“ဖွဲ့စည်းပုံကို အချိန်မီ မပြင်နိုင်ရင် ဘယ်သူ တာဝန်အရှိဆုံး ဖြစ်မလဲ”

“ဖွဲ့စည်းပုံကို အချိန်မီ မပြင်နိုင်ရင် ဘယ်သူ တာဝန်အရှိဆုံး ဖြစ်မလဲ”

ခုဆိုရင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းဟာ အဖွဲ့ဝင်တွေနဲ့ အတူ အမေရိကန် ပြည်ထောင်စုမှာ ခရီးလှည့်လည်နေပါတယ်။ ခရီးလှည့်လည်စဉ် အတောအတွင်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် တာဝန်ရှိသူတွေ၊ အဖွဲ့အစည်း အမျိုးမျိုးက လူပုဂ္ဂိုလ်တွေ အပါအဝင် သတင်းမီဒီယာတွေနဲ့လည်း တွေ့ဆုံပါတယ်။ စကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေ မေးမြန်းခန်းတွေမှာ သူရဦးရွှေမန်းဟာ မေးခွန်းပေါင်း မြောက်မြားစွာ မေးမြန်းတာ ခံရပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ မေးခွန်းတစ်ခုကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းပါ။ တစ်ပြိုင်နက်တည်းလို့ ဆိုရမလားပဲ။ လက်ရှိ ကျင်းပနေတဲ့ ဝ နယ် ပန်ဆန်း လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အစည်းအဝေးပွဲကြီးမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ ဆိုင်ရာ ပြဿနာ ပြောဆိုဆွေးနွေးနေတာ ကြားကြရပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ ပြင်ရေး ဘယ်လိုအခြေအနေ ရှိနေပါသလဲ၊ တကယ်လို့များ ဖွဲ့စည်းပုံကို ပြည်သူတွေ လိုလားတဲ့ အခြေအနေ ရောက်အောင် အချိန်မီ မပြင်ဆင်နိုင်ဘူး ဆိုရင် ဘယ်သူတွေမှာ တာဝန်အရှိဆုံး ဖြစ်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အမေရိကားကို ရောက်နေတဲ့ သူရဦးရွှေမန်းဟာ ဝါရှင်တန် အခြေစိုက် VOA သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ခုလို ပြောဆိုခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ ကြိုးစားတဲ့နေရာမှာ ပထမအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေး (၁၂) ကြိမ်မြောက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာကိစ္စရပ်များ ပြင်မယ်၊ ပြီးတဲ့အခါကျလို့ရှိရင် အခုလာမယ့် မေလ ပေါ့လေ။ အခုဆို ဒီမှာ မေလမှာ - ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပတ်သက်ပြီးတော့ လူထုဆန္ဒခံယူပွဲ ပြုလုပ်မယ်လို့ ဒီလို ပြောခဲ့တာရှိပါတယ်”  “လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သို့မဟုတ် ရွေးကောက်ပွဲနောက်ဆုံး ကာလအထိ ရွေးကောက်ပွဲရက်အတွင်းပေါ့ - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ထုံးစံအတိုင်း သူရဦးရွှေမန်းရဲ့ စကားဟာ သာမန်ပြည်သူတွေ ရုတ်တရက် နားမလည် နိုင်ပါဘူး။ သူပြောတာကို ရှင်းလင်းရရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး မေလ ထဲ အပြီးလုပ်မယ် ဆိုတာ မဖြစ်နိုင်တော့ဘူး။ နောင် ဘယ်တော့ ပြီးမယ် ဆိုတာလည်း ယတိပြတ် အာမ မခံ နိုင်ဘူး။ ရွေးကောက်ပွဲ မတိုင်ခင်၊ ရွေးကောက်ပွဲ ရက်အတွင်းထိ ဆက်ပြီး လုပ်ကိုင် ဆောင်ရွက်သွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီထက် ရှင်းအောင် ပြောရရင် သူရဦးရွှေမန်းဟာ အရင် သူ တိုင်းပြည်နဲ့ ပြည်သူတွေကို ပေးထားတဲ့ ကတိ ကို ဖျက်လိုက်ပြီ၊ မတည်နိုင်တော့ဘူး ဆိုတဲ့ သဘောလည်း ဖြစ်နေပါတယ်။

တကယ်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေး နဂိုကတည်းက ပြောဆို ကြိုးစားနေသူတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ၊ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်သူတွေပါ။ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေကတော့ သူတို့ ၁၅ နှစ်လောက် အချိန်ယူ၊ အချိန်ဆွဲပြီး ရေးထားတဲ့ ဖွဲ့စည်းပုံလည်းဖြစ်၊ စစ်ဘုရင်မင်းဆက် အရှည်သဖြင့် တည်တံ့အောင် စနစ်တကျ ထည့်သွင်းထားတာလည်း ဖြစ်တဲ့အတွက် ယေဘုယျ ပြောရရင် ဖွဲ့စည်းပုံကို မပြင်ချင်ကြပါဘူး။ အဲ တကယ်လို့များ ဖွဲ့စည်းပုံကို မပြင်ချင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ယတိပြတ် ပြောလိုက်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ၊ တိုင်းရင်းသားတွေနဲ့ ပြည်သူတွေ ပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှု အကြီးကြီး ပေါ်ပေါက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီ ပြဿနာကို ရှောင်ရှားလိုတဲ့ အနေနဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ဖွဲ့စည်းပုံကို အခြေအနေ အချိန်အခါနဲ့ ကိုက်ညီအောင် ပြင်ရမယ် ဆိုပြီး လူကြားကောင်းအောင် ပြောဆိုလာကြတာ ဖြစ်ပါတယ်။

တစ်ပြိုင်နက်တည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော် ပြင်ပ လှုပ်ရှားမှုကြီး ပေါ်ပေါက်လာမှာ စိုးတော့ လွှတ်တော်တွင်း ပြင်ဆင်ရေး ဆိုပြီး လုပ်ပြလာပါတယ်။ ဦးဆောင်ပြင်ဆင်ပေးမယ်ဆိုပြီး တာဝန်ယူခဲ့သူကတော့ သူရဦးရွှေမန်း ကိုယ်တိုင်ပါ။ ဖွဲ့စည်းပုံပြင်ရေးကို ၂၀၁၃ ခုနှစ်ကစ လွှတ်တော်တွင်းမှာ စပြီး အကောင်အထည် ဖော်ပါတယ်။ ပထမအဆင့် အနေနဲ့ လွှတ်တော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဆိုတာကို ဖွဲ့စည်းပါတယ်။ အဲဒီ အဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်ချက် အစီရင်ခံစာ ပြုစု တင်ပြခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာ အပေါ်မူတည်ပြီး လွှတ်တော်ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ ဆိုတာကို ဖွဲ့စည်းပါတယ်။ ၂၀၁၄ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ လွှတ်တော်နာယက သူရဦးရွှေမန်းက ကော်မတီကို “ကော်မတီ လုပ်ငန်းဆိုင်ရာ အခြေခံမူ” ညွှန်ကြားချက် ပေးပို့ပါတယ်။

အဲဒီ သူရဦးရွှေမန်းရဲ့ လမ်းညွှန် အခြေခံမူမှာ အချိန်ဇယားနဲ့ ပတ်သက်ပြီး တိတိကျကျ ဖော်ပြထားပါသေးတယ်။ ညွှန်ကြားချက် ၁။(ဃ)မှာ “ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ၆ လ အလိုတွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြ အချိန်ဇယား သတ်မှတ် ဆောင်ရွက်ရန်” ဆိုပြီး အတိအလင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ အခု မေလထဲမှာ လူထုဆန္ဒခံယူပွဲ ကျင်းပပြီးစီးလို့၊ ဥပဒေ ပြဋ္ဌာန်းပြီးသား အဆင်သင့် ဖြစ်နေရမယ် ဆိုတဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။ ဒါဆိုရင် မေးစရာ မေးခွန်း ပေါ်လာပါတယ်။ ကော်မတီတွေဟာ သူရဦးရွှေမန်း ညွှန်ကြားချက်အတိုင်း အချိန်ဇယားနဲ့ အလုပ် မလုပ်ကြဘူးလား၊ အဲလို အလုပ်မလုပ်တာကို သူရဦးရွှေမန်းက ဘာကြောင့် ခွင့်ပြုထားသလဲ၊ လွှတ်တော်ထဲ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကလည်း ဒီကိစ္စ ဘာတစ်ခွန်းမှ လူသိထင်ရှား မပြောကြ၊ မတောင်းဆိုကြဘူးလား ဆိုတာပါ။

လွှတ်တော်တွင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကော်မတီဆီ ပေးပို့ထားတဲ့ သဘောထားတွေထဲမှာ ဖွဲ့စည်းပုံထဲက တကယ့် ပြင်သင့်ပြင်ထိုက်တဲ့ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၆၀၊ ပုဒ်မ ၂၆၁ လိုမျိုးနဲ့ ပတ်သက်ရင် အမတ် အင်အားအများဆုံး ပြည်ခိုင်ဖြိုးကလည်း ပြင်ဖို့ သဘောထားမပေး၊ တပ်မတော်သားတွေကလည်း မပြင်ချင်၊ ဒါကြောင့် သူရဦးရွှေမန်းက ဖွဲ့စည်းပုံ ပြင်မယ့် ဥပဒေကြမ်း လွှတ်တော်ထဲတင်၊ မဲခွဲရင် ရှုံးမယ်၊ အဲလို မဖြစ်ရအောင် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းရအောင် ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်စည်းရုံးသိမ်းသွင်း နှစ်သိမ့် ပြောဆို ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်ကလည်း အသံတိတ်နေတာပါ။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံကိုသာ အချိန်မီ မပြင်နိုင်ရင် အဓိက တာဝန်ရှိသူဟာ သူရဦးရွှေမန်း၊ နောက်ထပ် တာဝန်ရှိသူတွေကတော့ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်ဆွဲတာကို အချိန်ဆွဲမှန်းမသိ အလိမ်အညာ ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစု ဘက်ကလည်း တာဝန်မကင်းပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly