လေဖိအားနည်း ရပ်ဝန်း ၁၂ နာရီ အတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး အိန္ဒိယသို့ ၀င်ရောက်နိုင်

လေဖိအားနည်း ရပ်ဝန်း ၁၂ နာရီ အတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး အိန္ဒိယသို့ ၀င်ရောက်နိုင်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားရပ်ဝန်းသည်  အားကောင်းလျက်ရှိပြီး ၁၂ နာရီ အတွင်း မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိကာ အိန္ဒိယနိုင်ငံသို့ ဝင်ရောက် နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဇွန် ၂၀ ရက် နေ့လည်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းကာ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ တနင်္သာရီတိုင်းကမ်းရိုးတန်းဒေသများတွင် လေတိုက်ခြင်း၊ လှိုင်းကြီးခြင်းများ ဖြစ်ပေါ်မည်ဖြစ်သည်။

“ အခုမုန်တိုင်းအခြေအနေက လေဖိအားရပ်ဝန်းက အခုအားကောင်းနေပါတယ်။ ဒါကြောင့် မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိသွားမယ်။ ဖြစ်ပေါ်လာတဲ့ မုန်တိုင်းငယ်က မြန်မာနိုင်ငံမှာမဟုတ်ဘဲ အိန္ဒိယနိုင်ငံကို ရောက်သွားမှာဖြစ်ပါတယ်။ မုန်တိုင်းငယ်အဆင့်ရဲ့အရှိန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးတာတွေ၊ လေတိုက်နှုန်းမြင့်မားလာတာတွေဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

သို့ဖြစ်၍  ရခိုင်ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ တနင်္သာရီတိုင်းကမ်းရိုးတန်းဒေသများတွင် နေထိုင်လျက်ရှိသည့် လှေလုပ်သားများအနေဖြင့် လှေလုပ်ငန်းများကိုခေတ္တရပ်ဆိုင်း သင့်ကြောင်းနှင့် လုပ်ဆောင်လျက်ရှိပါက သတိထား လုပ်ကိုင်ရမည်ဖြစ်ကြောင်းဦးလှထွန်းကပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ငါးဦးစီးဌာနမှ ဒုဦးစီးမှူးဦးစံအောင်ကျော်က “ကျွန်တော်တို့တွေ ကမ်းရိုးတန်း တောက်လျှောက်မှာ လုပ်ကိုင်နေတဲ့ လှေလုပ်သားတွေကို နီးစပ်ရာကနေတစ်ဆင့် သတိပေးထားပါတယ်။ လှေလုပ်ငန်းတွေကိုလည်း ခေတ္တခဏရပ်ဆိုင်းထားဖို့ပါ။ အခုကျွန်တော်တို့နေရာက ရာသီဥတုအခြေအနေက ပင်လယ်ဘက်ဖြစ်လို့ လေတိုက်တာမှန်ပေမယ့် သာမန်ထက် လေတိုက်နှုန်းတွေ ပိုမြင့်လာတာကို တွေ့နေရတယ်” ဟု ၎င်းကပြော သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး(ငြိမ်း) ဦးချစ်ကျော်က ၎င်း၏လူမှုကွန် ယက်စာမျက်နှာတွင် လေဖိအားရပ်ဝန်းလေသည် အိန္ဒိယကမ်းခြေဘက်ကို ဦးတည်လျက်ရှိပြီး အားကောင်းသည်နှင့်အမျှ အိန္ဒိယကမ်း ခြေကိုဖြတ်တက် သွားရန်ရှိသည်။ ကမ်းရိုးတန်းဒေသများတွင် မိုးပိုမိုရွာသွန်းလျက်ရှိပြီး လှိုင်းထန်လာမည်ဖြစ်သည့်အတွက် ငါးဖမ်းလှေသဘောၤများ အနေဖြင့် ဂရုစိုက်သင့် ကြောင်း ရေးသားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags