ကိုးကန့်တွင် ကျဆုံးခဲ့သည့် ဗိုလ်မှူး အောင်ကျော်မြင့်၏ မိခင်နှင့် တွေ့ဆုံခြင်း

ကိုးကန့်တွင် ကျဆုံးခဲ့သည့် ဗိုလ်မှူး အောင်ကျော်မြင့်၏ မိခင်နှင့် တွေ့ဆုံခြင်း
ကျဆုံးခဲ့သည့် ဗိုလ်မှူး အောင်ကျော်မြင့်၏ မိခင် ဒေါ်သန်းသန်းထွန်း (ဓာတ်ပုံ - မဇ္စျိမ)

ရန်ကုန် (မဇ္ဈိမ) ။ ။ ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလကုန်အထိ အစိုးရ တပ်မတော်နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှ အရာရှိ၊ တပ်သားများ အသေအပျောက် များခဲ့သလို ကိုးကန့်ဒေသမှ ပြည်သူများလည်း စစ်ပြေး ဒုက္ခသည် ဖြစ်ခဲ့ရသည်။ 

ယင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် တပ်မတော်သားများထဲတွင် ဗိုလ်မှူး အောင်ကျော်မြင့်လည်း အပါအဝင် ဖြစ်သည်။

ဗိုလ်မှူးအောင်ကျော်မြင့်သည် တိုက်ပွဲမကျမီက ဗိုလ်ကြီး အောင်ကျော်မြင့် အဖြစ်မှ တိုက်ပွဲကျချိန်မှာ ရာထူးတိုးပေးလိုက်ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၉ ရက်က ကျဆုံးခဲ့သည့် ဗိုလ်မှူး အောင်ကျော်မြင့်၏ မိခင် ဒေါ်သန်းသန်းထွန်းကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့ ဖော့ကန်ရပ်ကွက် နေအိမ်သို့ မဇ္ဈိမက သွားရောက်မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။ ။ အန်တီသားနဲ့ နောက်ဆုံး ဘယ်အချိန်က အဆက်အသွယ် ရခဲ့တာလဲ။ သူ ကျသွားတာကို ဘယ်တုန်းက သိတာလဲ။

ဖြေ။ ။ ၉ ရက် နှစ်လပိုင်း သူ့မွေးနေ့ မွေးလမှာ။ အဲဒီ့မနက်ပိုင်းက မအေနဲ့တောင် ဖုန်းပြောသေးတယ်။ သုံးနာရီလောက် ဘိုကုန်းက မြေကွက်ကို လိုက်ဝယ်ပေးမယ်ဆိုပြီးတော့ ချိန်းထားတာ၊ သုံးနာရီကျော်လောက် ဖုန်းဆက်လိုက်မယ်လို့ ပြောသွားတယ်။ ဒါနဲ့ သုံးနာရီကျော်တော့ ဖုန်းဆက်ပြီးတော့ အမေ သား စစ်ဆင်ရေး စောင့်နေတာလို့ပဲ ပြောသွားတယ်။ နောက်ပြီး ဘာမှ စိတ်မပူပါနဲ့တဲ့ သားလက်မှာလည်း ဆေး အရုပ်တွေလည်း ထိုးထားတယ်လို့ ပြောသွားတယ်။ နောက်ကျတော့ ဖုန်းပိတ်ထားတယ်။ အဲဒီမှာတင် ဘာမှ မသိရတော့တာ သေသွားတဲ့အထိပဲ။ အဲဒါနဲ့ သူ့ သူငယ်ချင်းကိုလည်း ဖုန်းဆက်တော့ သူလည်း ဖုန်းပိတ်ထားတယ်။ ဘယ်ဟုတ်မလဲ သူတို့က ဟိုမှာ တိုက်ပွဲဖြစ်နေတာ။ သူ့ သူငယ်ချင်းကလည်း ကျနေပြီ။

နောက်ပိုင်းမှ ဖုန်းက လာတယ် တိုက်ပွဲမှာ ကျတယ်ဆိုတာ။ ယုံတောင် မယုံဘူး၊ သုံးနာရီလောက်ကပဲ ဖုန်းပြောပြီး ချိန်းထားခဲ့တာ ဆိုတော့။ သုံးနာရီလောက်က ဖြစ်တာ ၆နာရီမှာ ကျတယ်လို့ ပြောတယ်။ ခမရ ၉၀ ကို သွားစုံစမ်းတော့ ၁၀ ရက်နေ့က ကျတယ်လို့ ပြောတယ်။ ဒါပေမယ့် အမှန်က ၉ ရက်နေ့က ကျတာ။ နောက်တော့ သူ့ သူငယ်ချင်းတွေအားလုံးက နာရေးအတွက် အားလုံး အပြီးအစီး လာဝိုင်းလုပ်သွားတယ်။

မေး။ ။ ဗိုလ်မှူး အလောင်းကို မြင်လိုက်ရသေးလား။ ကျသွားပြီဆိုတာ သိလိုက်ရတော့ အန်တီ ဘယ်လိုဖြစ်သွားလဲ။

ဖြေ။ ။ သားသေပြီ ဆိုတာကို သိလိုက်ရတော့ စိတ်ထဲမှာ တုန်လှုပ်ချောက်ချားသွားတယ်၊ ဘယ်လို ဖြစ်သွားမှန်းကို မသိလိုက်ဘူး။ ကိုယ့်လုပ်ကျွေးနေတဲ့ သားလေး ဒီလိုဖြစ်သွားတယ်ဆိုတာ စိတ်ထဲမှာ တစ်မျိုးကြီးပဲ ခံစားနေရတယ်။ ပေါက်ကွဲသွားတာပေါ့။ တစ်ခါမှ မတွေ့ဖူး၊ မကြုံဖူးတဲ့ ခံစားချက်မျိုးကြီး ခံစားလိုက်ရတယ်။ ဒီသားလေးကပဲ ကိုယ့်ကို ကျွေးနေတာ မရှိတော့တဲ့အခါ ဝမ်းနည်းပြီး ပေါက်ကွဲသွားတယ်။ ဝမ်းနည်းပက်လက် ဖြစ်သွားတာပဲ။ မကျေမချမ်း ဝမ်းနည်း ယူကျုံးမရ တော်တော်ခံစားရတယ်။ သူ့ဆီကိုပဲ သွားချင်တယ်စိတ်က။ အဲဒီမှာ မသွားပါနဲ့ တောထဲမှာပဲ ချက်ချင်းပဲ မြုပ်လိုက်ပါတယ်။ မိဘတွေ လိုက်လို့ မရသေးဘူးဆိုတော့ ကိုယ်လည်း ဖြေသိမ့်ပြီးတော့ နေလိုက်ပါတယ်။

နောက်ပြီးတော့ တပ်ကလည်း သူ့အစီအစဉ်နဲ့ ကားနဲ့ ခေါ်ပြီး ဂူကို လိုက်ပြတယ်။ အရိုးအိုး ဆိုပြီးတော့ ပြတယ်။ သူရဲ့ အဝတ်အစား။ အသုံးအဆောင်တွေ လာပြီးပေးတယ် ဆိုတော့ တကယ်ဖြစ်ပြီလို့ပဲ ထင်တာပေါ့။ အမျိုးမျိုးလည်း ပြောကြတယ်။ သူ့ သူငယ်ချင်း ထိတဲ့အချိန်မှာ သူသွားကူတော့ ဘေးက ဝိုက်ပြီး ခေါင်းရယ်၊ ခြေထောက်ရယ် အဲဒီအချိန်မှာ ထိပြီး သူ ပထမဆုံး ကျသွားတယ်လို့လည်း ပြောတယ်။

သူ ကျသွားတယ်ဆိုတော့ တစ်မျိုးမျိုးတော့ စိတ်ထဲမှာ ဖြစ်ပေမယ့် ကိုယ်လည်း မမြင် မတွေ့ခဲ့ရဘူးလေ။ အဲဒီတော့ မယုံတစ်ဝက် ယုံတစ်ဝက်တော့ ဖြစ်မိပါတယ်။ အခုတော့ သူ့အတွက် နောင်ဘ၀ ကျရင် မိဘ ညီအစ်ကို မောင်နှမတွေ နဲ့ စောစောသေကွဲ မကွဲဘဲ မိသားစုလေး စည်းစည်းလုံးလုံး နေရဖို့ အသက် ရှည်ရှည် နေနိုင်ပါစေလို့ ဆုတောင်းပေးနေတယ်။ ကိုယ်တိုင်လည်း နောက်ဘဝကျရင် ဒီလို အဖြစ်မျိုး မကြုံတွေ့ ရပါစေနဲ့လို့ ဆုတောင်းတယ်။ အတူတူ သားနဲ့ အမေနဲ့ နေရတဲ့ ဘဝပဲ ရောက်ပါစေလို့ အမေတစ်ကွဲ သားတစ်ကွဲ နေရတာ ငယ်ငယ်ရွယ်ရွယ်နဲ့ မခွဲရဘဲ ဝဋ်ကြွေးရှိလည်း ကျေပါစေလို့ ဆုတောင်းလိုက်တယ်လေ။ နေ့စဉ် သူ့အတွက် ကောင်းမှုတွေ လုပ်ပေးတယ်။ တနင်္ဂနွေဆိုရင် ဘုရားပန်းတွေ လဲပေးတာတို့ တွေလည်း လုပ်ပေးနေတယ်။

မေး။ ။ သားက တစ်ဦးတည်းသော သားလား။ ညီအစ်ကို မောင်နှမတွေရော ရှိလား။

ဖြေ။ ။ သားက နှစ်ယောက်ရှိတာ။ တစ်ယောက်ကလည်း ၂၀၀၅ ခုနှစ် ဗုံးကွဲတုန်းက ၈ မိုင်မှာ ဆုံးသွားတယ်။ အခု သားလည်း တိုက်ပွဲမှာ ဆုံးတယ် အရင်တုန်းကတည်းက တိုက်ပွဲ၊ ရှေ့တန်းထွက်မယ်ဆိုရင် စိတ်တွေ အမြဲပူရတယ်။ အဲဒီတော့ ဆုတောင်းပေးတာတွေ အမြဲလုပ်ပေးရတယ်။ အဲဒီတုန်းကလည်း အားလုံး အဆင်ပြေပါတယ်လို့ ပြောခဲ့တယ်။ အခုလို ဖြစ်မယ်လို့လည်း အဲတုန်းက မထင်ခဲ့ဘူးလေ။ စနေ၊ တနင်္ဂနွေ ဆိုရင် အမေနဲ့ သားနဲ့ ဖုန်း အမြဲပြောတယ်။ အဲဒီနေ့ဆိုရင် အမြဲတမ်းကို သတိရနေတယ်။

ဒီနေ့တွေဆိုရင် သားလေးနဲ့ အမြဲတမ်း ဆက်နေကျဆိုပြီး တွေးပြီး စိတ်မကောင်းဖြစ်တယ်။ သူ့ဖုန်းလေး အသံလေးမျိုး ကြားရင်ကို စိတ်ထဲမှာ တစ်မျိုး ဖြစ်တယ်။ အဲဒီနေ့ကပဲ နောက်ဆုံးပြောဖြစ်တဲ့ နေ့ဖြစ်တာပေါ့။ အမေကျန်းမာရေး ဂရုစိုက်ပါတဲ့။ သူ့အဖေကိုလည်း အမေ့ကို ဂရုစိုက်ပါတဲ့။ သားက အစစ အရာရာ အဆင်ပြေပါတယ်တဲ့။ သားက ဘာမှ ပူစရာမရှိပါဘူးတဲ့။ အမေ ဘာပဲဖြစ်ဖြစ် သားကို ဖုန်းဆက်ပါတဲ့။ သားတစ်ယောက်တည်း ရှိတယ်တဲ့။

အဖွားဆုံးတော့လည်း အားမငယ်ပါနဲ့တဲ့။ ဖုန်းဆက်တုန်းကလည်း သူ ၂၀၁၅ ခုနှစ် အတွင်းမှာ ပြန်လာမယ်တဲ့။ သူ ပြန်လာပြီးရင် နားနားနေနေ နေပြီး ဒီနှစ်ကို မိန်းမယူမယ်တဲ့ သူ့ရည်းစားလည်း ရှိတယ်လေ။ ကောင်မလေးနဲ့လည်း တွေ့ပြီးသွားပြီး ယူမယ်တဲ့ ပြောတယ်။

သူက အမြဲတမ်း အေးအေးဆေးဆေးပဲ ပြောတယ်။ သူ အမြဲတမ်း အဆင်ပြေတယ်ပဲ ပြောတယ်။ ဒါပေမယ့် အန်တီကတော့ စိတ်ပူတာပေါ့။ သားအကြီးနဲ့ အငယ်မှာ အငယ်ဆုံးဆိုတော့ ပိုပြီး ခံစားရတယ်။ အငယ်က ပိုပြီးတော့ မိဘ သိတယ်လေ။ လိမ္မာတယ် သိတတ်တယ်။ မိဘကို စိတ်ဆင်းရဲအောင် မလုပ်ဘူး။ တစ်ခါ ပြောတာနဲ့ တစ်ခါပဲ နားထောင်တယ်။ မိဘ မကြိုက်တာလည်း မလုပ်ဘူး။ အခုက ကောင်းမွန်တဲ့ ရတနာလေးတစ်ပါး ရတာကို ဆုံးရှုံးရတာ အရမ်းကို နစ်နာပါတယ်။ ဒါပေမယ့် သူ့အတွက် ဂုဏ်လည်း ယူတယ်။ နှမြောတသလည်း ဖြစ်တယ်။ အခုလို သားကောင်းတွေ အများကြီး မွေးထုတ်နိုင်ကြပါစေ လို့ ဆုတောင်းပါတယ်။ မိဘတွေအားလုံး ကျွန်မလိုသားတွေ ရပါစေ။ ကိုယ့် သားသမီးလေးတွေလို ဒုက္ခတွေ မခံစားရဘဲ ထူးထူးချွန်ချွန် လိမ်လိမ်မာမာနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ တိုင်းပြည်တာဝန်တွေကိုလည်း ထမ်းဆောင်နိုင်တဲ့ သားသမီးလေးတွေ ရရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly