ပူးမင်းန် ဆောက်လုပ်ရေး ငြမ်းပြိုကျရာ၌ ပိတ်မိသူ ကယ်တင်နိုင်တော့မည်

ပူးမင်းန် ဆောက်လုပ်ရေး ငြမ်းပြိုကျရာ၌ ပိတ်မိသူ ကယ်တင်နိုင်တော့မည်
ပိတ်မိသူတစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်လာစဉ်။ (ဓာတ်ပုံ - ဘိုဘို)

၂၀၁၅ ဇွန်လ ၂၀ ရက် မွန်းလွဲ ၂ နာရီကျော်က ဖြစ်ပွားခဲ့သည့် မင်္ဂလာမန္တလေးဆောက်လုပ်ရေး စီမံကိန်းမှ  Pullman Hotel ဉာဏ်မိသားစု ဆောက်လုပ်ရေး လုပ်ငန်းခွင် သံငြမ်းစင် ပြိုကျမှု ဖြစ်စဉ်တွင် လုပ်သား ၁၈ ဦး ဒဏ်ရာရပြီး နှစ်ဦးပိနေရာ ကွန်ကရစ်လောင်းမိလျက်သားဖြစ်ကြ၍ တစ်ဦးမှာ သေဆုံးသွား ခဲ့ပြီ ဖြစ်သည်။

ကျန်ရှိသူ ချမ်းမြေ့အောင် အသက် ၂၀ နှစ်မှာ ခါးအောက်ပိုင်း ကွန်ကရစ် လောင်းမိထားပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို သံငြမ်းစင်များ ပိနေကာ ခေါင်းကလေးသာ ပေါ်နေရာမှ ၂၁ ရက် မနက် ၁၁ နာရီခွဲအချိန်တွင် ပေါင်တစ်ချောင်းသာ ကျန်တော့ကြောင်း၊ ကောင်းမွန်စွာ စကားပြောနိုင်ကြောင်းနှင့် ညနေပိုင်းတွင် လုံးဝ ကယ်ဆယ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

၎င်းကို ဇွန် ၂၀ ရက် ညနေ ၅ နာရီကတည်းက ကယ်ဆယ်ရေးအဖွဲ့ အင်အား ၅၀၀ ခန့်က အဆိုင်း ခုနစ်ဆိုင်း ခွဲကာ ကယ်ဆယ်နေခြင်းဖြစ်ပြီး တစ်ဦးသာ အသေအပျောက်ရှိသေးသည်ဟု ဆိုသည်။ ဉာဏ်ဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးဉာဏ်လင်းအောင်ကို အခင်းဖြစ်သည့်ညတွင်ပင် ရဲစခန်းက  ဖမ်းဆီးသွားပြီဖြစ်ကြောင်း ဆိုသည်။

အခင်းဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly