သနားစိတ်လေးနဲ့ စာသင်ပေးပါ

သနားစိတ်လေးနဲ့ စာသင်ပေးပါ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်က ရွာတစ်ရွာမှာ နေပါတယ်လို့ ရေးလာတဲ့ ဦးသောင်းစိန် ရေးလိုက်တဲ့ စာတစ်စောင် ရောက်လာခဲ့ပါတယ်။ စာရေးတဲ့သူက အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး သူတို့ရွာရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတာတွေကို ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှ ကျောင်းစတက်တဲ့ သူငယ်တန်းကျောင်းသား မြေး စာသင်ကြားတဲ့ ကျောင်းက ဆရာမတွေ ကျူရှင် သင်ကြတဲ့ အကြောင်းကို တခြားသူတွေ သိစေချင်လို့ ရေးသားပေးပို့ ခဲ့တာပါလို့ ဆိုပါတယ်။

သူတို့ နေတဲ့ ရွာဟာ ရန်ကုန်မြို့နဲ့ မိုင် ၄၀ ကျော် ဝေးလို့ တိုက်ကြီးမြို့နယ်အစ မှော်ဘီမြို့နယ် အဆုံး မှာရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး တစ်ရွာလုံးမှာလည်း ကျောင်း တစ်ကျောင်းတည်းရှိတဲ့ ရွာဖြစ်ပါတယ်။ ရွာဦးဘုန်းကြီး ကျောင်းမှာတော့ ဘက ကျောင်းရှိပါတယ်။ သူတို့ ရွာမှာ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေ အများစုဖြစ်ပြီး ဝန်ထမ်းဦးရေကတော့ နည်းပါး ပါတယ်လို့ ဆိုပါ တယ်။ စိုက်ပျိုးရေးဆိုလို့ စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးကြတာမျိုး မဟုတ်ဘဲ စပါးစိုက်တာနဲ့ တစ်နိုင်ရာသီပေါ် သီးနှံစိုက်ပျိုးကြ တာ ဖြစ်ပါတယ်။ အများစုကတော့ ကိုယ်ပိုင်မြေမှာ ထွန်ယက်စိုက်ပျိုးကြရတာ မဟုတ်ဘဲ လက်ခစား အလုပ်လုပ်ကြပြီး တစ်နေ့ လုပ်မှ တစ်နေ့စားကြရတဲ့ သူများပါတယ်လို့ ပြောပါတယ်။

သူ ဒီလို အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ပြောနေရတာက သူတို့ ရွာက လူတွေ ဆင်းရဲလို့ ကြပ်တည်း ကြတာကို သိစေချင်လို့ပါ၊ ဒီလို အဆင်မပြေ ကြတာကို ရွာကျောင်းက သူငယ်တန်းပြ ဆရာမ ၃ ယောက်က ကျူရှင်ဖွင့်ပြီး စီးပွားများ ရှာနေကြတာကို အံ့သြလို့ မဆုံးပါဘူး။ ရွာက လူတွေက သားသမီးတွေကို သူတို့လို ပညာမတတ်လို့ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရံှုးတဲ့ သူတွေ မဖြစ်အောင် ကျောင်းထားပြီး ပညာသင် စေချင်ကြတာ ဖြစ်ပါတယ်လို့ ရေးပါတယ်။ သူဆိုရင် ၇ တန်းနဲ့ မိဘက ကျောင်း ဆက် မထားနိုင်လို့ ကျောင်းထွက်ပြီး တပ်ထဲ ဝင်ခဲ့ပြီး သူ့ရဲ့ သားဟာလည်း ၈ တန်းအောင်ပေမယ့် ကျောင်းဆက်ထားဖို့ အဆင် မပြေလို့ အနီးနားက စက်ရုံ တစ်ရုံမှာ ဝန်ထမ်း ဝင်လုပ်နေတဲ့အတွက် သူ့ရဲ့ မြေးဖြစ်သူကို ဘွဲ့ရပြီး ပညာနဲ့ အသက်မွေး တဲ့သူ ဖြစ်စေချင်လို့ ပါလို့ ဆိုပါတယ်။

သူငယ်တန်း သင်တဲ့ ဆရာမ သုံးယောက်မှာ တစ်ယောက်က ကျောင်းသားတစ်ယောက်ကို ၇,၀၀၀ ကျပ်၊ နောက် ဆရာမက ၁၅,၀၀၀ ကျပ်နဲ့ ဆရာမ နောက်တစ်ဦးက ၂၅,၀၀၀ ကျပ် ယူကြပြီး ကျောင်းဆင်းချိန် သူတို့ အိမ်တွေမှာ ကျူရှင် သင်ကြပါတယ်။ ၇,၀၀၀ ပေးရတာကို အများဆုံး တက်ကြပါတယ်။ ကျူရှင် မတက်တဲ့ ကလေးတွေကို ဆရာမတွေက စာမေးပွဲအောင်ဖို့ကို  အာမ မခံဘူးလို့ ဆိုတာကြောင့် တချို့ မိဘတွေက သူတို့ ကလေးတွေအတွက် စိတ်ပူပြီး မရှိရှိတာ ရှာကြံလို့ ကျူရှင် ထားကြရပါတယ်။

သူတို့လည်း မိသားစု ဝင်ငွေက နည်းလို့ အဆင်မပြေပေမယ့် တခြား အသုံးစရိတ်တွေကို လျှော့ချပြီး ၇,၀၀၀ ပေးရတဲ့ ဆရာမဆီ မှာပဲ ကျူရှင်အပ်ရပါတယ်။ သူသိထားတာက ဒီဆရာမတွေကို ပညာရေးဝန်ထမ်း အဖြစ်ခန့်ထားလို့ နိုင်ငံတော်က ချီးမြှင့်တဲ့ လစာငွေ ပေးထားတာပဲ။ ရန်ကုန်မြို့ပေါ်မှာလို စီးပွားရှာလို့ တစ်ဦးနဲ့ တစ်ဦး အပြိုင်အဆိုင်တွေ ဖြစ်နေလို့ ကျူရှင်ထား ကြတယ် ဆိုတာကမှ နားထောင်ကောင်းသေးတယ်လို့ ပြောပါတယ်။ သူတို့ရွာလို စီးပွားရေး ဖွံ့ဖြိုးမှု အားနည်းပြီး ထမင်းတနပ်စားဖို့တောင် မနည်းရုန်းကန်နေကြရတဲ့ ရွာလိုမျိုးမှာ ကျူရှင် တစ်လ ၇,၀၀၀ ကျပ်ဆိုတာ အလွန်များပါတယ်။ ဆရာမတွေကို ကျောင်းမှာပဲ စာတတ်အောင် သင်ပေးကြပါ။ စီးပွားရေး အဆင်မပြေတဲ့ ရွာသူရွာသားတွေကို သနားစိတ်နဲ့ စာသင်ပေးစေဖို့ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးစေလိုတာကြောင့် ရေးလိုက်တဲ့စာပါလို့ ဆိုလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။