အသည်းရောင်အသားဝါ (စီပိုး) သုံးလအမြစ်ပြတ်ဆေး ကျပ်ငါးသိန်းအောက်နဲ့ ချပေးနိုင်ရန် ဆောင်ရွက်နေ

အသည်းရောင်အသားဝါ (စီပိုး) သုံးလအမြစ်ပြတ်ဆေး ကျပ်ငါးသိန်းအောက်နဲ့ ချပေးနိုင်ရန် ဆောင်ရွက်နေ
မြန်မာနိုင်ငံ အသည်းဖောင်းဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်ပြံုးကြည်။

ရန်ကုန် (မဇ္ဈိမ)။ ။ အသည်းရောင်အသားဝါ စီပိုးကို အမြစ်ပြတ် ကုနိုင်မည့်ဆေးကို ကျန်းမာရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ရန် ရှေ့ပြေးစီမံကိန်းအဖြစ် မေလမှစ၍ ပြည်နယ်နှင့် တိုင်းများတွင် နေထိုင်သူများကို သွေးစစ်ဆေးကာ ဘီပိုး၊ စီပိုး ရှိသူများကို ကျန်းမာရေး ဝန်ကြီးဌာနက စစ်တမ်းကောက်ယူနေပြီး ယခုနှစ်ကုန်တွင် အသည်းရောင်အသားဝါ စီပိုးကို အမျိုးသားစီမံချက်အဖြစ် ကျန်းမာရေး ဝန်ကြီးဌာနက ကုသပေးတော့မည်ဖြစ်သည်။ ယင်းအပြင် ရောဂါပိုး အမြစ်ပြတ် ကုသနိုင်မည့်ဆေး သုံးလစာကို ကျပ်ငါးသိန်းအောက်ဖြင့် ရောင်းချပေးမည့် အစီအစဉ်လည်း ရှိသည်ဟု သိရသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး စီမံကိန်း အကောင်အထည်ဖော်သည့်အထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံ အသည်းဖောင်းဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်ပြုံးကြည်ကို မဇ္ဈိမက မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
 မေး - အစိုးရက ဒီစီမံချက်ကို စနေပြီလား။ အခုဘယ်အခြေအနေ ရောက်ပြီလဲ။

ဖြေ - အစိုးရက  ဒီစီမံကိန်းကို စတင်ဖို့ကို ရှေ့ပြေးစီးမံကိန်းအနေနဲ့ မြန်မာနိုင်ငံမှာက အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ဖြစ်ပွားနှုန်းကို တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ သွေးတွေ စစ်ဆေးနေတယ်။ မြန်မာနိုင်ငံမှာ စစ်တမ်းလိုက်ကောက်နေတယ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အသည်း ဖောင်ဒေးရှင်၊ ဆေးသုတေသနဌာနနဲ့ ပူးပေါင်းပြီး အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးကို စစ်တမ်း လိုက်ကောက်နေပါတယ်။ တကယ်တမ်း မြန်မာနိုင်ငံမှာ  အဖြစ်များတယ်ဆိုတာကို  ပြရမယ်၊ စစ်တမ်းကို လေးလနဲ့အပြီး ကောက်မှာပါ၊

မေး - စစ်တမ်းကောက်ယူမှု အခြေအနေက အခု ဘယ်နေရာတွေမှာ ကောက်ပြီးနေပြီးလဲ၊ လူနာ အခြေအနေ ဘယ်လောက်ရှိလဲ။

ဖြေ - အခု မန္တလေး၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို ကောက်ပြီးပြီ၊ ဒီလထဲမှာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကို ဆရာမတို့ သွားပါမယ်။ အဲဒီမှာ မိုးမကုန်ခင်ပြီးမှာပါ။ ဝေးတဲ့နေရာ တွေ စကောက်နေတာပါ။ ရန်ကုန်တို့ ပဲခူးတိုင်းတို့က နောက်ဆုံး စစ်တမ်းကောက်မှာပါ။ ဒီလိုစစ်တမ်းကောက်ပြီးတော့မှ လူနာဦးရေနဲ့ ဘတ်ဂျက်ကို ကောက်ယူသွားမှာပါ။ ခုကောက်ယူထားတဲ့ အခြေအနေအရဆို လူ ၁၀၀ မှာ ၂ ဒသမ ၅ရာခိုင်နှုန်း ရှိတာတွေ့တယ်။ တချို့ ပြည်နယ်တွေကျတော့ များတယ်။ ခုချိန်မှာ ပြည်သူတွေကို ချမပြချင်ဘူး၊ အကုန်လုံး စစ်တမ်းပြီးမှပဲ ပြောပါမယ်။
အမေရိကန် အစိုးရကလည်း  ခုဒီဆေးတွေကို အိန္ဒိယဆေးကုမ္ပဏီ ခုနစ်ခုကို မူပိုင်ခွင့် လိုင်စင်ပြန်ပေးထားတယ်၊ အိန္ဒိယ ကုမ္ပဏီတွေက ထုတ်ပြီးရင် သူတို့နည်းပညာတွေနဲ့ ဒီဆေးတွေကို ကမ္ဘာ့ကျန်းမားရေးအဖွဲ့က စစ်ဆေးနေပါတယ်။ အမေရိကန် FDAနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စစ်ဆေးနေတယ်။

မေး - စီပိုးရောဂါ ပျောက်ဆေးကို  ဘယ်နိုင်ငံက အရင်တင်သွင်းမှာလဲ၊ သောက်ဆေးလား။ ထိုးဆေးလား။ ဆေးသောက်ရင် ဘေးထွက်ဆိုးကျိုးက ဘာဖြစ်နိုင်လဲ။

ဖြေ- အမေရိကန်နိုင်ငံက ကုမ္ပဏီ ငါးခုက ထွက်တယ်။ ထိုးဆေးမပါဘဲ သောက်ဆေးပေါ့၊ ၆၀ ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်းနှုန်းအထိ ပျောက်ကင်းတယ်။ အရင်တုန်းက ထိုးဆေးနဲ့ စံနှုန်းက ၅၀ ရာခိုင်နှုန်းလောက်ပဲ ပျောက်တာ၊ ခုဆေးက ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ အရင်ဆေးတုန်းက ဘေးထွက်ဆိုးကျိုးရှိတယ်။

မေး -  အခု သုံးလနဲ့ အမြစ်ပြတ်ပျောက်ကင်းမယ့် ဆေးရဲ့ ဈေးနှုန်းက ဘယ်လောက်လောက် ရှိလဲ။

ဖြေ- အမေရိကန်နိုင်ငံမှာဆိုတော့ ဒီဆေးသုံးလစာကို ဒေါ်လာ ၉၅,၀၀၀ ရှိတယ်။ မြန်မာငွေ သိန်း တစ်ထောင် ဝန်းကျင် ရှိတယ်။ မြန်မာနိုင်ငံ အမျိုးသား အသည်းရောင်အသားဝါ စီမံကိန်းအတွက် အထူးဈေးနှုန်းအနေနဲ့ သုံးလစာဆေးကို အစိုးရက ကုပေးမယ်ဆိုရင် သုံးလစာကို  အမေရိကန်နိုင်ငံက အစိုးရကို မြန်မာငွေ  ၉ သိန်းနဲ့ ပေးမယ်လို့ သိရတယ်။

မေး - အသည်းရောဂါ ဖြစ်တဲ့သူတွေအတွက် အခုလက်ရှိ ဆေးကုသစရိတ်က အနည်းဆုံး ဘယ်လောက် ကုန်ကျသလဲ၊ နောက်ပိုင်း အခုထွက်မယ့်ဆေးရဲ့ကုန်ကျစရိတ်နဲ့ဆို ကွာဟမှုက ဘယ်လောက်ရှိလဲ။

ဖြေ - အသည်းရောင်းအသားဝါ စီပိုး သောက်ဆေးရော ထိုးဆေးရောရှိတယ်၊ အသည်းသမားတွေက သွေးစစ်တာ ပိုးအကောင်ရေ စစ်တာတို့ ကုန်မှာနဲ့ဆို သိန်းတစ်ရာ့ငါးဆယ် ဝန်းကျင်လောက်ရှိမယ်၊ အဲဒါ အရှင်းပျောက်တာ မဟုတ်ဘူး၊ ငါးဆယ် ရာခိုင်နှုန်းလောက်ပဲလေ၊  ဆေးက တစ်ပတ်ကို တစ်ခါ ထိုးရတာ၊ တစ်ခါကို တစ်သိန်းကျော်ရှိတယ်၊ အဲဒါက တစ်နှစ်ထိုးရတာရှိတယ်၊ အသည်းရောဂါသည်တွေရဲ့ ရောဂါအခြေအနေပေါ် မူတည်တယ်လေ။ အခုဆို အပြတ်ကုမှ ငါးသိန်းဝန်းကျင်ဆိုတော့ သက်သာတယ်။ နောက်ပိုင်းဆိုရင် ကုနိုင်တော့မှာပါ။ တချို့ရောဂါအကြီး တွေ နဲ့ တွဲဖြစ်ရင် အစိုးရက အခမဲ့ ကုပေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။

မေး - အခုထုတ်တဲ့ဆေးတွေကို  ကြိုတင်မှောင်ခို ဝင်ရောက်မှုတွေ ရှိတယ်လို့ ကြားတယ်၊ အဲဒီတော့ ဆေးက အတုတွေရော ဖြစ်နိုင်လား။

ဖြေ - အသည်းရောင် ရောဂါသည်တွေမှာ အမျိုးအစား ခြောက်မျိုးရှိတယ်၊ ဘယ်ဆေးက အသည်းရောဂါသည်တွေနဲ့ တည့်လဲဆိုတာကို မသိဘူး။ အသည်းရောင် အသည်းဝါသောက်ဆေးက ၁၀ မျိုးလောက် ထွက်နေပြီး အိန္ဒိယက ထုတ်တဲ့ဆေးတွေကို သုံးလစာမှာ အစိုးရက တရားဝင် ထုတ်ရောင်းရင် ငါးသိန်းသာ ကျမယ်၊ ဒါကို တရားဝင်သွင်းတာ မြန်မာနိုင်ငံမှာ ဆေးတွေကို စစ်ဆေးပြီး ကောင်းမွန်ရင် ငါးသိန်းနဲ့ ချပေးမှာ။ အိန္ဒိယနဲ့ အမေရိကန်နဲ့ စာချုပ်ချုပ်တာကို  ၅ သိန်းနဲ့ ရောင်းမယ်။

ခုမှာ မှောင်ခိုမှာ ဝင်နေပြီး အပြင်မှာ သိန်း ၂၀ နဲ့ ၃၀ ဝန်းကျင်ဖြစ်နေတယ်၊ အစိုးရက စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ အခုမှောင်ခိုဆေးမှာ အဲ့လောက်ဖြစ်နေတယ်၊ အသည်းသမားတွေ အနေနဲ့ ဘယ်ဆေးနဲ့ ကိုယ်က ပျောက်တယ်ဆိုတာကို မသိဘူးလေ။ အဲလိုသောက်တော့ ပျောက်မှာ မဟုတ်ဘူး၊ အတုလည်း ပေါ်နိုင်တယ်။

အမေရိကန်အစိုးရက ဒီဆေးတွေကို ဘယ်လိုစာချုပ်တာလဲဆိုရင် မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ၊ နောက်ပြီးတော့ INGO အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံတွေကိုဆိုရင် ဒီသုံးလစာ သောက်ဆေးကို ငါးသိန်းအောက်မှာပဲ ရှိရမယ်လို့ ပြောတယ်။ ကိုယ့်ဘာကိုယ် ကုတဲ့သူတွေ ပေါ့နော်။ ဆရာမတို့ အသည်းဖောင်ဒေးရှင်းကနေလည်း စိတ်ချရတဲ့ဆေး ဝင်လာတယ်ဆိုရင် လူနာတွေနဲ့ စရိတ်မျှပေး အသည်းဖောင်ဒေးရှင်းကနေလည်း ကုပေးမယ်ပေါ့။

အသည်း ဖောင်ဒေးရှင်းကိုလည်း အမေရိကန် အစိုးရအနေနဲ့ လူနာတွေကို ကုပေးဖို့ ထောက်ပံ့မယ်။ အိန္ဒိယကလည်း ဆေးတွေ ရောက်မယ်ဆိုတော့ အများကြီး လုပ်ပေးနိုင်တာပေါ့။

ဆရာမတို့နိုင်ငံအနေနဲ့ ဘယ်လိုဆေးမျိုးသွင်းမလဲဆိုတာကို National Gudeline ခေါ်တာပေါ့။ မြန်မာနိုင်ငံအတွက် ဆေးကုထုံး ကို ဒီလထဲမှာ  အပြီးသတ် ရေးဆွဲနေတယ်။ အစည်းအဝေးက လေးကြိမ်လောက်ရှိပြီ။ လုပ်နေတာက ဆေးကို ဘယ်လောက်မှာ မလဲ၊ ဘတ်ဂျက်အတွက် ဆွေးနွေးနေတယ်။ ဒီနှစ်မကုန်ခင်မှာ အကောင်ထည်ဖော်နိုင်မှာပါ၊ ကျန်းမားရေး ဝန်ကြီးဌာနက ဦးစီးပြီး ဆောင်ရွက်တာပါ၊

မေး - စီပိုး ဝေဒနာရှင်တွေကို ကုသပေးမယ့် စီမံချက်မှာ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ဘယ်အဖွဲ့အစည်းတွေ ပါဦးမလဲ။

ဖြေ - ကျန်းမာရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ဆေးသုတေသန ဦးစီးဌာန အပါအဝင် ပြည့်သူ ကျန်းမာရေးဌာန၊ ဆေးကုသရေး ဌာန၊ မြန်မာနိုင်ငံ အသည်း ဖောင်ဒေးရှင်းရော အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားပါမယ်။ အသည်းရောင်ရောဂါကို ကြိုတင်ကာကွယ်ရေးနဲ့ ဘယ်လို ထိန်းသိမ်းဖို့ကို ဘီပိုး၊ စီပိုး ကုသကာကွယ်ဆေးတွေ လိုက်ထိုးပေးနေပါတယ်။

မေး - ဆေးရရှိခဲ့ရင် ဘယ်လိုရောဂါသည်မျိုးကို ဦးစာပေး ကုသပေးမှာလဲ။

ဖြေ - ရောဂါကြီးမားတဲ့သူတွေ အသည်းခြောက်လွယ်တဲ့ သူတွေ အသည်းခြောက်ရင် ကင်ဆာဖြစ်လွယ်တယ်။ HIV နဲ့ စီပိုး ဖြစ်တဲ့သူတွေ ဆိုရင်လည်းရောဂါ ကျွမ်းလွယ်တာပေါ့၊ စီပိုး ဖြစ်ရင် ချက်ချင်းဖြစ်တာ မဟုတ်ဘူး။ စီပိုးက သယ်ဆောင်သူ အနေနဲ့က ၁၀ နှစ်ကျော်လောက်မှ အသည်းခြောက်တာတို့ အသည်းကင်ဆာ ဖြစ်တာတို့ ရှိတယ်။ အဲဒါကြောင့် ဓာတ်မှန်ရိုက်ကြည့်မယ် သွေးတွေ စစ်ဆေးလို့ သယ်ဆောင်သူအနေနဲ့ နေမယ်ဆိုရင် သယ်ဆောင်သူ အနေနဲ့ နှစ်ချီပြီး နေလို့ရတယ်။ ၆ လတစ်ကြိမ်လောက် စစ်လို့ရတယ်။ စောင့်လို့ရတဲ့ လူနာမျိုးဆို ခဏလောက် စောင့်စေချင်တယ်။ အခုဒီနှစ်မကုန်ဘူး ဆေးစီမံချက်က အကောင်အထည် ဖော်တော့မှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly