မြန်မာသတင်းထောက်တွေ လည်လှီးဖို့ ကျန်နေသေးတယ်ဆိုတော့ ကိုနေမျိုးဝေက အိုင်အက်စ် လား

မြန်မာသတင်းထောက်တွေ လည်လှီးဖို့ ကျန်နေသေးတယ်ဆိုတော့ ကိုနေမျိုးဝေက အိုင်အက်စ် လား

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်မှာ နေတဲ့ သတင်းထောက် ကိုသတ္တိ (အမည်လွဲှ) ရဲ့ မေးနဲ့ ပို့လိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူ ကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ ရေးလိုက်တဲ့ အကြောင်းအရာကတော့ မေလ ၂၇ ရက် ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ နိုင်ငံရေးပါတီ တစ်ခုရဲ့ ဥက္ကဋ္ဌ တစ်ဦးက မြန်မာနိုင်ငံ သတင်းထောက်များအပေါ် ပြောကြားချက်နဲ့ ပတ်သက်ပြီး ပြောချင်လို့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။ သူဟာ သတင်းထောက်အဖြစ် ၁၀ နှစ်နီးပါး လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး မရေးချင်ပေမဲ့ သတင်းသမားတွေ အပေါ် ဒီလိုပြောလာတာကို သူနဲ့လည်း ဆိုင်တယ်ထင်လို့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။

မေလ ၂၇ ရက် ဗိုလ်စိန်မှန်ကွင်းမှာ လှေစီးဒုက္ခသည် (Boat People) အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ သတင်းမီဒီယာများမှ ယင်းရွှေ့ပြောင်း အခြေချသူများကို မြန်မာနိုင်ငံကလို့ ရေးသားပြောကြားခြင်းများကို ကန့်ကွက်တဲ့အနေနဲ့ ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္ကဆံကွင်းမှာ ရှိတဲ့ ဟစ်တိုင်ကို လမ်းလျှောက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။
သတင်းသမားတွေဆိုတာ ဒီလိုပွဲတွေကို သတင်းယူနေကျ ထုံးစံအတိုင်း ရောက်လာခဲ့ကြပြီး သတင်းယူ ဓာတ်ပုံရိုက်နေကြပါတယ်။ ဒီအချိန်မှာ ပွဲမှာ ရောက်နေတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဟာ လက်ကိုင်အသံချဲ့စက် ကိုင်လို့ သတင်း ဌာနတစ်ခုရဲ့ နာမည်ကို ပြောပြီး… ဆရာတော်ရောက်တုန်း မေးကြည့်ဖို့နဲ့ မီဒီယာမှ ဖွတာ မဟုတ်ဘူး။ တို့လည်း ဖွတယ်ဆိုပြီး သူပြောချင်တာတွေ ပြောတော့တာပဲလို့ ပြောပါတယ်။

သူပြောတဲ့အထဲမှာ အဆိုးဆုံးက ဂျပန်နဲ့ အမေရိကန် သတင်းထောက်တွေကို လည်လှီးပြီးပြီ၊ မြန်မာသတင်းထောက်တွေကို လည်လှီးဖို့ပဲ ကျန်တော့တယ်လို့ အသံချဲ့စက်နဲ့ အော်ဟစ်တာကို ဘေးကသူ့လူတွေလို့ ထင်ရတဲ့ သူတွေက ဟေးကနဲ အော်လို့ လက်ခုပ်တွေ တီးပေးနေကြတာကို ကြည့်ပြီး သူ့စိတ်ထဲမှာ ရယ်ချင်မိတယ်လို့ ဆိုပါတယ်။
ဆန္ဒပြပွဲ လုပ်တဲ့အကြောင်းအရာက အမျိုးဘာသာနှင့် ပိုင်နက်နယ်နိမိတ်ကို ကာကွယ်ချင်တဲ့ ပရဟိတအသင်းတွေနဲ့ ရပ်ကွက်ဆွမ်းလောင်းအသင်းတွေက လူကြီး၊ လူငယ်နဲ့ ရဟန်း သံဃာတွေရဲ့ ဆန္ဒပြပွဲပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမီဒီယာတွေက ပင်လယ်အတွင်း မျောနေတဲ့ ရွှေ့ပြောင်း ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကလို့ ရေးသားပြောကြားနေကြတာကို မဟုတ်မှန်တဲ့အတွက် ဆန္ဒပြကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို တန်ဖိုးထားရမယ့် ပွဲမျိုးမှာ နိုင်ငံရေးပါတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ပါ ပွဲနဲ့ မသက်ဆိုင်တဲ့ အပြောအဆို အပြုအမူတွေကို မပြုလုပ်သင့်ပါဘူး။ အခုလို သူပြောလိုက်လို့ သတင်းထောက်တွေနဲ့ ပွဲလာသူတွေ ပဋိပက္ခဖြစ်အောင် ခေါင်းစဉ်ပြောင်းသွားအောင် လုပ်တာလားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်လို့ ဆိုပါတယ်။
တကယ်တော့ သူလေ့လာ မိသလောက် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာတွေမှာ အမျိုးဘာသာ သာသနာအတွက်လုပ်တဲ့ ပွဲတိုင်းကို သတင်းတွေမှာ အမြဲဖော်ပြလေ့ရှိကြပါတယ်။ ရွှေ့ပြောင်း ဘင်္ဂါလီကို မြန်မာနိုင်ငံက ဖြစ်တယ်လို့ ရေးတဲ့ သတင်းထောက်လည်း တစ်ယောက်မှ မရှိကြပါဘူး။ ဒါကို ဒီပွဲမှာ ဘာမှ မဆိုင်ဘဲနဲ့ ပြောခဲ့တဲ့ စကားတွေ အတွက် သတင်းထောက်တွေကို ဘယ်လို ပြန်လုပ်ပေးမလဲလို့ မေးချင်ပါတယ်လို့ ရေးပါတယ်။

သတင်းမှားနေရင် ဖော်ပြတဲ့ သတင်းမီဒီယာနဲ့ ဆက်သွယ်ပြီး မှားနေတာကို ပြန်ဖြေရှင်းခွင့် ရှိပါတယ်။ မီဒီယာတွေ အနေနဲ့ များသောအားဖြင့် တကယ်မှားနေရင် ပြန်ပြီး ပြင်ဆင်ချက်ထည့်ပေးလေ့ ရှိပါတယ်။ ဒါမှ မဟုတ်ရင် ဖော်ပြခံရသူ အနေနဲ့ သတင်းရှင်းလင်းပွဲ ပြုလုပ်ပြီး ပြန်ရှင်းနေကြတာကို သတင်းစာ ဂျာနယ်တွေမှာ မကြာခဏ တွေ့ဖူးကြမှာပါ။ သက်ဆိုင်တဲ့ မီဒီယာနဲ့ ဖော်ပြခံရသူတို့ နှစ်ဦး နှစ်ဘက်တွေ့ဆုံတာပဲ ဖြစ်ဖြစ်၊ စာနယ်ဇင်း ကောင်စီက တဆင့် ဖြေရှင်းတာပဲ ဖြစ်ဖြစ်၊ ပြုလုပ်ရင်ရတဲ့ အကြောင်းအရာကို အခုလို ခြိမ်းခြောက် ပြောဆိုတာကတော့ သတင်းမီဒီယာတွေကို စော်ကားလိုက်တာလို့ သူ့အနေနဲ့ ယူဆပါတယ်လို့ ပြောပါတယ်။

သူပြောလိုက်တဲ့ စကားက အစွန်းရောက် အကြမ်းဖက်သမားတွေကို သတိပေးလိုက်သလို ဖြစ်နေမလားလို့တော့ မစိုးရိမ်မိပါဘူး။ ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ သတင်းထောက်လုပ်တယ်ဆိုတာ ဆင်းရဲပင်ပန်းပြီး ဒုက္ခမျိုးစုံ ရင်ဆိုင်ရတာကို မမှုဘဲ သတ္တိရှိလို့ သတင်းထောက် လုပ်နေကြတာပါ။ ဘယ်သူ့ကိုမှလည်း သာစေ၊ နာစေ ဆိုတဲ့စိတ်နဲ့ မလုပ်ကြပါဘူး။ ရှိခဲ့ရင်လည်း ဖော်ထုတ်ပြီး အရေးယူလို့ ရပါတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ဒီလိုပြောတတ်တဲ့ လူမျိုးဆိုတာ သိလိုက်ရတဲ့အတွက် သူနဲ့ ပတ်သက်တဲ့ သတင်းနဲ့ ဓာတ်ပုံတွေ လုံးဝ မဖော်ပြတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ တခြားသတင်းမီဒီယာတွေ အနေနဲ့လည်း သူ့လိုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်လို့ ပြောပါတယ်။ အဆင်ခြင်မဲ့ စကားတွေ ပြောတတ်တဲ့ သူက ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်အောင် သွားမယ့်ခရီးမှာ ခေါင်းဆောင်ဖြစ်ဖို့ အရွေးခံမယ်ဆိုရင် ရွေးချယ်မယ့် ပြည်သူများ အနေနဲ့ ဘယ်လိုရွေးကြမလဲ ဆိုတာ တွေးပြီး ရင်လေးလွန်းလို့ ရေးလိုက်တဲ့စာကို ဖော်ပြပေးပါလို့ ရေးလာတဲ့ သတင်းထောက် သတ္တိရဲ့ စာကို ဖော်ပြလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly