အိမ်ခြေမဲ့ ဒုက္ခသည် ၃,၀၀၀ ကျော်က မင်္ဂလာဒုံရှိ ဂုံညင်းနီ စားကျက်မြေတွင် နေခွင့်ရရေး သမ္မတထံ စာတင်ထား

အိမ်ခြေမဲ့ ဒုက္ခသည် ၃,၀၀၀ ကျော်က မင်္ဂလာဒုံရှိ ဂုံညင်းနီ စားကျက်မြေတွင် နေခွင့်ရရေး သမ္မတထံ စာတင်ထား

ရန်ကုန် (မဇ္ဈိမ)။ ။ အိမ်ခြေရာမဲ့ ဒုက္ခသည် ၃,၀၀၀ ကျော်သည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ဂုံညင်းနီ စားကျက်မြေပေါ်တွင် နေထိုင်ခွင့်ရရှိရန် သမ္မတထံ ဇွန် ၁၁ ရက်က အသနားခံစာ တင်ထားသည်ဟု ယင်း အိမ်ခြေမဲ့များအား ကူညီနေသည့် နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ စောအောင်ထင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ အခု နိုင်ငံတော် သမ္မတထံ အသနားခံစာ တင်ထားပါတယ်။ စားကျက်မြေပေါ်မှာရှိတဲ့ အိမ်ထောင်စု ၅၇၉၊ လူဦးရေ ၃,၀၀၀ ခန့်ဆီက လက်မှတ်ထိုးပြီး အသနားခံစာ တင်ထားပါတယ်။ အခုထိတော့ အကြောင်း တစ်စုံတစ်ရာ မကျသေးပါဘူး။ ဒီနေရာက နှစ်ပေါင်းများစွာ ဘယ်သူမှ အသုံးမပြုတဲ့ နေရာလည်း ဖြစ်ပါတယ်။ အခု အိမ်ပိုင်မြေပိုင် မရှိတဲ့သူအတွက် ဒီနေရာမှာ မဟုတ်ရင်တောင်မှ တခြားနေရာမှာပဲ ဖြစ်ဖြစ်ပါ” ဟု ၎င်းက ပြောသည်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ဂုံညင်းနီ စားကျက်မြေတွင် ဇွန် ၁ ရက်၌ ယာယီတဲထိုးကာ စတင်ဝင်ရောက်
နေထိုင်သည့် ကျူးကျော်အိမ်ထောင်စု ၆၀၀ ခန့်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ အပါအဝင် လူအချို့အား အိမ်များကို စက်ယန္တရားများဖြင့် ဖျက်ဆီးစေခဲ့ခြင်း ဖြစ်သည်ဟု ကျူးကျော်နေထိုင်သူ မသင်းသင်းက ပြောသည်။

“ကျွန်မတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ မွေးမြူရေး ရေလုပ်ငန်းက ဝန်ထမ်းတွေနဲ့ ကြေးစား ငှားရမ်းထားတဲ့ လူတွေနဲ့ ကျွန်မတို့ကို အကြမ်းဖက် ဝင်ရောက် ဖျက်ဆီးပါတယ်။ နောက်ပြီး သူတို့လူတွေက တုတ်တွေ၊ ဓားတွေနဲ့ ကျွန်မတို့ကို ရိုက်ပါတယ်။ ကျွန်မတို့က ဘာမှ ပြန်မလုပ်ပါဘူး။ ကျွန်မတို့က သမ္မတကြီးဆီကို စာတင်ထားပါတယ်။ အထက်က မနေနဲ့ဆိုရင် မနေပါဘူး။ သူတို့ ပြောတဲ့ အထိတော့ နေပါရစေဆိုတာကို သူတို့တွေက ပေးမနေပါဘူး” ဟု ၎င်းက ပြောသည်။

ထောက်ကြံ့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့က ရဲတွေဆိုတော့ လုံခြုံရေးအနေနဲ့ ပါဝင်ခဲ့တာပါ” ဟု မဇ္ဈိမကို ပြောသည်။

ထိုကျူးကျော်နေထိုင်သူများကို ဇွန် ၅ ရက်တွင် နောက်ဆုံးထား ဖယ်ရှားရန် ဇွန် ၃ ရက်က သတိပေးစာ ပို့ထားခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly