ကမ္ဘာကျော်တွေရဲ့ ခြေစွမ်းကို ကြည့်ရှုရမယ့် ၂၀၁၅ ကိုပါအမေရိကဖလား

ကမ္ဘာကျော်တွေရဲ့ ခြေစွမ်းကို ကြည့်ရှုရမယ့် ၂၀၁၅ ကိုပါအမေရိကဖလား

၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ ချီလီနိုင်ငံမှာ ကျင်းပ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အိမ်ရှင်ချီလီနိုင်ငံနဲ့အတူ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၁ သင်းက ကိုပါအမေရိကဖလားကြီးကို ရရှိဖို့ အပြိုင်ကြဲကြတော့မှာပါ။ ၂၀၁၅ ကိုပါအမေရိကပြိုင်ပွဲဟာ ၄၄ ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ဖြစ်ပါတယ်။ ချီလီနိုင်ငံ မြို့ကြီးရှစ်မြို့က အားကစားကွင်းကြီး ကိုးကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ပြိုင်ပွဲမှာတော့ ဥရုဂွေးအသင်းက ဗိုလ်စွဲထားပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အသင်းဟာ လာမယ့် ၂၀၁၇ ခုနှစ် ရုရှနိုင်ငံမှာ ကျင်းပမယ့် ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကို ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်းများ
-----------------------

ပြိုင်ပွဲဝင်အသင်းပေါင်းက ၁၂ သင်းဖြစ်ပါတယ်။ တောင်အမေရိကတိုက်က ၁၀ သင်းနဲ့ ဖိတ်ခေါ်ထားတဲ့ အသင်းနှစ်သင်းအဖြစ် မက္ကဆီကိုနဲ့ ဂျမေကာတို့က ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
ထိုအသင်း ၁၂ သင်းကတော့ အိမ်ရှင်ချီလီ၊ လက်ရှိချန်ပီယံ ဥရုဂွေး၊ ဖိတ်ခေါ်ထားတဲ့ မက္ကဆီကိုနဲ့ ဂျမေကာ၊ ဘရာဇီး၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပါရာဂွေး၊ ဗင်နီဇွဲလား၊ ပီရူးနဲ့ ဘိုလီးဗီးယားတို့ ဖြစ်ပါတယ်။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ ဦးစွာပထမ မက္ကဆီကိုနဲ့ ဂျပန်တို့ကို ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ ဂျပန်က ငြင်းပယ်ခဲ့လို့ တရုတ်ကို ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ တရုတ်ကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ တိုက်နေတာကြောင့် နောက်ဆုံးမှာ ဂျမေကာအသင်းကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စု အနေအထား
----------------------

အုပ်စုမဲခွဲခဲ့ရာမှာတော့ အုပ်စု(က)မှာ ချီလီ၊ မက္ကဆီကို၊ အီကွေဒေါ၊ ဘိုလီးဗီးယား၊ အုပ်စု(ခ)မှာ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ဂျမေကာ၊ အုပ်စု(ဂ)မှာ ဘရာဇီး၊ ကိုလံဘီယာ၊ ပီရူးနဲ့ ဗင်နီဇွဲလားတို့ ကျရောက်ခဲ့ပါတယ်။

အုပ်စု(က) ချီလီ၊ မက္ကဆီကို၊ အီကွေဒေါ၊ ဘိုလီးဗီးယား
------------------------------------------------------------

အုပ်စု(က)မှာ အင်အားအကြီးဆုံးကတော့ အိမ်ရှင်ချီလီအသင်းပါပဲ။ ချီလီတို့ဟာ ကိုပါအမေရိကပြိုင်ပွဲမှာ တစ်ကြိမ်မှ ဗိုလ်မစွဲခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီနှစ်မှာ အိမ်ရှင်အားနဲ့ ချန်ပီယံဆုကို အရယူဖို့ ပြင်ဆင်နေပါတယ်။
ချီလီတို့ဟာ ဒုတိယလေးကြိမ်၊ တတိယငါးကြိမ်နဲ့ စတုတ္ထ ၁၀ ကြိမ် ရခဲ့ဖူးပါတယ်။ ဒုတိယဆုကို နောက်ဆုံးရခဲ့တဲ့ နှစ်က ၁၉၈၇ ခုနှစ်ကဆိုတော့ တော်တော်ကို ကြာမြင့်ခဲ့ပါပြီ။ ဂိုးသမား ဘရာဗို၊ ဆန်းချက်ဇ်၊ ဗီဒယ်၊ အစ္စလာ၊ မီဒယ်၊ ဗားဂက်စ်တို့ရဲ့အားနဲ့ ချီလီတို့ သမိုင်းသစ်ရေးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ဗိုလ်စွဲဖို့ ရေပန်းစားမှုအဆင့်မှာတော့ ချီလီက တတိယနေရာမှာ ရှိနေပါတယ်။

ဒီအုပ်စုမှာ ချီလီပြီးရင် အတောင့်တင်းဆုံးအသင်းက မက္ကဆီကို ဖြစ်ပါတယ်။ မက္ကဆီကိုတို့ဟာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ဖိတ်ခေါ်မှုနဲ့ ကိုးကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မက္ကဆီကိုတို့ဟာ နောက်ပိုင်းနှစ် ကိုပါအမေရိက ပြိုင်ပွဲတွေမှာ ချီလီနဲ့ယှဉ်ရင် ပိုပြီးတောင် အောင်မြင်မှုတွေ ရနေပါသေးတယ်။ ပြီးခဲ့တဲ့ ရှစ်ကြိမ်မှာ နှစ်ကြိမ်ဒုတိယရပြီး သုံးကြိမ်တတိယ ရခဲ့ပါတယ်။ ၁၉၉၃ နဲ့ ၂၀၀၁ ခုနှစ်ပြိုင်ပွဲတွေမှာ ဒုတိယရခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးအောင်မြင်မှုကတော့ ၂၀၀၇ ခုနှစ်က တတိယ ရခဲ့တာပါ။ မက္ကဆီကိုရဲ့ ကစားသမားအင်အားကတော့ အကောင်းကြီး မဟုတ်ပါဘူး။ ပြည်တွင်းကစားသမားအများစုနဲ့သာ စုဖွဲ့ထားပါတယ်။ ဗီရိုနာက နောက်ခံလူ မားကွက်ဇ်၊ အက်သလက်တိုက်စစ်မှူး ဂျင်မီနက်ဇ်နဲ့ ဗယ်လ်ကာနိုကွင်းလယ်လူ အကွီနိုတို့ သုံးဦးပဲ ပြည်ပထွက်ကစားနေသူတွေအဖြစ် ပါဝင်ပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာတော့ မက္ကဆီကိုတို့ဟာ အဆင့်ခြောက်နေရာမှာ ရှိနေပါတယ်။

မက္ကဆီကိုပြီးရင်တော့ အီကွေဒေါပါ။ အီကွေဒေါတို့ဟာ ကိုပါအမေရိကမှာ တတိယနှစ်ကြိမ်သာ ရရှိခဲ့ဖူးပါတယ်။ ၁၉၅၉ နဲ့ ၁၉၉၃ ခုနှစ်တွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါအမြင့်ဆုံးအောင်မြင်မှုပါပဲ။ အီကွေဒေါရဲ့ အဓိက အားထားရတဲ့ ကစားသမားကတော့ ဝက်စ်ဟမ်းတိုက်စစ်မှူး ဗလင်စီယာဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေကတော့ ဆွမ်ဆီးကွင်းလယ်လူ မွန်တာရို၊ ဂရီမီရိုနောက်ခံလူ အီရာဇို၊ ပီအေအိုကေကွင်းလယ်လူ နိုဘိုအာ၊ ဗီတက်ဆီကွင်းလယ်လူ အိုင်ဘာရာတို့ပဲ ဖြစ်ပါတယ်။ ကစားသမားအများစုကတော့ ပြည်တွင်းအခြေစိုက်ကစားသမားတွေပါပဲ။ ဗိုလ်စွဲဖို့ ရေပန်းစားမှုက မက္ကဆီကိုရဲ့နောက် အဆင့် ၇ နေရာမှာပါ။

ဘိုလီးဗီးယားကတော့ ဒီအုပ်စုမှာ အိမ်ဖြည့်အဖြစ် သတ်မှတ်ခံထားရတာပါ။ ဒါပေမဲ့ ဘိုလီးဗီးယားတို့ဟာ ဒီအုပ်စုမှာ ချန်ပီယံဖြစ်ဖူးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်က ချန်ပီယံဖြစ်ခဲ့တာပါ။ နောက်ပိုင်းအောင်မြင်မှုကတော့ ၁၉၉၇ ခုနှစ်က ဒုတိယရခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၁၀၃ မှာ ရှိနေတဲ့ ဘိုလီးဗီးယားအသင်းမှာ နာမည်ကြီးကလပ်က နာမည်ကြီး ကစားသမား တစ်ဦးမှ မပါဝင်ပါဘူး။ အေစီမီလန်လူငယ်အသင်းက ဂါမာရာ ပါတယ်လို့ ပြောလို့ရပေမယ့် ဒီကစားသမားလေးက လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်တောင် မရသေးပါဘူး။ ဗိုလ်စွဲဖို့ရေပန်းစားမှုမှာတော့ အောက်ဆုံးကရေတွက်ရင် အဆင့် ၂ မှာ ရှိပါတယ်။

အုပ်စု(ခ) အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး၊ ဂျမေကာ
----------------------------------------------------------

အုပ်စု(ခ)မှာ ရေပန်းအစားဆုံးအသင်းက အာဂျင်တီးနားပါပဲ။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ နံပါတ်တစ်နေရာကနေ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။ မက်ဆီ၊ အဂူရို၊ တီဗက်ဇ်၊ ဟီဂူအင်၊ ဒီမာရီယာ၊ လာမီလာ၊ မာရှေယာနို၊ ဂါရေးစတဲ့ ကမ္ဘာကျော် ကစားသမားတွေ အများအပြားပါဝင်နေတာကြောင့် အာဂျင်တီးနားတို့ ရေပန်းစားနေတာ မထူးဆန်းပါဘူး။ အာဂျင်တီးနားတို့ဟာ ကိုပါအမေရိကမှာ ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။ ၁၄ ကြိမ် ဗိုလ်စွဲပြီး၊ ၁၂ ကြိမ် ဒုတိယရကာ ၄ ကြိမ် တတိယ ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ ခုနှစ်က ၁၉၉၃ ခုနှစ်ဆိုတော့ ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ၂၂ နှစ်တောင် ရှိနေပြီ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို နောက်ဆုံးတက်နိုင်ခဲ့တဲ့နှစ်ကတော့ ၂၀၀၇ ခုနှစ်ကပါ။

အာဂျင်တီးနားပြီးရင်တော့ လက်ရှိချန်ပီယံဥရုဂွေးက ဒီအုပ်စုမှာ ရေပန်းအစားဆုံးပါ။ ကိုပါအမေရိကပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဥရုဂွေးတို့ဟာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက်တော့ ရုန်းကန်ရပါလိ့မ်မယ်။ အဓိက အကြောင်းအရင်းကတော့ ဆွာရက်ဇ်ပွဲပယ်ခံထားရတာပါ။ ကာဗာနီတစ်ဦးတည်းနဲ့ မလွယ်ပါဘူး။ ဘော်ဒိုးတိုက်စစ်မှူး ရိုလန်၊ ဟားလ်စီးတီးက ဟာနန်ဒက်ဇ်၊ အက်စ်ပန်ညိုတိုက်စစ်မှူး စတူအာနီတို့လောက်နဲ့ တိုက်စစ်က အလုပ်မဖြစ်နိုင်ပါဘူး။ ကွင်းလယ်နဲ့ ခံစစ်ပိုင်းကတော့ မဆိုးပါဘူး။ ဥရုဂွေးတို့ဟာ ဗိုလ်စွဲဖို့ရေပန်းစားမှုမှာ အဆင့်ငါး အဖြစ်သာ သတ်မှတ်ခံထားရပါတယ်။

ပါရာဂွေး။ ပြီးခဲ့တဲ့နှစ်က ဒုတိယရခဲ့တဲ့ ပါရောဂွေးတို့ အုပ်စုကျပ်ထဲ ကျလာတာပါပဲ။ ပြီးခဲ့တဲ့နှစ်တုန်းကလို ကံကောင်းဖို့တော့ မမြင်မိပါဘူး။ နှစ်ကြိမ်ဗိုလ်စွဲခဲ့ဖူးလို့ အစဉ်အလာရှိတယ်လို့တော့ ပြောရမှာပါ။ ဒါပေမဲ့ လက်ရှိပါရာဂွေးအသင်းမှာ ပါဝင်နေသူတွေက အော့စ်ဘတ်၊ အူဒီးနီးစ်၊ ဘေဆယ်၊ မောင့်ပယ်လီယာ၊ ဖလာမင်ဂိုတို့လောက်အသင်းတွေမှာသာ ပါဝင်ကစားနေသူတွေဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဆန်တာခရုဇ်ကို အားကိုးနေရဆဲပါ။ အုပ်စုတွင်းမှာ ဂျမေကာ ပါနေလို့ အုပ်စုတတိယတော့ မျှော်လင့်လို့ ရပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းစားမှု အဆင့် ရှစ်မှာ ရပ်တည်နေပါတယ်။

ဂျမေကာအသင်းကတော့ ဒီအုပ်စုမှာ အိမ်ဖြည့်ပါ။ ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်မှာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၁၁၃ မှာရှိနေတဲ့ ဂျမေကာအကြောင်းကတော့ စိတ်ဝင်စားစရာမရှိပါဘူး။ ပါရာဂွေးနဲ့ အုပ်စုတတိယ လုရမှာပါ။

အုပ်စု(ဂ) ဘရာဇီး၊ ကိုလံဘီယာ၊ ပီရူး၊ ဗင်နီဇွဲလား
------------------------------------------------------

အုပ်စု(ဂ)မှာ ရေပန်းအစားဆုံးက ဘရာဇီးပါ။ အာဂျင်တီးနားရဲ့နောက် ဒုတိယနေရာကနေ ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ကမ္ဘာ့ဖလားမှာ ကျဆုံးခဲ့ပြီးတဲ့နောက် ဘရာဇီးတို့ အသင်းကို အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ နည်းပြဒွန်ဂါရဲ့လက်ထက်မှာ ကိုးပွဲဆက်တိုက်နိုင်ထားပါတယ်။ ဂိုး ၂၀ အထိသွင်းထားသလို သုံးဂိုးပဲ ပေးထားရလို့ ခံစစ်တိုက်စစ် အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ လူငယ်ခြေတက်ကစားသမားတွေကို အတွေ့အကြုံရှိကစားသမားတွေနဲ့ ပေါင်းစပ်ထားလို့ ဘရာဇီးရဲ့ ခြေစွမ်းက စောင့်ကြည့်ချင်စရာကောင်းလွန်းနေပါတယ်။ နေမာ၊ ကော်တင်ဟို၊ ဖရက်ဒ်၊ မာကွင်ဟို၊ အန်ဒါဆင်၊ ဒေါက်ဂလက်စ်ကော်စတာ၊ ဒန်နီလိုစတဲ့ လူငယ်ကစားသမားတွေက အကောင်းဆုံးခြေစွမ်းမှာ ရှိနေသလို ရော်ဘင်ဟို၊ ဆေးလ်ဗား၊ လူးဝစ္စ၊ ဖာနန်ဒင်ဟို၊ အီးလီးယက်စ်၊ မီရန်ဒါတို့ကလည်း ခြေစမ်းကောင်းတွေ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ဘရာဇီးတို့ဟာ ပြီးခဲ့တဲ့နှစ်က ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်လိုက်ရပေမယ့် နောက်ဆုံးပြိုင်ပွဲခြောက်ကြိမ်မှာ လေးကြိမ်အထိဗိုလ်စွဲထားတဲ့ အသင်းပါ။ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရှစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး တတိယအအောင်မြင်ဆုံးဖြစ်တဲ့ ဘရာဇီးတို့ဟာ နည်းပြဒွန်ဂါရဲ့ စည်းကမ်းကြီးမှုကြောင့် ဒီနှစ်မှာ ဗိုလ်လုပွဲအထိ တက်လှမ်းသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဘရာဇီးပြီးရင်တော့ ကိုလံဘီယာက ဒီအုပ်စုရဲ့ ဒုတိယရေပန်းအစားဆုံးပါ။ ဖယ်လ်ကာအို၊ ရိုဒရီဂွက်ဇ်၊ ဘက်ကာ၊ ကွာဒရာဒို၊ ဇူနီဂါ၊ ဂျေဆင်မာတီနက်ဇ်၊ ဇာပါတာ၊ အော့စပင်နာ ဒီကစားသမား နာမည်နဲ့တင် ကိုလံဘီယာကို တော်ရုံအသင်းက လန့်နေလို့ ရပါတယ်။ လက်ရှိခြေစွမ်းအရကောင်းသလို ရလဒ်တွေလည်း ကောင်းနေတာကြောင့် ဗိုလ်စွဲဖို့ရေပန်းစားမှုမှာ အဆင့်လေးနေရာက ရှိနေပါတယ်။ ကိုလံဘီယာတို့ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာတော့ ၂၀၀၁ ခုနှစ်က တစ်ကြိမ်သာ ဗိုလ်စွဲခဲ့ဖူးပြီး ဒုတိယတစ်ကြိမ်၊ တတိယသုံးကြိမ်၊ စတုတ္ထနှစ်ကြိမ် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ တုန်းကတော့ ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

တတိယနေရာမှာ ရှိနေတဲ့ အသင်းက ပီရူးပါ။ ပီရူးတို့ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ နှစ်ကြိမ်ဗိုလ်စွဲခဲ့ဖူးပြီး တတိယ ၇ ကြိမ်၊ စတုတ္ထ ၅ ကြိမ် ရခဲ့ပါတယ်။ အသင်းက သာမန်အသင်းဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၁ တုန်းကလည်း ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး တတိယတောင် ရခဲ့ပါတယ်။
လက်ရှိကစားသမားစာရင်းနဲ့ ခြေစွမ်းကတော့ အားရစရာမရှိပါဘူး။ ဖီအိုရင်တီးနားက ဗားဂက်စ်၊ ဖလာမင်ဂိုတိုက်စစ်မှူး ဂွါရဲရိုး၊ ရှော်လ်ကေးက ဖာဖန်၊ ဘိုင်ယန်မြူးနစ်က ဝါရင့်တိုက်စစ်မှူး ပီဇာရိုတို့လောက်ပဲ ရှိပါတယ်။ ဒီလောက်နဲ့တော့ အုပ်စုတတိယကိုပဲ လုရမှာပါ။ ဗိုလ်စွဲဖို့ ရေပန်းစားမှု အဆင့် ၉ ပါ။

ဗင်နီဇွဲလားတို့ကို အုပ်စု(ဂ)ရဲ့ အိမ်ဖြည့်လို့ သတ်မှတ်ထားကြပါတယ်။ ဇင်းနစ်တိုက်စစ်မှူး ရွန်ဒွန်၊ ဗယ်လ်ကာနိုတိုက်စစ်မှူး မီကူးတို့က ဗင်နီဇွဲလားရဲ့ အဓိက ကစားသမားတွေပါ။ ပြီးခဲ့တဲ့ ၂၀၁၁ တုန်းကတော့ ဆီမီးအထိတက်နိုင်ခဲ့ပါတယ်။ ဒါက ဗင်နီဇွဲလားတို့အတွက် အအောင်မြင်ဆုံး နှစ်ပါပဲ။ ဒီနှစ်တော့ ဒီလိုထပ်ဖြစ်ဖို့ မလွယ်တော့ပါဘူး။

ကမ္ဘာကျော်တွေ အပြိုင်နွှဲမယ့်ပွဲ
----------------------------------

တောင်အမေရိကတိုက်ရဲ့ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ယူရိုပြိုင်ပွဲတွေလောက် ပရိသတ်စိတ်ဝင်စားမှု မရှိပေမယ့် တကယ်ကို ပြိုင်ဆိုင်မှုပြင်းထန်ပြီး ဘောလုံးပညာ အဆင့်မြင့်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ကစားသမားတွေဟာ တောင်အမေရိကသားတွေပီပီ ဘောလုံးကျွမ်းကျင်မှု မြင့်မားသလို မာယာလည်း များကြပါတယ်။

ပြိုင်ပွဲကျင်းပတဲ့ ပုံစံအရ ၁၂ သင်းမှာ ရှစ်သင်းက ကွာတားကို ရောက်မှာ ဖြစ်လို့ နောက်ပိုင်းပွဲတွေမှာ ပြိုင်ပွဲက ပိုမိုပြင်းထန်လာတတ်ပါတယ်။ ရှုံးထွက်အဆင့်ကို ရောက်သွားချိန်မှာ အသင်းတိုင်းအခွင့်အရေးရှိသွားလို့ အောက်အသင်းတွေကလည်း အားကုန်ရုန်းကြပါတယ်။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲတုန်းက ပီရူး၊ ဗင်နီဇွဲလားတို့လိုအသင်းတွေ ဆီမီးအထိရောက်သွားတာ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း မက်ဆီ၊ နေမာ၊ အဂူရို၊ ဒီမာရီယာ၊ ဖယ်လ်ကာအို၊ ရိုဒရီဂွက်ဇ်၊ ဘက်ကာ၊ ဆန်းချက်ဇ်၊ ဗီဒယ်၊ ကော်တင်ဟို၊ ဝီလျံ၊ ကာဗာနီ၊ ဗလင်စီယာတို့လို ကမ္ဘာ့ထိပ်တန်းကစားသမားတွေပါဝင်နေတာကြောင့် ပြိုင်ပွဲတွေက ကြည့်ကောင်းဦးမှာပါ။
ဘွတ်ကီဒိုင်တွေခန့်မှန်းထားသလို အာဂျင်တီးနားနဲ့ ဘရာဇီးတို့ပဲ ဗိုလ်စွဲမလား၊ အိမ်ရှင်ချီလီကပဲ အိမ်ရှင်အားနဲ့ ချန်ပီယံသစ်ဖြစ်သွားမလား ဒါမှမဟုတ် ကိုလံဘီယာ၊ ဥရုဂွေးတို့လို အသင်းကောင်းတွက ဗိုလ်စွဲသွားမလား။ ချန်ပီယံလောင်းတွေကို ဘယ်အသင်းလေးတွေက ဒုက္ခပေးဦးမလဲဆိုတာကို လာမယ့် ဇွန်လ ၁၁ ရက်နေ့က စပြီး ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပပုံ
----------------

လေးသင်းသုံးအုပ်စုခွဲပြီး အုပ်စုတစ်ခုစီက ပထမ၊ ဒုတိယရတဲ့ ထိပ်ဆုံးခြောက်သင်းနဲ့ အကောင်းဆုံးအုပ်စု တတိယနှစ်သင်း ကွာတားဖိုင်နယ်တက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲ၊ တတိယလုပွဲ အဆင့်ဆင့် ယှဉ်ပြိုင်သွားမှာပါ။

အုပ်စုတွင်း ရမှတ်တူနေခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ခွင့်နဲ့ အုပ်စုတတိယနေရာတွေအတွက် ဆုံးဖြတ်ရာမှာတော့
၁။ ရမှတ် ၂။ ဂိုးကွာခြားချက် ၃။ သွင်းဂိုးအရေအတွက် ၄။ ထိပ်တိုက်တွေ့ဆုံမှု ၅။ ပင်နယ်တီအဆုံးအဖြတ် ၆။ မဲခွဲဆုံးဖြတ်ခြင်းတို့နဲ့ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly