွားခြင်း ပဋိပက္ခကနေ ပေါက်ဖွားလာတာလို့လည်း နားလည်နိုင်ပါတယ်။

ကြားထဲမှာ ပျောက်နေတာက ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီနဲ့ ပြည်သူတွေရဲ့ လိုလားချက်၊ တိုင်းရင်းသားတွေ ရဲ့ လိုလားချက် အသံနှစ်သံ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်ဟာ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်း တွေအကြား အငြင်းပွားနေတဲ့ ပြဿနာနဲ့ မတူပါဘူး။ ဖွဲ့စည်းပုံ ဒီမိုကရေစီ ဆန်လာဖို့နဲ့ တိုင်းရင်းသားအားလုံးတန်းတူ အခွင့်အရေးတွေ ပါဝင်လာဖို့ပဲ ဖြစ်တာမို့၊ စစ်ဗိုလ်ချုပ် အဟောင်း၊ အသစ်တွေရဲ့ အငြင်းပွားမှုတွေကြားမှာ ဒီအသံတွေ တိမ်မြုပ် မသွားဖို့၊ ပျောက်ကွယ် မသွားဖို့၊ နားယောင် မသွားကြဖို့ လိုပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly