“ လှေစီးဒုက္ခသည် အရေး၊ အင်န်အယ်လ်ဒီ ကြေညာချက် မှန်သလား”

“ လှေစီးဒုက္ခသည် အရေး၊ အင်န်အယ်လ်ဒီ ကြေညာချက် မှန်သလား”

ထူးခြားတယ်ပဲ ပြောရမလား၊ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ငံတကာက အာရုံစိုက်နေပြီး လတ်တလော မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေ တချို့အကြား အငြင်းပွားနေတဲ့ လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ကြေညာချက် တစ်စောင် ထုတ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ကူညီထောက်ပံ့ ပေးနေတဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ရိုဟင်ဂျာ-ဘင်္ဂါလီ လူမျိုးတွေနဲ့ ပတ်သက်တဲ့ The Oslo conference to end Myanmar's systematic persecution of Rohingyas ဆိုတဲ့ ညီလာခံ တစ်ခုကျင်းပခဲ့ပါတယ်။ ဒီညီလာခံကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရသူ တချို့ တက်ရောက်၊ အမှာစကား ပါးတာတွေ လုပ်ခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်း နိုဘယ်လ် ဆုရှင်(၇) ဦးကလည်း ညီလာခံကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီ အထဲမှာ တကယ့် ရိုဟင်ဂျာ-ဘင်္ဂါလီတွေ နေထိုင်တဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တော့ မပါဝင်ပါဘူး။ ပြောရရင် မြန်မာနိုင်ငံက ဒီ ရိုဟင်ဂျာ-ဘင်္ဂလီ အရေးနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတကာက ပညာရှင်တွေနဲ့ လူ့အခွင့်အရေး လိုလား သူတွေရဲ့ ဝေဖန်ခံနေရတာပါ။ အခု လူပြော သူပြောများလာတဲ့ လှေစီးဒုက္ခသည် အရေးမှာတော့ ပါတီအနေနဲ့ ကြေညာချက် ထုတ်ပြန်ပါပြီ။

ကြေညာချက်မှာ ဘာတွေ ဖော်ပြထားသလဲ၊ ဒီ ပြဿနာနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီရဲ့ သဘောထား ရပ်တည်ချက် မှန်ကန်ပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အင်န်အယ်လ်ဒီရဲ့ ကြေညာချက်ထဲမှာ လှေစီးဒုက္ခသည်တွေရဲ့ ဖြစ်စဉ် အကျဉ်းကို ဖော်ပြထားပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တယ် ဆိုပြီး အတိအလင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆိုးရွားလှတဲ့ လူကုန်ကူးမှုပြဿနာ၊ ဒါကို မကိုင်တွယ်ဘဲ ထားရင် ပိုပြီးကြီးမားလာမယ့်အရေး၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဝိုင်းဝန်း ကူညီသင့်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

တဆက်တည်း အဲဒီ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပဋိပက္ခမီးတွေကို တောက်လောင်စေမယ့် အပြောအဆို အပြုအမူ ရှောင်ကြဉ်ရေးကို အလေးထားရမယ် ဆိုပြီး ပါရှိပါတယ်။ ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး တော့လည်း အချက်အလက်နဲ့တကွ တိတိကျကျ ဖော်ပြထားပါတယ်။

တရားဥပဒေ စိုးမိုးရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ လူသားချင်း စာနာသော ကူညီထောက်ပံ့မှုများ လိုအပ်သူများထံ လျင်မြန် ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဒုက္ခသည် စခန်းအတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည် နေရာချထားရေး၊ ဒေသတွင်း နေထိုင်သူများရဲ့ လူမှုစီးပွားရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စရပ်များကို တရားမျှတ ပွင့်လင်းစွာ အမြန်ဆုံး ဆောင်ရွက်ရေး ဆိုပြီး ဖြစ်ပါတယ်။

အဲဒီအထဲက “နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းရေး” ဆိုတဲ့ အချက်နဲ့ ပတ်သက်ရင်တော့ လိုအပ်ချက်ဖြစ်တာ မှန်ပေမယ့် ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေကတော့ ဝေဖန်လာနိုင်ပါတယ်။ အကြောင်းကတော့ ဒီလို စာသားမျိုးဟာ ရိုဟင်ဂျာလူမျိုးဆိုတာ ဒီတိုင်းပြည်မှာ တကယ်မရှိဘူး၊ ဘင်္ဂလားဒေ့ရှ် ကနေ ခိုးဝင်လာတဲ့ ခိုးဝင် ဘင်္ဂါလီတွေ ဖြစ်တယ်။

သူတို့တွေဟာ နယ်စပ် လ ဝ က တွေက လာဘ်ပေးလာဘ်ယူ လုပ်ခဲ့ကြလို့ ခိုးဝင်လာနိုင်တာ ဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေနဲ့ တူညီနေလို့ပါပဲ။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ နယ်စပ်တာဝန်ကျ လ ဝ က တွေ လာဘ်ပေး လာဘ်ယူ အဂတိလိုက်စားပြီး တစ်ဘက်နိုင်ငံကနေ ခိုးဝင်လာသူတွေရှိမှာ ဖြစ်ပေမယ့် ရိုဟင်ဂျာ လူမျိုးဆိုတာကတော့ ရှိတယ်၊ ဒီနိုင်ငံထဲမှာ အရင်ကတည်းက နေထိုင်လာသူတွေ ဖြစ်တယ် ဆိုပြီး ခံယူထားကြလို့ပါပဲ။

“လူသားချင်း စာနာသော ကူညီထောက်ပံ့မှုများ လိုအပ်သူများထံ လျင်မြန် ပြည့်ဝစွာ ရောက်ရှိစေရေး” ဆိုတာနဲ့ ပတ်သက်လို့ တချို့ ရခိုင်တိုင်းရင်းသား အမျိုးသားရေး လှုပ်ရှားသူ တွေကတော့ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါဟာ တကယ်ဖြစ်သင့်တဲ့ အချက်ဖြစ်ပေမယ့် အဲဒီ လူတွေကတော့ နိုင်ငံတကာ အကူအညီပေးနေသူတွေဟာ ဘက်လိုက်မှု ရှိနေတယ်၊ မမျှတဘူး၊ ရခိုင်တိုင်းရင်းသားတွေ ကိုယ်တိုင် ဒုက္ခဆင်းရဲ ရောက်နေတာကို မကူညီဘဲ ဘင်္ဂါလီတွေကိုပဲ သွားကူညီနေတယ်ဆိုပြီး ဆန့်ကျင်ကန့်ကွက်နေကြလို့ပါ။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အကူအညီ ပေးသူတွေကို ဆန့်ကျင်တဲ့သူတွေက အကြမ်းဖက်တာမျိုးတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

“ဒုက္ခသည် စခန်းအတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည်နေရာချထားရေး” ဆိုတာကတော့ အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီအချက်ကိုပဲ အဓိကထား ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ၂၀၁၂ အကြမ်းဖက်မှု မဖြစ်ပွားခင် အချိန်က ကန့်သတ်ချုပ်ချယ်မှုတွေ ရှိတဲ့တိုင် ရိုဟင်ဂျာ ဘင်္ဂါလီတွေဟာ အတိုင်းအတာ တစ်ခုအရ သူ့ဖာသာသူ နေထိုင်နိုင်သေးတယ်။

အကြမ်းဖက်မှုဖြစ်ပွားပြီး လူဦးရေ တစ်သိန်းလေးသောင်း လောက် ဒုက္ခသည်စခန်း ရောက်သွားခဲ့ချိန်ကစ သူတို့ရဲ့ နေထိုင်မှု ဘဝတွေဟာ အကျဉ်းသား တွေလို ဖြစ်သွားပြီး အဘက်ဘက်က ယိုယွင်းကျဆင်းလာနေတာ ဖြစ်တယ်ဆိုပြီး ဝေဖန်နေ ကြတာ ဖြစ်ပါတယ်။ အော်စလို ညီလာခံ တက်လာတဲ့ ပညာရှင်တချို့ကတော့ မြန်မာ အစိုးရဟာ ဒီဒုက္ခသည် စခန်းထဲက ရိုဟင်ဂျာ ဘင်္ဂါလီတွေရဲ့ ဘဝကို ဖျက်ဆီးပစ်နေတယ်၊ Slow Genocide လုပ်နေတယ် ဆိုပြီး စွပ်စွဲတာမျိုးတောင် ရှိနေတာပါ။ မြန်မာနိုင်ငံထဲက အစွန်းရောက် တချို့ကတော့ အဲဒီ ဒုက္ခသည် စခန်းက လူတွေကို ဒုက္ခသည် စခန်းထဲမှာပဲ ဆက်ထားသင့် ကြောင်း ရေးသားလှုံ့ဆော်မှုတွေ ရှိနေတာပါ။

“ဒေသတွင်း နေထိုင်သူများရဲ့ လူမှုစီးပွားရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စရပ်များကို တရားမျှတ ပွင့်လင်းစွာ အမြန်ဆုံး ဆောင်ရွက်ရေး” ဆိုတာကလည်း အလွန်အရေးကြီးတဲ့ အချက်ပါ။ လက်ရှိ အစိုးရ အနေနဲ့ကတော့ ရခိုင်ပြည်နယ် လူမှုစီးပွားရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတာကိုတော့ တွေ့မြင်ရပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ-ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စတွေကိုတော့ မြန်မြန်ဆန်ဆန် တက်တက်ကြွကြွ ဆောင်ရွက်ပေးတာမျိုး မတွေ့ရပါဘူး။ လောလောဆယ် White Card တွေကို သိမ်းဆည်းပြီး အဲဒီနေရာမှာ အလားတူ အစိမ်းရောင်ကတ် တစ်မျိုးကို ထုတ်ပေးပြီး ထပ် အချိန်ဆွဲ ဖို့ လုပ်ကိုင်နေတာကိုပဲ တွေ့မြင်နေကြရပါတယ်။

ပြောရရင် လှေစီးဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ရဲ့ သဘောထားဟာ အစိုးရရဲ့ သဘောထားနဲ့ရော၊ အစွန်းရောက်တွေရဲ့ သဘောထားနဲ့ပါ မတူညီပါဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို ထောက်ပြထားတဲ့၊ တိုင်းပြည်နဲ့ ပြည်သူ အကျိုးကို ရှေးရှုတဲ့၊ ရဲဝံ့တဲ့ ကြေညာချက် တစ်ခုဖြစ်ပါတယ်။ ဒီကြေညာချက်ကို ကြည့်ခြင်းအားဖြင့် အင်န်အယ်လ်ဒီ ပါတီဟာ မဲရဖို့လောက်ပဲ ပြည်သူတွေကို လိမ်လည်လှည့်ဖျား စည်းရုံးမှာ မဟုတ်တဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်အောင် ဆောင်ရွက်မယ့် ပါတီကြီးတစ်ခုအဖြစ် အသိအမှတ်ပြုနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly