“ ဒုက္ခသည်တွေကို အမွေ ချန်ထားရစ်ခဲ့မလား၊ သမ္မတကြီးခင်ဗျာ”

“ ဒုက္ခသည်တွေကို အမွေ ချန်ထားရစ်ခဲ့မလား၊ သမ္မတကြီးခင်ဗျာ”

အခုဆိုရင် မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် တိုက်ပွဲ တွေ ပြန်ဖြစ်ပွားခဲ့တာ ၄ နှစ် တင်း တင်း ပြည့်ပါတော့မယ်။ ၂၀၁၁ တိုက်ပွဲတွေ စတင်ခါစတုန်းက ပြင်းထန်ပေမယ့် နောက်ပိုင်း နှစ်ဘက်ထိတွေ့ ညှိနှိုင်းမှုတွေ ရှိလာ ပြီး တိုက်ပွဲ အရှိန်လျော့ကျလာ ခဲ့ပါတယ်။

တိုက်ပွဲ အရေအတွက် နည်းသွားတာ၊ အရှိန်လျော့ကျလာလို့ ဒေသခံတွေ နည်းနည်း သက်သာသွားပေမယ့် တိုက်ပွဲကြောင့် ဒုက္ခသည် စခန်းတွေမှာ သွားရောက်ခိုလှုံနေကြတဲ့ ပြည်သူတွေ ရဲ့ အခြေအနေကတော့ မထူးခြားသွားပါဘူး။

ဒါ့အပြင် နိုင်ငံတကာ စေတနာရှင်တွေရဲ့ ထောက်ပံ့ ကူညီမှု လျော့ကျတော့မယ်ဆိုတဲ့ သတင်းကလည်း ဒုက္ခသည်တွေကို စိတ်ပျက်အားငယ်မှုတွေ ဖြစ်စေပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အဲလို ဒုက္ခပင်လယ်ဝေ ကျန်နေခဲ့တာ ကချင် ဒုက္ခသည်တွေချည်းပဲ မဟုတ်ပါဘူး။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်စခန်းကို ရောက်သွားတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ၊ ကိုးကန့်ဒေသမှာ တိုက်ပွဲကြီးတွေ ဖြစ်ပွားလို့ တရုတ်ပြည်ဘက် ထွက်ပြေးခိုလှုံကြရတဲ့ ဒေသခံ ဒုက္ခသည်တွေ အားလုံးပေါင်း လိုက်ရင် သုံးသိန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဟာ နောင်တက်လာမယ့် အစိုးရကို ဒုက္ခသည် တွေ အမွေထား ရစ်ခဲ့တော့မလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ စပြီးဖြစ်ပွားစက ဒုက္ခသည် ဦးရေဟာ ၆ သောင်းကျော် လောက်ပဲရှိတယ်လို့ ဆိုပါတယ်။ အခုနောက်ဆုံး စာရင်းဇယားတွေအရ ဒုက္ခသည် အရေအတွက် တစ်သိန်း နှစ်သောင်းနီးပါးကို ရောက်နေပြီလို့ ဆိုပါတယ်။

ဒုက္ခသည် စခန်းတွေမှာ နေရတာ တစ်ရက် မဟုတ်၊ နှစ်ရက် မဟုတ်။ တစ်လ မဟုတ်၊ နှစ်လ မဟုတ်။ တစ်နှစ် မဟုတ်၊ နှစ်နှစ် မဟုတ်။ လေးငါး နှစ် နေထိုင်နေရပြီး နောင်ဘယ်တော့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရမှာ မသိနိုင်သေးတဲ့ အခြေအနေ အောက်မှာ လူသား အရည်အသွေးတွေ ကျဆင်းစေပါတယ်။ သာမန်လူတွေလို ကောင်းကောင်းမွန် စားရ သောက်ရ မရှိတာ၊ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု မရနိုင်တာတွေကြောင့် ကျန်းမာသန်စွမ်း ဉာဏ်ရည်ပြည့်တဲ့ လူသားတွေ ဖြစ်လာဖို့ဆိုတာ မလွယ် ကူပါဘူး။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်ရဲ့ ရှင်းလင်းချက်တွေအရ စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေ ကို တစ်လကျပ် ၁၂,၄၀၀ ထောက် ပံ့နိုင်တယ်။နောက်ပိုင်း အဲဒီလောက်တောင်ထောက်ပံ့နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။တစ်လ ၁၀ ဒေါ်လာကျော်ကျော်လောက် ပဲရှိတဲ့ ဒီငွေနဲ့ လူသားတစ်ယောက် ဘယ်လို အသက်ရှင်ရပ်တည်နိုင်မယ်ဆိုတာ စဉ်းစား ကြည့်နိုင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ဆိုရင်လည်း ထို့နည်း ၎င်းပါပဲ။

ပညာရေးအတွက် စစ်ဘေးရှောင် စခန်းတွေမှာ မူလတန်းကျောင်းတွေ ဖွင့်ထားပေမယ့် ဒါတွေဟာ ယာယီကျောင်းတွေပါပဲ။ ဘယ်လိုနည်းနဲ့မှ ကလေးတွေဟာ အဆင့်အတန်း မီမီ ပညာသင်ကြားနိုင်မှာ မဟုတ်ပါဘူး။ ဒါက ကချင် ဒုက္ခသည်တွေရဲ့ အခြေအနေပါ။

ရခိုင်ပြည်နယ်မှာလည်း ဒုက္ခသည် တစ်သိန်းခွဲနီးပါး ရှိနေပါတယ်။ ၂၀၁၂ ခုနှစ် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက် မှုတွေ ဖြစ်ပွားပြီးနောက် မွတ်ဆလင် ဘာသာဝင် တစ်သိန်း လေးသောင်းလောက်နဲ့ ရခိုင်တိုင်းရင်းသား ထောင်ဂဏန်းလောက် ဒုက္ခသည် စခန်းတွေဆီ ရောက်သွားပါတယ်။

နောက်ပိုင်း အခြေအနေ ပြန်တည်ငြိမ် အေးချမ်းသွားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ပွဲဖြစ်ပွားနေတာလည်း မရှိပါဘူး။ တကယ်ဆိုရင်တော့ ဒီလူတွေကို သူတို့ မူလ နေထိုင်ရာ ရပ်ရွာ၊ သူတို့ အိမ်နေရာတွေမှာ ပြန်ပြီး နေခွင့်ပေးဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေ ကတော့ သူတို့ကို နေအိမ်ပြန်ခွင့် မပေးဘဲ သုံးနှစ်ဝန်းကျင် ကြာမြင့်လာတဲ့ ဒီကနေ့ အချိန်ထိ ဒုက္ခသည် စခန်းတွေမှာ ပိတ်လှောင်ထားပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ အဲဒီလူတွေကို နေရပ်ပြန်ခိုင်းလို့ မဖြစ်သေးဘူး၊ သူတို့ကို နေရပ်ပေးပြန်ရင် နောက်ထပ် မတည်ငြိမ်မှုတွေ ဖြစ်လာ နိုင်သေးတယ် ဆိုပြီး ဖြစ်ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေဟာလည်း နိုင်ငံတကာ အကူအညီပေးသူတွေရဲ့ လှူဒါန်းပေးကမ်းစာနဲ့ပဲ စားသောက်နေကြရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း ထိုနည်း ၎င်းပါပဲ။ ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့ လာကြည့်ရှု ခဲ့သူတွေရဲ့ ပြောပြချက်အရ ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံလို့ ကျန်းမာရေး ချို့ယွင်းသူ များပြားတယ်လို့ သိရပါတယ်။

စာသင်ကြားနိုင်မှု အခြေအနေကတော့ ကချင် စစ်ဘေးရှောင် စခန်းတွေထက် ပိုပြီး အခြေအနေ ဆိုးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာလည်း သူတို့အိမ် သူတို့ ပြန်နိုင်ဖို့ လမ်းစ မမြင်ရသေးပါဘူး။ နောက်ထပ် ဒုက္ခသည် ဇာတ်လမ်းကတော့ ဒီ ၂၀၁၅ ခုနှစ်ထဲမှာပဲ ဖြစ်ပေါ်ခဲ့တာပါ။

၂၀၀၉ ခုနှစ်တုန်းက အစိုးရတပ်ဖွဲ့ရဲ့ တိုက်ထုတ်တာ ခံလိုက်ရတဲ့ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့် သူပုန်တပ်ဖွဲ့ သူတို့ ဒေသထဲ ပြန်ဝင် လာပြီး အခြေချဖို့ ကြိုးစားရာကနေ တိုက်ပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဟာ လောက်ကိုင် အပါအဝင် ဒေသတစ်ခုလုံး ကို ပျံ့နှံ့သွားပြီး ဒုက္ခသည်တွေ ဘေးလွတ်ရာ ထွက်ပြေးကြရပါတယ်။

မြန်မာ ပြည်မကနေ သွားအလုပ်လုပ်ကြတဲ့ အလုပ်သမားတွေ ဝန်ထမ်းတွေကတော့ လားရှိုး- မန္တလေး ကနေတဆင့် နေရပ်ပြန် ကြပါတယ်။ ဒေသခံ ကိုးကန့် တိုင်းရင်းသားအများစုကတော့ တရုတ်ပြည်ထဲကို ပြေးဝင် ခိုလှုံကြပါတယ်။ ဒီ စစ်ပွဲ ကြောင့် တရုတ်နိုင်ငံထဲက ဒုက္ခသည် စခန်းတွေမှာ သွားခိုလှုံနေရသူ စုစုပေါင်း ၈ သောင်းကျော် ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်ထဲမှာ ထွက်ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ကိုးကန့် ဒုက္ခသည်တွေလည်း နေရပ် မပြန်နိုင်ကြသေးပါဘူး။

ပြောရရင် အဲဒီ ဒုက္ခသည် ၃ သိန်းခွဲလောက်ဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာမှ ဖြစ်ပေါ်လာသူတွေပါ။ ဘယ်လို ပဲဖြစ်ဖြစ် အဲဒီ ဒုက္ခသည်တွေ သူတို့နေရပ် သူတို့ ပြန်ရေး၊ သူတို့ အိမ်နေရာတွေမှာ သူတို့ ပြန်နေခွင့်ရရေး အစိုးရက အမြန်ဆုံး အစီအစဉ်ချမှတ် အကောင်အထည် ဖော်ပေးသင့်ပါတယ်။

ပြောသာပြောရ အရင် စစ်အစိုးရ အဆက်ဆက် လက်ထက်က စစ်ပြေးဒုက္ခသည် ဖြစ်ခဲ့တဲ့ တောင်ပိုင်းက ကရင် ဒုက္ခသည်တွေတောင် နေရပ် မပြန်နိုင်ကြသေးပါဘူး။ သမ္မတ ဦးသိန်းစိန် အနေနဲ့ နောင်လာ နောက်သားတွေကို အမွေကောင်း ပေးခဲ့ချင်တယ်ဆိုရင် ဒုက္ခသည်တွေအရေး ကြိုးစား ဖြေရှင်းပေးခဲ့သင့်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly