အစိုးရ နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်သည့် နမ်ဂျန်ခခူးမှ ဒုက္ခသည် ၁၀၀ကို ဖားကန့်ဘာသာရေးခေါင်းဆောင်များ သွားခေါ်နေ

အစိုးရ နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်သည့် နမ်ဂျန်ခခူးမှ ဒုက္ခသည် ၁၀၀ကို ဖားကန့်ဘာသာရေးခေါင်းဆောင်များ သွားခေါ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားရှိ ဒုက္ခသည်စခန်းတစ်ခုမှ စစ်ပြေးဒုက္ခသည် သားအမိကို တွေ့ရစဉ်။ (ဓာတ်ပုံ- အီးပီအေ)

ချင်းမိုင်၊ ဇွန် ၁၉ ။       ။ အစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သော နမ်ဂျန်ခခူးဒေသ အတွင်းမှ စစ်ပြေးဒုက္ခသည် ၁၀၀ ကျော်အား ဖားကန့်မြို့ပေါ်ရှိ ဘာသာရေးခေါင်းဆောင်များက သွားရောက် ခေါ်ယူနေသည်ဟု ဖားကန့်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဘောင်တူးဂျာက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၁၅ ရက်မှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နန့်ယားနှစ်ခြင်းဘုရားကျောင်းတွင် ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေးဒုက္ခသည် ၇၀ ကျော်အား ကားဖြင့် ခေါ်ယူခဲ့သလို၊ ဒုက္ခသည် ၃၀ ကျော်ကိုလည်း လှေဖြင့် သွားရောက်ခေါ်ယူခဲ့သည်ဟု ဆရာ ဘောင်တူးဂျာက ပြောသည်။

“ဒီနေ့ တိုက်ပွဲဖြစ်မဖြစ်တော့ မကြားဘူး။ နမ့်ယားဘုရားကျောင်းမှာ ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျနော်တို့ အခု ဖားကန့် နှစ်ခြင်း အသင်းတော်ကနေ ကား ၁၆စီး နဲ့ သွားခေါ်တာ အခု ဖားကန့်ကို တက်လာပြီ။ အားလုံး ၇၀ ကျော်တယ်။ ပြီးတော့ နမ်ဂျန်ခခူးဘက်မှာ ရှိနေတဲ့ ဒုက္ခသည် ၃၀ ကျော်ကိုလည်း လှေနဲ့သွားခေါ်တယ်။ အားလုံးပေါင်း ၁၀၀ ကျော်ရှိတယ်။”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒုက္ခသည် ၇၀ ကျော်ကို ဖားကန့်မြို့မှ နှစ်ခြင်းအသင်းတော်က ကား စီး ၁၆ စီးဖြင့် သွားရောက် ခေါ်ယူနေရာ ဇွန် ၁၉ရက် ညနေ ၇ နာရီထိ နန့်ယားနှင့် ဖားကန့်ကားလမ်း နမ်ဂျိမ်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

၎င်းစစ်ပြေးဒုက္ခသည်များသည် KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ရှိရာ နမ်ဂျန်ခခူးဘက်သို့ အစိုးရ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် နန့်ယားနှင့် ကပ်မှော်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ခြင်း ဖြစ်သည်ဟု ဆရာ ဘောင်တူးဂျာပြောဆိုသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ဖားကန့် ကချင်နှစ်ခြင်းအသင်းတော်နှင့် လူမှုအဖွဲ့အစည်းများမှ ရရှိသော အကူအညီ များဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ဖားကန့်မြို့ပေါ်တွင် KIA နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ပြေး ဒုက္ခသည် ၃၀၀၀ ကျော်ရှိနေဆဲ ဖြစ်ရာမှ ယခု ၁၀၀ ကျော် ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။

ဇွန်လ ၁၅ ရက်မှ ၁၇ ရက်ထိ KIA နှင့် အစိုးရတို့အကြား  တိုက်ပွဲ ဖြစ်ပွားခဲ့ရာ KIA ၏ တပ်ရင်း ၆ ၏ ရှေ့တန်းစခန်းတစ်ခုကို အစိုးရစစ်တပ်များ သိမ်းပိုက်ခဲ့သည်။ ယနေ့ တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားဖြစ်ပွားမှု ရှိမရှိကို မသိရသေးပေ။

ဇွန်လ ၁၇ ရက်ကပိုင်းတွင် ဖားကန့် ဥရုချောင်းတံတားထိပ်နှင့် ကပ်မှော်ကျေးရွာတွင် အစိုးရ စစ်တပ်၏ လုံခြုံရေးကင်းအတွင်း လက်ပစ်ဗုံး ပေါက်ကွဲခဲ့သဖြင့် အစိုးရ ဘက်မှ အရာရှိ နှစ်ဦးနှင့် ရဲဘော်တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly