အမျိုးသမီးတွေ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို ရှာဖွေပါလို့ တိုက်တွန်းသူ အမျိုးသမီး သတ္တိရှင်ဆုရှင် ဒေါ်မေစပယ်ဖြူနဲ့ တွေ့ဆုံခြင်း

အမျိုးသမီးတွေ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို ရှာဖွေပါလို့ တိုက်တွန်းသူ အမျိုးသမီး သတ္တိရှင်ဆုရှင် ဒေါ်မေစပယ်ဖြူနဲ့ တွေ့ဆုံခြင်း

တက္ကသိုလ်ပထမနှစ်မှာ အိမ်ထောင်ကျပြီး သာမန်အိမ်ရှင်မဘဝ၊ မိခင်ဘဝကနေ ၂၀၁၄ ခုနှစ်အတွက် အမျိုးသမီးသတ္တိရှင်ဆု ရွေးချယ်ချီးမြှင့်ခံရတဲ့အထိ တဆင့်ချင်းတက်လှမ်းလာတဲ့ ကချင်အမျိုးသမီး တစ်ဦးကတော့ ဒေါ်မေစပယ်ဖြူ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်နေသလို ကျားမတန်းတူညီမျှရေးကွန်ရက်ရဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဇွဲသတ္တိကို ဒေါ်မေစပယ်ဖြူရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တွေ့ကြရမှာပဲ ဖြစ်ပါတယ်။

အမေး။ ။ မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေပြီးတော့ ပေးအပ်ချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆုကို ရထားတယ်လို့ သိရပါတယ်။ ဒီဆုက ဘယ်လို အမျိုးသမီးတွေကို ရွေးချယ်ပြီးတော့ ချီးမြှင့်တာပါလဲ။ အစ်မကို ဘာကြောင့် ချီးမြှင့်တယ်လို့ ထင်မြင်ပါသလဲ။

အဖြေ။ ။ အဓိကအားဖြင့် ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီးတွေရဲ့ အရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျား-မ တန်းတူညီမျှရေးအတွက် ကိုယ့်မှာ အသက်အန္တရာယ် ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေ ရှိရင်တောင် မဆုတ်မနှစ်ပဲနဲ့ ဒါကိုရပ်တည်ပြောဆိုနေတဲ့ အမျိုးသမီးတွေကို ရွေးချယ်ချီးမြှင့်တယ်လို့ သိထားပါတယ်။ ကျွန်မကို ဘာကြောင့်ရွေးချယ်တာလဲဆိုတော့ ကိုယ်ကသိပ်သတ္တိရှိလို့တော့ ကိုယ့်ကိုယ်ကို မထင်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မ ရပ်တည်ပြောဆိုနေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး အထူးသဖြင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသမီးတွေခေါင်းဆောင်မှု ကဏ္ဍမှာ ပိုမိုပါဝင်ခွင့် ရရှိရေးတွေ အပြင် ကချင်အရေးတွေမှာ ကျွန်မရဲ့ ရပ်တည် ပြောဆိုနေမှုတွေ၊ အခုလက်ရှိ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေရဲ့အခွင့်အရေးကို တိုက်ရိုက်ဖိနှိပ်ခွဲခြားတဲ့ မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ဥပဒေကြမ်းလေးရပ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ကို ခြိမ်းခြောက်မှုတွေ၊ နှောက်ယှက်မှုတွေ ရှိပေမယ့် ရဲရဲဝံ့ဝံ့နဲ့ ရပ်တည်ပြောဆိုနိုင်တဲ့ အတွက်ကြောင့် ကျွန်မကို ရွေးချယ်တယ်လို့ ကျွန်မ ယူဆမိပါတယ်ရှင့်။

အမေး။ ။ ဒီလိုမျိုး အမျိုးသမီးအရေးကိစ္စတွေ လုပ်ဖြစ်သွားရတဲ့ အကြောင်းရင်းကိုလည်း သိပါရစေ။

အဖြေ။ ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အမျိုးသမီးဖြစ်တာအတွက်ကြောင့်ပေါ့။ ကျွန်မက ငယ်ငယ်လေးကတည်းက မတရားမှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန်ဆန့်ကျင်ချင်တဲ့ စိတ်ခံရှိတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိပါတယ်။ တချို့သော စံနှုန်းသတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင်ပေးတာရှိသလို၊ တချို့သော စံနှုန်းသတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေရဲ့ဘဝကို ကန့်သတ်ချုပ်ခြယ်ရာကျတဲ့ စံနှုန်းသတ်မှတ်ချက်တွေလည်း ရှိပါတယ်။ အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့လို အမျိုးသမီးတွေ အများကြီးအတွက် တန်းတူညီမျှမှုရှိရေးနဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့အတွက်ကို ကျွန်မတတ်စွမ်းတဲ့ဘက်ကနေ လုပ်ကိုင်ဖို့အတွက်ပေါ့လေ ကျွန်မဆုံးဖြတ်မိတယ်။ ဒါကြောင့်လည်း ဒီအလုပ်တွေမှာ ပါဝင်နေဖြစ်တာပါ။

အမေး။ ။ အခုလို အလုပ်ကိုင်သေးခင်တုန်းက ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသူဘဝအခြေအနေကိုလည်း မျှဝေပေးပါဦးရှင့်

အဖြေ။ ။ ကျွန်မကို ငယ်ငယ်တုန်းက သိကြတဲ့သူတွေကတော့ မှတ်မိကြမှာပါ။ ကျွန်မဒီကနေ့ ဒီလိုရပ်တည်နိုင်တာကို တော်တော်များများက အံ့သြကြမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မကငယ်ငယ်တုန်းက အင်မတန်မှ အရှက်အကြောက်ကြီးပြီးတော့ ငြိမ်တယ်လို့ပြောရမယ့် လူထဲမှာပါတယ်ပေါ့နော်။ တစ်ခုခုဆိုရင် အတန်းထဲမှာ လက်ထောင်တတ်တဲ့သူ ကိုယ်မဟုတ်ဘူးပေါ့နော်။ အနောက်ကပဲ နေတတ်တယ်။ အဲ့လိုမျိုး လူတွေနဲ့အငြင်းအခုန်လုပ်ရတာ၊ ရန်ဖြစ်ရတာကို ကျွန်မကကြောက်တယ်။ ပြီးတော့ ကျွန်မက ငယ်ငယ်ကတည်းက မိန်းကလေးကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစားနေရတယ်။ နောက်တစ်ခုကတော့ ကျွန်မဆယ်တန်းအောင်ပြီး First Year မှာပဲ အိမ်ထောင်ကျသွားတာပေါ့နော်။

အမေး။ ။ အစ်မက အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်သည်ဘ၀ ဖြစ်သွားရတာပေါ့။ အဲ့ဒီလို အခြေအနေကနေ ဒီလို အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူအဖြစ် ဘယ်လို ရောက်လာပါသလဲ။

အဖြေ။ ။ ကျွန်မ အိမ်ထောင်ကျသွားတော့ ကျွန်မရဲ့ပညာရေးလည်း ဆုံးခန်းမတိုင်ခဲ့ဘူး။  သာမန်အိမ်ထောင်သည် ဇနီးမယားတစ်ယောက်အဖြစ်၊ မိခင်တစ်ယောက်အဖြစ်နဲ့ အကြာကြီးပဲ နေခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ပဲ နယ်စည်းမခြားဆရာဝန်များအဖွဲ့မှာ အလုပ်စလုပ်ဖြစ်တယ်။ သူတို့တွေ ကချင်မှာ စီမံကိန်းအသစ်ဖွင့်တဲ့ အချိန်မှာ ကျွန်မက ဗန်းမော်ကနေ ဝန်ထမ်းအဖြစ်နဲ့ လုပ်တယ်။ အဲ့ဒီမှာ HIV/AIDS ရောဂါတားဆီးကာကွယ်ရေး လုပ်ငန်းတွေအတွက် အသိပညာပေးတဲ့သူအနေနဲ့ ကျွန်မလုပ်ရတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ်ကိုယ်က အလုပ်မလုပ်ခင်တုန်းကတော့ အိမ်ထဲမှာပဲနေဖြစ်တဲ့အခါမှာ ကိုယ်ဘာလဲ၊ ကိုယ်ဘာကိုစိတ်ဝင်စားလဲ၊ ကိုယ့်ရဲ့အားသာချက်က ဘာလဲဆိုတာကို မတွေးတောမိလောက်အောင် ကိုယ့်ကိုယ်ကို ပျောက်ဆုံးခဲ့တာပေါ့နော်။

ဒီလိုကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိမှုဟာ အလုပ်လုပ်လိုက်တဲ့အခါမှ ရလာတယ်ပေါ့။ အဲ့ဒီမှာ အလုပ်လုပ်ခဲ့ရတဲ့ အချိန်ကာလတွေဟာ ဒီကနေ့ မေစံပါယ်ဖြူဆိုတဲ့ ကျွန်မဖြစ်လာဖို့အတွက် အများကြီးပဲ အထောက်အကူဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီမှာ ၇ နှစ်လောက် လုပ်ပြီးတဲ့အခါမှာ UNDP ရဲ့ ဝေးလံမြို့နယ်များ လူမှုဖွံ့ဖြိုးရေးစီမံကိန်းမှာ သုံးနှစ် လုပ်တယ်။ အဲ့ဒီအလုပ်မှာလည်း ဝေးလံမြို့နယ်များဆိုတဲ့အတိုင်း ကျွန်မတို့ စီမံကိန်းနယ်မြေတွေဟာ တိုင်းရင်းသားဒေသတွေ အထူးသဖြင့်တော့ နယ်စပ်နေရာတွေဖြစ်ပါတယ်။ တော်တော်လေးကို ခေါင်ပြီးတော့မှ ဖွံ့ဖြိုးမှု အနည်းဆုံးဒေသတွေမှာချည်းပဲ ကျွန်မသွား အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ အဲ့ဒီမှာ ကျွန်မဟာ အမျိုးသမီးတွေရဲ့ဘဝကို မြှင့်တင်ပေးချင်လာတယ်။ သူတို့အတွက် ရပ်တည်ပြီးတော့မှ အလုပ်လုပ်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံ၊ AIT မှာ Gender နဲ့ပတ်သက်ပြီး နှစ်နှစ်သွားတက်တယ်။ အဲ့ဒါပြီးတော့ အမျိုးသမီးရေးတွေကို ဆက်လုပ်ဖြစ်သွားတာပေါ့။

အမေး။ ။ အခုလက်ရှိမှာ ဘယ်လောက် လုပ်ကိုင်နိုင်ခဲ့ပြီလို့ ထင်ပါသလဲ။

အဖြေ။ ။ ကျွန်မတို့ Gender Equality Network အနေနဲ့ နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ State Holder တွေနဲ့ပူးပေါင်းပြီးတော့ အမျိုးသမီးတွေရဲ့အရေး ကျား-မတန်းတူညီမျှရေးကို နိုင်ငံတော်အဆင့် မူဝါဒတွေ၊ ဥပဒေတွေ ဖြစ်ပေါ်လာအောင် Policy Advocacy တွေကို အဓိကထားပြီးတော့ ကျွန်မတု့ိလုပ်နေပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင်ကိုပဲ ကျွန်မက ဥပမာပြုချင်ပါတယ်။

ကျွန်မတို့အမျိုးသမီးတော်တော်များများဟာ အိမ်ထောင်ကျသွားတဲ့အခါမှာ သားသမီးတွေရသွားတဲ့အခါမှာ ကျွန်မတို့ဘဝဟာ ဒီထက်ပိုပြီးတော့ ဘာမှမဖြစ်နိုင်တော့ဘူးလို့ ထင်နေကြတဲ့ အမျိုးသမီးအများစု ကျွန်မတို့နိုင်ငံမှာ ရှိပါတယ်။ ကိုယ်ဟာ ကိုယ့်မိသားစုတစ်ခုတည်းအတွက် မဟုတ်ဘဲနဲ့ အများအတွက် ကောင်းကျိုးပြုတဲ့၊ တန်ဖိုးရှိတဲ့ အမျိုးသမီးတစ်ဦးအဖြစ်နဲ့လည်း ကိုယ့်ကိုယ်ကိုယ် ပုံဖော်ရပ်တည်လို့ရတယ် ဆိုတာလေးကို အလျဉ်းသင့်သလို တခြားသူတွေကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးဖို့ ကြိုးစားနေပါတယ်။

အမေး။ ။ တိုင်းရင်းသူတွေမှာ အများဆုံးရင်ဆိုင်တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်မယ်ထင်ပါသလဲ။

အဖြေ။ ။ လူနည်းစု တိုင်းရင်းသားဖြစ်တာရော အမျိုးသမီးဖြစ်တာရောဟာ Double ပေါ့နော်။ သူတို့ကို ခွဲခြားဖိနှိပ်ဆက်ဆံခံရမှု ဖြစ်စေတယ်။

အဲ့တော့  ကျွန်မတို့ဟာ တစ်ဖက်မှာ လူနည်းစုတိုင်းရင်းသားတွေ အနေနဲ့ တန်းတူညီမျှမှုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတယ်။ တစ်ဆက်တည်းမှာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့ လေးစားတန်ဖိုးထားဖို့အတွက် ထပ်ဆင့်တိုက်ပွဲ ဝင်နေရပါတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့ဟာ ဒီတိုင်းရင်းသူအမျိုးသမီးတွေဟာ ကျွန်မတို့ကချင်ဒေသ အပါအဝင်ပေါ့နော် အင်မတန်မှရှည်ကြတဲ့ ပြည်တွင်းစစ်ကာလမှာ ကျွန်မတို့တွေက လူဖြစ်လာရတဲ့အခါမှာ အိမ်ထောင့်တာဝန်တင် မကပါဘူး။ ဒီပဋ္ဋိပက္ခတွေကြောင့် ဖြစ်ပွားတဲ့ဆိုးကျိုးတွေ၊ အဲ့ဒီဟာတွေရဲ့ အကျိုးဆက်တွေကိုလည်းပဲ အများကြီးပဲခံစားကြရပါတယ်။

အမေး။ ။ အစ်မရဲ့မိသားစုအကြောင်းလေးလည်း ပြောပြပေးပါဦးရှင့်။

အဖြေ။  ။ ကျွန်မမှာကလေး သုံးယာက်ရှိပါတယ်။ သမီးနှစ်ယောက်နဲ့ သားတစ်ယောက်ပေါ့။ ကျွန်မသမီးအကြီးက အခု တက္ကသိုလ ်ဒုတိယနှစ် ရောက်ပါပြီ။ သမီးအငယ်က ဆယ်တန်းဖြေထားပါတယ်။ သားအငယ်ဆုံးကတော့ ငါးတန်းဖြေထားတယ်ပေါ့နော်။

အမေး။ ။ အရင်တုန်းက မေစပယ်ဖြူနဲ့ အခု မေစပယ်ဖြူ အကြားမှာ ဘာတွေ ကွာခြားသွားပြီလို့ ထင်ပါသလဲ။

အဖြေ။ ။ ကျွန်မအမျိုးသားက မကြာခဏပြောလေ့ ရှိပါတယ်။ သူစတွေ့ခဲ့၊ လက်ထပ်ခဲ့တဲ့ အမျိုးသမီးဟာ အခုကျွန်မ မဟုတ်တော့ဘူလို့ပဲတဲ့။ သူဟာအခု အမျိုးသမီးအသစ်တစ်ယောက်နဲ့ လက်ထပ်ပြီး နေနေရသလို ခံစားရပါတယ်လို့ ခဏခဏပြောပါတယ်။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကို ဘာမှသိပ်ပြီး အထူးကြီးပြောင်းလဲသွားတယ်လို့ မခံစားရပါဘူး။ ဒါပေမယ့် အရင်ကတော့ Small Skills ပေါ့နော်။ ကိုယ့်ရဲ့မိသားစုထဲမှာ ကိုယ့်ပတ်ဝန်းကျင်လောက်မှာပဲ ဖြစ်ကောင်းဖြစ်ခဲ့မှာပေါ့။ အခုကတော့ ကိုယ်ကဒီလိုကြီးမားတဲ့ ကွန်ရက်တစ်ခုမှာ ဦးဆောင်ပါဝင်သူ တစ်ယောက်အနေနဲ့ အထူးသဖြင့်တော့ နိုင်ငံတော်အစိုးရတို့ ဝန်ကြီးဌာနတို့နဲ့ ပူးေပေါင်းပြီးတော့ ဒီမူဝါဒတွေဖြစ်လာဖို့ ဥပဒေတွေဖြစ်လာဖို့အတွက် အလုပ်လုပ်ရတဲ့အခါမှာတော့ Large Skills ဖြစ်လာပြီလေ။ တခြားလူတွေကတော့ အရင်ကထက်စာရင် ပိုပြီးတော့ ပြောရဲဆိုရဲ ရှိလာတယ်။ ခေါင်းမာတယ်ဆိုပြီးတော့ Comments ပေးကြပါတယ်။

အမေး။ ။ ဟုတ်ကဲ့ပါအစ်မ။ အမျိုးသမီးစာဖတ်ပရိသတ်ကို ဘာများပြောချင်ပါသလဲရှင့်။

အဖြေ။ ။ အမျိုးသမီး တစ်ယောက်ဖြစ်ရတဲ့အတွက်ကြောင့် ကျွန်မတို့မှာ ဘယ်တုန်းကမှ သူများထက်နိမ့်ကျပြီးတော့ သူများထက် စွမ်းဆောင်နိုင်ရည် မရှိဘူးဆိုတဲ့ ခံယူချက်ကို ဘယ်အမျိုးသမီးကိုမှ ကျွန်မ မမွေးစေချင်ပါဘူး။ အဲ့တော့ အိမ်ထောင်ပြုပြီးသော်လည်း ကလေးတွေရပြီးသော်လည်း ကျောင်းဆက်တက်ချင်ရင် တက်နိုင်တဲ့အမျိုးသမီး ဖြစ်နိုင်ပါတယ်။ နိုင်ငံ့အရေးကို ဆောင်ရွက်ချင်ရင်လည်း ဆောင်ရွက်လို့ရတဲ့ အမျိုးသမီးဖြစ်နိုင်ပါတယ်ဆိုတာ ကျွန်မရဲ့ဘဝ၊ ကျွန်မရဲ့ အဖြစ်အပျက်က ထင်ရှားတဲ့သက်သေ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အဲ့တော့ အမျိုးသမီးတွေမှာ ကိုယ်တိုင်မသိနိုင်တဲ့ စွမ်းဆောင်နိုင်ရည်တွေ အများကြီးပဲရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိအောင် ရှာဖွေပါ။ ကိုယ့်မှာရှိနေတဲ့ အရည်အချင်းတွေကို ကိုယ့်ဘာသာကိုယ် သိအောင်လုပ်ပြီးတော့မှ ဖော်ထုတ်ကြိုးစားကြပါလို့ ကျွန်မက တိုက်တွန်း အားပေးချင်ပါတယ်ရှင့်။

ခိုင်မွန်ချို တွေ့ဆုံမေးမြန်းသည်။

(ယခုဖော်ပြပါ အင်တာဗျူး ဆောင်းပါးကို မဇ္ဈိမက ရိုက်ကူးပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် အပတ်စဉ် တနင်္ဂနွေနေ့၊ ည ၇ နာရီခွဲ၌ ထုတ်လွှင့်နေသည့် မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများ ရုပ်သံအစီအစဉ်မှ ကောက်နှုတ် တင်ပြထားခြင်း ဖြစ်ပါသည်။ ဒေါ်မေစပယ်ဖြူကိုလည်း ၂၀၁၄ ခုနှစ်၏ ထူးချွန်ထက်မြက်သော မြန်မာအမျိုးသမီး တစ်ဦးအဖြစ် ရွေးချယ်ဂုဏ်ပြုခဲ့ပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly